နေရပ်ပြန် ကချင်ဒုက္ခသည်တွေ ကိုယ်ထူကိုယ်ထ မိုင်းရှင်းနေရ

မိုင်းခေါင် စစ်ဘေးဒုက္ခသည်စခန်းကနေ နေရပ်ပြန်ကြတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ ကိုယ်ထူကိုယ်ထ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်စစ်ဘေးဒုက္ခသည်စခန်းမှ နေရပ်ပြန်လာခဲ့ကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်စစ်ဘေးဒုက္ခသည်စခန်းကနေ လိုင်ကာ-ဇွပ်ဂျာရွာနဲ့ ချောင်းထောက်ရွာကို ပြန်သွားတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အန္တရာယ်များတဲ့ မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေကို သက်ဆိုင်ရာအဖွဲ့တွေက ကျွမ်းကျင်သူတွေရဲ့အကူအညီမရဘဲ ကိုယ်ထူကိုယ်ထ ရှင်းနေရတယ်လို့ သတင်းရရှိပါတယ်။

အိမ်ထောင်စု ၁၇၀ ကျော်၊ လူဦးရေအနေနဲ့ဆို အယောက် ၇၀၀ ကျော်က မေလ ၂၀ ရက်နေ့က နေရပ်ပြန်သွားကြတာပါ။

လိုင်ကာ-ဇွပ်ဂျာရွာမှာ ဒီနေ့အချိန်အထိ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ငါးလုံး၊ လက်နက်ငယ် ငါးလုံးနဲ့ တခြား စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ကိုယ်ဘာသာကိုယ် ရှင်းခဲ့တယ်လို့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။

"တွေ့ရင်တော့ တစ်ယောက်ယောက်အကြောင်းကြားပြီး ကျွန်တော်တို့ကိုခေါ်တယ်။ ပြီးရင် ဖြစ်နိုင်သလောက် အသိပညာပေးတယ်။ မေးမြန်းပြီးတော့ ကောက်ပစ်တာမျိုး၊ ကောက်သိမ်းထားတာမျိုး ရှိတယ်။ ကောက်သိမ်းတာက လက်နက်ကြီး လေး၊ ငါးခုလောက် ရှိတယ်။ လက်နက်ငယ်လည်း လေးငါးလုံးလည်း တွေ့ခဲ့တယ်"

လိုင်ကာ-ဇွပ်ဂျာရွာမှာ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာ ဖြစ်ပါတယ်။

လိုင်ကာရွာလိုပဲ ကိုယ်ထူကိုယ်ထ မိုင်းရှင်းလင်းရေး လုပ်နေတဲ့ ချောင်းထောက်ရွာမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်တွေတွေ့ရှိရင် ရွာလူကြီးတွေနဲ့ ဒေသခံတွေကပဲ ရှင်းရတယ်လို့ အမည်မဖော်လိုသူ ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

"စစ်သုံးလက်နက်တွေ အကုန်လုံးပေါ့ဗျာ၊ တအား ကြီးကြီးမားမားဖြစ်တဲ့ ၁၂၀ မမတို့၊ ၁၅၀ မမတို့ အဲဒါမျိုးတော့မရှိဘူး။ ၆၀ မမတို့ အဲဒါမျိုးတွေပဲ ရှိတယ်။ တွေ့တဲ့ဟာတွေကို ကျတော့ ရွာလူကြီးတွေ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ပြပြီး ယူပြီး ဖယ်လိုက်တာ ရှိတယ်။ ဘယ်သူမှလာပြီး တာဝန်မယူတဲ့ အခါကျတော့ ရွာသူရွာသားတွေလည်း ကိုယ့်အသိစိတ်နဲ့ကိုယ် ရှင်းလင်းရတယ်"

ချောင်းထောက်ရွာမှာ လူဦးရေ ၄၀၀ ကျော်ရှိပါတယ်။ သူတို့လည်း ပြီးခဲ့တဲ့ မေလက မိုင်းခေါင် ဒုက္ခသည်စခန်းကနေ ပြန်သွားကြတာလို့ သူကပြောပါတယ်။

စစ်ကောင်စီရော၊ KIA ကပါ ဘယ်အဖွဲ့ဆီကမှ အကူအညီမရတာကြောင့် နေဖို့အတွက် တဲအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးခန်းကိုလည်း ဒေသခံတွေကိုယ်တိုင် ပြန်ဆောက်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်စစ်ဘေးဒုက္ခသည်စခန်းမှ နေရပ်ပြန်လာခဲ့ကြသည့် စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

၁၀ နှစ်ကျော်စွန့်ခွာခဲ့ရတဲ့ ရွာကိုပြန်ရောက်တဲ့အချိန်မှာတော့ မိုင်းအန္တရာယ်ကြားကပဲ ဘဝကို ပြန်တည်ဆောက်နေရတယ်လို့ လိုင်ကာ-ဇွပ်ဂျာရွာက နာမည်လွှဲပေးထားတဲ့ မမိုင်းမိုင်က ပြောပါတယ်။

"တိုက်ပွဲကလည်း ရွာမှာ ဖြစ်ထားတဲ့အခါကျတော့ အကြွင်းအကျန်တွေတော့ ရှိမယ်။ အဲဒီလို စိုးရိမ်စိတ်တော့ ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့လည်း အိမ်ဝန်း ရှင်းပြီးသလောက် ဖြစ်နေပြီ၊ အကုန်လုံးလည်း ရှင်းနေကြတယ်။ နောက်ထပ်တော့ တွေ့တာမရှိတော့ဘူး။ ကျွန်မတို့က ၅ လပိုင်း ၁၀ ရက်နေ့က ပြန်ခဲ့တော့ ရောက်တာနဲ့ စားရေးသောက်ရေး အဓိကထားလုပ်နေလို့ နေအိမ်တွေ ဘာတွေက မဆောက်နိုင်ဘူး ဖြစ်နေတယ်။ အခက်အခဲရှိနေတယ်။ တချို့ကျတော့ နေအိမ်တွေစုပေါင်းပြီး နေနေရတယ်"

စစ်ဘေးဒုက္ခသည်အဖြစ် ၁၀ နှစ်ကျော်ဖြတ်သန်းပြီး၊ နောက်ပိုင်း စားဝတ်နေရေးအတွက် တောင်ယာတွေ ပြန်လုပ်ချင်တာကြောင့် KIA နဲ့ ကချင်ပြည်နယ်အစိုးရကို နေရပ်ပြန်ဖို့ စာတင်ခဲ့တာလို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ နေရပ်ပြန်ချင်တဲ့ စစ်ဘေးဒုက္ခသည်တွေကို လိုအပ်တဲ့အကူအညီတွေပေးနေတယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က နံပါတ်တစ်အချက်အနေနဲ့ အဲဒီနေဖို့ အိမ်လေးတွေ တောက်လျှောက် လုပ်ပေးနေတယ်။ အိမ်တွေ ဘယ်လောက်ဆောက်ပြီးပြီ၊ ဘယ်လောက်နေလို့ရပြီ ဆိုတာနဲ့ အသုတ်လိုက် ပြန်လွှတ်တယ်။ ပြန်လွှတ်ရင်လည်း သူတို့ဒေသကို သူတို့ပြန်ပေမယ့် အစကနေ ပြန်စရတယ်။ အဲဒီမှာကျတော့ စိုက်တာ၊ ပျိုးတာ၊ ပညာရေး၊ ကျန်းမာရေးကအစ အနောက်ကနေ တောက်လျှောက်လိုက်လုပ်ရတယ်။ အစိုးရဆိုတာက ပြန်သွားတာနဲ့ ထောက်ပံ့တာလေးတစ်ခုပဲ ကြည့်လို့ရတာ မဟုတ်ဘူးလေ၊ အနောက်ကနေ အကုန်ပံ့ပိုးပေးရတာ"

ရွာတွေမှာ မိုင်းရှင်းလင်းရေးလုပ်ပေးသလားဆိုတာကိုတော့ ဦးဝင်းရဲထွန်းက ရှင်းရှင်းလင်းလင်း မပြောပါဘူး။

နေရပ်ပြန်ကြတဲ့သူတွေကတော့ စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်အစိုးရ ဆီကနေ အကူအညီအထောက်အပံ့တွေ လက်တွေ့ရောက်လာတာမရှိဘူးလို့ ပြောကြပါတယ်။

"အစိုးရဘက်ကရော၊ သက်ဆိုင်ရာဘက်ကရော တာဝန်ယူပြီး မိုင်းရှင်းလင်းရေးကိစ္စကိုလုပ်ပေးဖို့ အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ပြောချင်ပါတယ်"

နေရပ်ပြန်တဲ့သူတွေလုံခြုံဘေးကင်းအောင် KIA ရော၊ စစ်ကောင်စီကပါ တာဝန်ယူ လုပ်ပေးသင့်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။

"အကူအညီလှမ်းတောင်းတော့လည်း ဘယ်အဖွဲ့အစည်းကမှ တာဝန်မယူဘူး။ ရွာသားတွေလည်း အိမ်ပြန်ချင်တယ်၊ ရွာပြန်ချင်တယ်ဆိုတော့ သူတို့ ပြန်ကြတယ်။ မိုင်းရှင်းတဲ့ကိစ္စကျတော့ ဘယ်သူမှ မလုပ်ပေးချင်တဲ့ အခန်းကဏ္ဍဖြစ်လာတော့ ဘယ်သူမှတာဝန်မယူတော့ မီးရှို့ဖျက်ဆီးတာမျိုးလုပ်နေကြတာ။ တကယ်တမ်းကျတော့ ဒါမဖြစ်သင့်ဘူး၊ အန္တရာယ်ရှိတဲ့ကိစ္စလေ။ အစိုးရဘက်ကရော၊ သက်ဆိုင်ရာဘက်ကရော တာဝန်ယူပြီး မိုင်းရှင်းလင်းရေးကိစ္စကိုလုပ်ပေးဖို့ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ပြောချင်ပါတယ်"

ဒုက္ခသည်တွေ သူတို့ရွာတွေမှာ လုံလုံခြုံခြုံပြန်နေနိုင်ဖို့ကြိုးစားကူညီနေတဲ့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆန်ဆွမ်ကို စစ်ကောင်စီကဖမ်းလိုက်တဲ့နောက်ပိုင်း အဆင်မပြေတာတွေ တွေ့လာရတယ်လို့ သူကပြောပါတယ်။

အန္တရာယ်ရှိတဲ့မိုင်းရှင်းလင်းရေးတွေကို စစ်ကောင်စီတပ်တွေအနေနဲ့ တာဝန်ယူမှုရှိရှိ လုပ်ပေးရမယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ တာဝန်ခံ ကိုဂျက်ကော့က RFA ကို ပြောပါတယ်။

"မိုင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထနဲ့လုပ်နေတာ အလွန်ကိုအန္တရာယ်များပါတယ်။ အသက်အန္တရာယ်အထိ အလွန်ကို အန္တရာယ်များပါတယ်။ သူတို့လုပ်နေတဲ့အချိန် စက်ပစ္စည်းတွေစုံမှာ မဟုတ်ပါဘူး။ နိုင်ငံတကာအနေနဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့လည်း လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါတွေကို စစ်ကောင်စီ တာဝန်ယူရမှာ ဖြစ်ပါတယ်။ တာဝန်အများဆုံး ရှိပါတယ်"

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ရဲ့ စာရင်းတွေအရ ပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက် ရှိနေပါတယ်။ သူတို့ဟာ ဒုက္ခသည်စခန်းပေါင်း ၁၆၀ မှာ နေကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org