ကချင်မြေရှားသတ္တု တရုတ်ပြည်က စီးပွားဖြစ်

RFA Burmese
2023.08.07
ကချင်မြေရှားသတ္တု တရုတ်ပြည်က စီးပွားဖြစ် ကချင်ပြည်နယ် ချီဖွေမြို့နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။
RFA

ကချင်ပြည်နယ်မှာ တရားမဝင် မြေရှားသတ္တု တူးဖော်တာတွေ အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာသလို ထိန်းသိမ်းနိုင်ဖို့ ခက်နေတယ်လို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်း ရှစ်ရာကျော်ဖိုးရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ သန်း ခြောက်ရာကျော်ဖိုး ရှိခဲ့ပါတယ်။ အခု ၂၀၂၃ ခုနှစ်မှာတော့ ပထမခြောက်လမှာတင် ဒေါ်လာ သန်း ရှစ်ရာ ဖိုးရှိနေပြီလို့ တရုတ် အကောက်အခွန်ဌာန (China Customs) ရဲ့စာရင်းတွေအရ သိရပါတယ်။

ပန်ဝါနဲ့ချီဖွေဘက်မှာ မြေရှားသတ္တုကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် တူးဖော်လာကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံကပြောပါတယ်။

“အခု လောလောဆယ်ကတော့ ပန်ဝါဒေသ ဒီမြေရှားသတ္တုတူးတာတော့ ပိုပြီးတော့ တွင်ကျယ်လာတယ်လို့ ပြောရမှာပဲ။ အခု ချီဖွေ အနီးတစ်ဝိုက်လောက်တောင်မှ ရောက်လာနေပြီပေါ့ ။အခုဒီချီဖွေကနေတောင် မြင်နိုင်တဲ့ နေရာတွေ ထိတောင်ရောက်လာပြီ။ အဓိကလုပ်နေတာ ပြည်သူ့စစ်တွေလေ သူတို့လည်း တခြားဝင်ငွေလမ်းက တခြားမရှိတော့ဘူး ဒီတစ်ခုပဲ ရှိတယ်ဆိုတော့ ဒီဥစ္စာကို ဦးစားပေး လုပ်နေတဲ့သဘောမှာရှိတယ်။”

အရင်က တူးဖော်နေတဲ့ ပန်ဝါဒေသတစ်ဝိုက်မှာ မြေရှားသတ္တု တူးဖော်ဖို့ မြေနေရာတွေ ကုန်လာပြီဖြစ်တဲ့အတွက် အရင်က မတူးဖော်သေးတဲ့ ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသနဲ့ ချီဖွေမြို့နားတစ်ဝိုက်တွေ အထိ တူးဖော်လာကြတယ်လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ ပန်ဝါက လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ချီဖွေမြို့နယ် ပန်ဝါမြို့ နားတစ်ဝိုက်က သတ္တုတူးဖော်တဲ့လုပ်ကွက် နှစ်ရာကျော်မှာ တရုတ်လူမျိုး အနည်းဆုံး အယောက် လေးထောင်ရောက်နေသလို၊ သတ္တုတူးဖော်တဲ့ လုပ်ငန်းမှာသုံးတဲ့ ဓာတုပစ္စည်းတွေကိုလည်း ကားတွေနဲ့ နေ့တိုင်းနီးပါး ဝင်ရောက်နေတယ်လို့ပြောပါတယ်။

"အခုဒီချီဖွေကနေတောင် မြင်နိုင်တဲ့ နေရာတွေ ထိတောင်ရောက်လာပြီ။"

တရုတ်အချို့က အထောက်အထားမဲ့ ဝင်နေတာလည်းရှိပြီး၊ ဌာနဆိုင်ရာက အရေးယူခွင့် မရှိသလို၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေကပဲ အဓိက လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာ သယံဇာတ တူးဖော်တာတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့က၊ အမည်မဖော်လိုတဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတစ်ဦးကလည်း၊ မြေရှားသတ္တု တူးနေတာတွေကို ထိထိမိမိ တားဆီးပိတ်ပင် နိုင်ဖို့က ခက်ခဲနေတယ်လို့ပြောပါတယ်။

“ဒီဟာကျတော့ တားဆီးဖို့ ဆိုတာကျတော့ ဘာဖြစ်လို့လဲဆိုရင် ဒီကောင်က နယ်မြေစိုးမိုးမှု အပေါ်မှာ မူတည်တာပေါ့နော်။ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ ဒီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အဖွဲ့တွေလည်း ထိထိမိမိလုပ်လို့ မရတဲ့ အနေအထားတွေရှိတာပေါ့နော်။ ဆိုတော့ သွားလို့မရတဲ့ နေရာတွေရှိတယ် အရင်တုန်းကဆိုတော့ သတ္တုဆိုက်ထဲကို ဝင်လို့ရတယ်။ အခုက သူတို့က သတ္တုဆိုက်ထဲကိုလည်း ဝင်လို့မရတော့ ပြောမယ်ဆိုရင် လမ်းမှာတွေ့ရင်တောင် ဘယ်လိုမျိုးလိုလဲဆိုပြီး အရမ်းစစ်ဆေးတဲ့ အနေအထားဆိုတော့ ကျွန်တော်တို့က ထိန်းသိမ်းစောင့်ရှောက်ဖို့က အရင်က ထက်ဆိုရင်တော့ အခုက ပိုပြီးတော့ ခက်ခဲသွားတာပေါ့”

ဘာကြောင့် ခက်ခဲနေတာလဲ ဆိုတော့သူက လက်ရှိ နိုင်ငံရေးအခြေအနေကြောင့်လို့ သုံးသပ်ပါတယ်။

“အခု နိုင်ငံရေးအခြေအနေကိုလည်း သူတို့က အခွင့်ကောင်းယူပြီးမှ လုပ်လာတယ်လို့ ထင်မိတာပေါ့။ ပြီးလို့ရှိရင်သူတို့ ပတ်ဝန်းကျင် စောင့်ရှောက်တဲ့အဖွဲ့တွေလည်း ဟိုဘက်သွားမရ ဒီဘက်သွားမရ ဆိုတော့ ပညာပေး အစီအစဉ်တွေ လုပ်ဖို့လည်း သိပ်ပြီးတော့ အခွင့်အရေးမရှိဘူး။ အဲလိုမျိုးဆိုတော့ ထိထိမိမိတော့ ဘယ်လိုမှ လုပ်လို့ရမယ့်အခြေအနေက မရှိဘူးလို့ သုံးသပ်မိတယ်။”

အခုအချိန်မှာ မိုးတွင်းဖြစ်တော့ ခဏခဏ မြေပြိုတဲ့အတွက် တချို့လုပ်ကွက်တွေ နားထားသလို၊ မြေရှားသတ္တု တန်ဖိုးကျလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့၊ အလုပ်သမားတွေကိုလည်း အရင်ကထက် လစာလျှော့ပေးနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တု အမျိုးအစားက terbium (တားဘီယမ်) နဲ့ dysprosium (ဒစ္စပရိုးစီယမ်) သတ္တု အမျိုးအစားနှစ်မျိုး ဖြစ်ပါတယ်။

မြေရှားသတ္တုအပါအဝင် သတ္တုတွေ အရောင်းအဝယ်လုပ်တာ၊ သိုလှောင်တာနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ ပံ့ပိုးနေတဲ့ အမေရိကန်နဲ့ အိုင်ယာလန်အခြေစိုက် Strategic Metal Invest အဖွဲ့ရဲ့ ဇူလိုင် ၂၆ စာရင်းအရ ဒစ္စပရိုးစီယမ် တစ်ကီလိုဂရမ်ကို ဒေါ်လာ ငါးရာလောက်ထိရှိခဲ့ပြီး တားဘီယမ် တစ်ကီလိုဂရမ်ကို ဒေါ်လာ နှစ်ထောင်ကျော်အထိ ရှိပါတယ်။

မြန်မာပြည်မှာ မြေရှားသတ္တု ပိုပြီးတူးဖော်လာတာက တရားဥပဒေစိုးမိုးမှု မရှိတာကြောင့်ရယ်၊ စစ်ရေး အသုံးစရိတ်တွေ အတွက်ရယ်ကြောင့်ဖြစ်ပြီး၊ စစ်ပွဲကြာလေ သယံဇာတ ကုန်လေဖြစ်လိမ့်မယ်လို့ တရုတ်အရေး ကျွမ်းကျင်သူတစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်နေတာတွေက တရားမဝင် တူးဖော်နေတာတွေပဲ ဖြစ်တယ်လို့ပြောပါတယ်။

“ကျွန်တော်တို့အစိုးရကတော့ တရားဝင် ခွင့်ပြုထားတာတွေ မရှိပါဘူး။ စိစစ်နေတဲ့ဟာတွေ တားမြစ်တယ် ဘာညာဆိုတဲ့ဟာတော့ မိရင်ဥပဒေအရတော့ အရေးယူမှာပေါ့။ အခုဟာက လက်နက်ကိုင်အဖွဲ့တွေ ဝင်လုပ်နေတာလည်း ဖြစ်နိုင်တာပဲ။ အတိအကျတော့ ဒီကိစ္စက သေချာတော့မသိဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက အစိုးရက အဲကိစ္စကို တရားဝင် ခွင့်ပြုပြီး လုပ်နေတာမရှိဘူး။ တရုတ်ကို တင်ပို့တာများတာလည်း တရားမဝင် တင်ပို့တာပဲ ဖြစ်မှာပေါ့။ တင်ပို့တာများတယ်ဆိုတဲ့ စာရင်းကလည်း ဘယ်ကလာတဲ့ စာရင်းလည်း ကျွန်တော်တို့ မသိဘူး။ ခိုးတူးနေတာတွေတော့ ကျွန်တော်တို့လည်းသိတယ်”

ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ချီဖွေမြို့နယ် ပန်ဝါမြို့နားတစ်ဝိုက်မှာ မြေရှားသတ္တုကို အများဆုံးတူးဖော်နေသလို၊ အခုနောက်ပိုင်း KIO ထိန်းချုပ် နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်ဘက်မှာလည်း တူးဖော်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ KIO သတင်းနဲ့ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူတို့အဖွဲ့အနေနဲ့ စမ်းသပ်တဲ့ သဘာလုပ်နေတာပဲ ရှိတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ KIO အနေနဲ့က မြေရှားသတ္တုနဲ့ ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် လုပ်နေတာတော့ မရှိဘူး။ စမ်းသပ်တဲ့အနေပဲ ကျွန်တော်တို့ လုပ်တာရှိပါတယ်။ ဥပမာ ပန်ဝါဘက်မှာ တူးဖော်နေတဲ့ မြေရှားသတ္တုတွေ အားလုံးက BGF (နယ်ခြားစောင့်တပ်) တွေ တူးဖော်တာကို ကျွန်တော်တို့ ကချင်ပြည်နယ်မှာ အကြီးကျယ်ဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ KIO အုပ်ချုပ်တဲ့ဒေသမှာတော့ မြေရှားသတ္တု တူးဖော်တာကို စမ်းသပ်တဲ့ ပုံစံနဲ့ပဲ ကျွန်တော်တို့ တူးဖော်တာ ကျွန်တော်ကြားသိရပါတယ်။ အသေးစိတ်ကတော့ ကျွန်တော့်ဆီမှာ သတင်းရင်းမြစ်လည်း မရှိဘူး။ ပတ်သက်မှုလည်း မရှိဘူးပေါ့နော်”

ဒါကြောင့် နယ်ခြားစောင့်တပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရသေးပါဘူး။

လက်ရှိအခြေအနေက မြေရှားသတ္တုတူးဖော်မှုကို တားဆီးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ကချင်ပြည်နယ် သဘာဝ သယံဇာတ စောင့်ကြည့်လေ့လာရေးအဖွဲ့က ကိုဆင်ဝါးကလည်း ပြောပါတယ်။

“လက်ရှိပုံစံအရကတော့ ဘယ်လိုမှ ဒီမြေရှားသတ္တုကို တားဆီးနိုင်တဲ့ အခြေအနေမရှိဘူး။ ဘာကြောင့်လို့လဲဆိုရင် ဒီဒေသက အစိုးရတွေက မြေရှားသတ္တုက ရလာတဲ့ ဝင်ငွေတွေမှာလည်း အဓိကကြည့်ပြီး မြေရှားသတ္တု တူးနေကြတာ တခြားသူ့ရဲ့ နောက်ဆက်သွယ် ဖြစ်လာနိုင်တဲ့ဟာတွေကို သိပ်ပြီးမှ ထည့်သွင်းစဉ်းစားတာ မရှိဘူး။ ပြီးတော့ ဒေသခံတွေရဲ့ အသံတွေ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ ထည့်သွင်း ဦးစားပေးတာ မရှိဘူး။ ဒီအတိုင်းပဲဝင်ငွေ ရရင်ပြီးရောဆိုတဲ့ အနေအထားနဲ့ လုပ်နေတာဖြစ်တာမို့လို့ လက်ရှိ လုပ်နေတဲ့ အခင်းအကျင်းပုံစံနဲ့ ဘယ်လိုနဲ့မှ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး ပေါ့နော်”

ကချင်ပြည်နယ်မှာ မြေရှားသတ္တုကနေ အကျိုးအမြတ် ရသွားသူတွေကတော့ တရုတ်တွေပဲ ဖြစ်တယ်လို့ ပြောကြပါတယ်။

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ မှာ ကမ္ဘာကို မြေရှားတင်ပို့တဲ့ နိုင်ငံတွေမှာ တရုတ်က တန်ချိန် နှစ်သိန်းတစ်သောင်းနဲ့ အများဆုံးဖြစ်ပြီး မြန်မာက တန်ချိန် တစ်သောင်း နှစ်ထောင် တင်ပို့ခဲ့တယ်လို့ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။