ကချင်ပြည်နယ်က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးပြဿနာ ကြီးထွားနေတဲ့အကြောင်း တင်ပြချက်
2014.12.20
ကချင်ပြည်နယ် မိုးညှင်းမြို့က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးပြဿနာ ကြီးထွားနေပြီး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုကို အာဏာပိုင်တွေ ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေးသုံးစွဲမှုပြသနာဟာ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်ထဲက ဆိုးဝါးနေတာဖြစ်ပြီး ဒီနှစ်ပိုင်းတွေမှာ လူငယ်တွေကြားမှာပါ သုံးစွဲမှု များလာတနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မိုးညှင်းမြို့မှာ မူးယစ်ဆေးပေါင်းစုံကို အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် လူငယ်တွေကြားထဲမှာ မူးယစ်ဆေးသုံးစွဲတဲ့ ပြသနာဟာ ပိုမိုကြီးထွားလာနေတာဖြစ်ပါတယ်။
လူငယ်တွေဟာ ဆေးသုံးစွဲမှုကို မှားယွင်းမှုလို့ မမြင်တော့ပဲ လူငယ်သဘာ၀ အပျော်သဘောအနေနဲ့ လုပ်ဆောင်လာကြတာဖြစ်ပြီး ခန့်မှန်းခြေ မိုးညှင်းမြို့က လူငယ် ၁၀ ဦးမှာဆိုရင် ၂ ဦးလောက်ဟာ မူးယစ်ဆေးစွဲနေကြတယ်လို့ သိရပါတယ်။
မူးယစ်ဆေးကို ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အထိ ပြန့်ပွားနေတဲ့အတွက် ကျောင်းနေအရွယ်တွေကပါ မူးယစ်ဆေးသုံးစွဲနေကြတာဖြစ်တယ်လို့ ကချင်လူငယ်ကွန်ယက် အတွင်းရေးမှူး မအက်စတာလီလီက ပြောပါတယ်။
မအက်စတာလီလီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရဘိန်းဖြတ်စခန်းရှိပေမယ့် မိုးညှင်းမြို့မှာ အစိုးရဘိန်းဖြတ် စခန်းမရှိသေးပဲ ဘိန်းဖြတ်ချင်သူတွေဟာ မိုးညှင်းမြို့နယ် ဟဲလိုကျေးရွာက အသက်သာတစ် သင်တန်းကျောင်း ဘိန်းဖြတ်စခန်းကို သွားရောက်ကြရတယ်လို့ သိရပါတယ်။
အသက်သာတစ်ဘိန်းဖြတ်စခန်းကို ခရစ်ယန်အသင်းတော်တွေက စုပေါင်းတည်ထောင်ထားတာဖြစ် ပြီး ဘိန်းဖြတ်သူတွေကို ၃လတစ်ကြိမ် စုဆောင်းကုသပေးနေတယ်လို့ သိရပါတယ်။
ဘိန်းဖြတ်စခန်းကို လာရောက်သူတွေထဲမှာ အသက် ၁၈ နှစ်က နေ ၄၅ နှစ်အထိပါဝင်ပြီး မိဘက အတင်းအကြပ်ပို့ဆောင်သူ ၅၀ ရာခိုင်နှှုန်းပါဝင်တယ်လို့ အသက်သာတစ် သင်တန်းကျောင်း ဥက္ကဌ ဦးကွမ်ရှင်ဇော်နမ်က ပြောပါတယ်။
ဦးကွမ်ရှင်ဇော်နမ်
မိုးညှင်းမြို့နယ်ရဲစခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က မူးယစ်ဆေးဝါးမှု ၈၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ဒီနှစ်မှာ ဒီဇင်ဘာလအထိ ၁၂၈ မှုဖမ်းဆီးထားပြီး ဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့အမှုတွေထဲမှာ လက်ဝယ်တွေ့ရှိမှု ၊သုံးစွဲမှုတွေက ပိုမိုများပြားတယ်လို့ သိရပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေဟာ တရုတ်မြန်မာနယ်စပ်ဘက်မှာ လုပ်ကိုင်ကြတာဖြစ်တဲ့ အတွတ်ဖမ်းမိဖို့ ခက်ခဲတယ်လို့ မိုးညှင်းမြို့နယ်ရဲစခန်းက ဒုရဲအုပ်တစ်ဦးကပြောပါတယ်။
ဒုရဲအုပ်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကျောင်းသား၊ လူငယ်ကွန်ယက်အဖွဲ့ဝင်တွေနဲ့ ဘာသာရေး ခေါင်းဆောင် တွေပါဝင်တဲ့ ဒေသခံ ၂၀၀ကျော်ဟာ ဒီနေ့ မိုးညှင်းမြို့ပတ်လမ်းမှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
မူးယစ်ဆေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ပိုမိုအရေးယူဆောင်ရွက်လာဖို့နဲ့ လူငယ်တွေ မူးယစ်ဆေးအန္တရာယ်ကို သိလာဖို့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မိုးညှင်းအခြေပြုမူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးအဖွဲ့ဝင် ဦးဆိုင်းနော်က ပြောပါတယ်။
ဦးဆိုင်းနော်
လက်ရှိမှာမိုးညှင်းမြို့နယ်က အရပ်ဖက်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး လူငယ်တွေ ကြား အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်ရှင်။