စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်ခွာမှုကို ထပ်မံတင်းကျပ်
ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်ထားသူတွေကို အလည်အပတ် နိုင်ငံကူးလက်မှတ် PV အဖြစ် ပြောင်းလဲလျှောက်ထားခွင့်ကို ဇွန် ၆ ရက်ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။
-
RFA Burmese
2024-06-12 -
-
-
ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) ကိုင်ဆောင်ထားသူတွေကို အလည်အပတ် နိုင်ငံကူးလက်မှတ် PV (Passport for Visit) အဖြစ် ပြောင်းလဲလျှောက်ထားခွင့်ကို ဇွန်လ ၆ ရက်နေ့ကစပြီး စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။
ဒါဟာ မေလဆန်းပိုင်းမှာ PJ နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ အမျိုးသားတွေကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ပိတ်ပင်လိုက်တဲ့နောက်မှာ နောက်တစ်ဆင့် ထပ်မံတင်းကျပ်လိုက်တာပါ။
"တစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို အပြင်မထွက်စေချင်လို့ ပိတ်ချလိုက်တဲ့သဘောလို့ပဲမြင်ပါတယ်။ ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိတော့ဘူးဗျာ"
လုံခြံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံကူးလက်မှတ် PJ ကနေ PV ပြောင်းဖို့ကြိုးပမ်းနေတဲ့ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီရဲ့ ပိတ်ပင်မှုကြောင့် အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်မက အစကတော့ ကိုရီးယားတို့၊ ဂျပန်တို့ထွက်မယ်ပေါ့နော်။ အဲလိုမျိုးအစီအစဉ်နဲ့ လုပ်ထားလိုက်တာ။ နောက်မှ အဲဒီကိုကျတော့ အချိန်က အများကြီးပေးရတယ်။ နောက်ပြီးတော့ ဒီမှာကလည်း အသက်အရွယ် အကန့်အသတ်တွေနဲ့ ဟိုဟာပိတ်လိုက် ဒါပိတ်လိုက်ဆိုတော့ PV နဲ့သွားလို့ အရင် စင်ကာပူကျတော့ မြန်တယ်ပေါ့နော်။ အင်္ဂလိပ်စာရရင် ရတယ်ပေါ့။ သူက အဲလိုမျိုးလွယ်တယ်ဆိုလို့ PV ကို ပြန်ချိန်းသွားဖို့ပြင်နေတာ။ ပြင်နေတုန်း လိုက်စုံစမ်းနေရင်းက PV ကိုက ချိန်းလို့မရတော့ဘူးဆိုတော့ လောလောဆယ်က သင်တန်းအပ်ထားတာ သင်တန်းကြေးတော့ဆုံးတာပေါ့”
အခုလိုပိတ်ပင်လိုက်တာကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ အင်တာနက်စာမျက်နှာမှာ တရားဝင်ထုတ်ပြန်တာမရှိသေးဘဲ လက်မှတ်ထုတ်ပေးရေးရုံးမှာသာ စာကပ်ပြီးကြေညာထားတာပါ။
ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ရရှိရေး ဝန်ဆောင်မှုပေးနေသူတစ်ဦးကတော့ PJ ကနေ PV ကို ပြောင်းချင်တဲ့သူများလာတာကြောင့် သက်တမ်းခြောက်လမကျော်သေးတဲ့ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အားလုံးကို PV ပြောင်းလဲခွင့်ပိတ်ပင်လိုက်တာလို့ ပြောပါတယ်။
“ခြောက်လအောက်တွေကို အကုန်ပိတ်ထားတယ်။ အခုပြန်လုပ်တာကို သူတို့ (စစ်ကောင်စီ) ကလေ လက်ရှိက နိုင်ငံရေးကြောင့် အခုလက်ရှိတင်ထားတဲ့သူတွေက တစ်ခါတည်းပြန်ပြီးတော့ PV ပြန်ပြောင်းချင်တဲ့သူတွေက များနေတယ်လေ။ အဲဒါတွေကို ကန့်သတ်ဦးရေနဲ့ တစ်ခါတည်းပိတ်ထားလိုက်တာ”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြည်ပထွက်ခွာဖို့ကြိုးပမ်းနေတဲ့ နောက်ထပ်လူငယ်တစ်ဦးကတော့ ခုလိုပိတ်ပင်လိုက်တာကြောင့် လူငယ်တွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေ ဆုံးရှုံးရတယ်လို့ ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒါဘယ်သူ့ကိုမှ သူ(စစ်ကောင်စီ) ပေးမထွက်ချင်တဲ့ပုံစံမျိုးပါ။ PJ ဆိုတာကလည်း အလုပ်ကခေါ်ဖို့ဆိုတာက စာမေးပွဲအောင်တဲ့သူတိုင်းခေါ်ဖို့က မလွယ်ဘူးလေ။ အဲတော့ တစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို အပြင်မထွက်စေချင်လို့ ပိတ်ချလိုက်တဲ့သဘောလို့ပဲမြင်ပါတယ်။ ကိုယ်ပိုင် ရွေးချယ်ခွင့်မရှိတော့ဘူးဗျာ။ လွတ်လပ်ခွင့်တွေအများကြီးဆုံးရှုံးရတယ် ဒါပဲပြောရမှာပဲ”
ဒီလိုပိတ်ပင်တာတွေအပြင် ကျောင်းသားနိုင်ငံကူးလက်မှတ် PE (Passport for Student) လျှောက်ထားရာမှာလည်း ကျောင်းခေါ်စာထောက်ခံချက်တွေထပ်တောင်းပြီး တင်းတင်းကျပ်ကျပ်စိစစ်နေတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား စစ်မှုထမ်းဖို့ အကျုံးဝင်သူအများအပြား နိုင်ငံကိုနည်းလမ်းမျိုးစုံနဲ့ စွန့်ခွာနေကြတာပါ။ တစ်ဖက်မှာလည်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျင်အမြန်အကောင်အထည်ဖော်နေပြီး စစ်မှုထမ်းအပတ်စဉ် ၂ ခုအထိ ခေါ်ယူထားပါတယ်။
ဒီအခြေအနေတွေကြားမှာ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်းတဲ့လူငယ်တွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိနှိပ်နေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“အခုလုပ်နေတဲ့ လုပ်ရပ်က ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်ဖို့အတွက် ကြံစည်နေတာပဲ။ သူတို့လုပ်ပိုင်ခွင့်မရှိတဲ့ဥပဒေတွေ ပြဋ္ဌာန်းမယ်။ အဲဒီဥပဒေတွေ ရည်ရွယ်ချက်ကိုယ်တိုင်ကလည်း ပြည်သူတွေကို ကာကွယ်ပေးဖို့ထက် ပြည်သူတွေကို ဒုက္ခပေးဖို့ရည်ရွယ်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါတင်မကဘူး ဒီ(စစ်မှုထမ်း) ဥပဒေကို အသက်သွင်းဖို့အတွက် ပြည်သူ့လူငယ်တွေက ဒါကိုရှောင်ရှားကြမယ်။ ရှောင်ရှားတဲ့လမ်းကြောင်းလည်း အကုန်လုံးပိတ်တဲ့အရာမျိုးဖြစ်တယ်။ ဒါဆိုရင် သူတို့ရဲ့ စိတ်ရင်းစေတနာအမှန်က တိုင်းပြည်ထက်စာရင် သူတို့ရဲ့ အကျိုးစီးပွားကို အသုံးချဖို့ပဲ”
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၁၃) မှာ လူတိုင်း မိမိနိုင်ငံ နယ်နိမိတ်အတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မိမိနေထိုင်ရာ တိုင်းပြည်ကဖြစ်စေ၊ အခြားတိုင်းပြည်တစ်ခုခုကဖြစ်စေ လွတ်လပ်စွာထွက်ခွာခွင့်၊ ပြန်လာခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ အာဏာအသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်း လွတ်လပ်စွာသွားလာခွင့်သာမက ပြည်ပထွက်ခွာခွင့်ကိုပါ ကန့်သတ်ပိတ်ပင်ခံထားရပါတယ်။
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ(ACDD) ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး ဒေါ်သဥ္ဇာရွှန်းလဲ့ရည်ကလည်း စစ်ကောင်စီရဲ့ အခုလိုကန့်သတ်ပိတ်ပင်မှုတွေဟာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကိုချိုး ဖောက်တာလို့ ဝေဖန်ထောက်ပြပါတယ်။
“အဲတော့ လူတွေကို သူ့ရဲ့ အတွေးအခေါ်၊ သူ့ရဲ့လုပ်ရပ်၊ သူရဲ့နေ့စဉ်ဘ၀ နောက်တစ်ခုက သူ့ရဲ့အလုပ်အကိုင်ပေါ့။ ဒါကို အတင်းအဓမ္မ ရွေးချယ်ခွင့်မပေးဘဲနဲ့ ဆုံးဖြတ်ပိုင်ခွင့်မပေးဘဲနဲ့ အတင်းအဓမ္မ သွတ်သွင်းတဲ့ကိစ္စ ဒီလုပ် ရပ်တွေမှန်သမျှသည် သူရဲ့ လူသားတစ်ယောက်ချင်းဆီရဲ့ ရပိုင်ခွင့်၊ စဉ်းစားပိုင်ခွင့် နောက် ရွေးချယ်ပိုင်ခွင့်တွေကို ချိုးဖောက်တာဖြစ်တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်တွေကို ကန့်သတ်ပိတ်ပင်လာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်သွားရောက်ပြီး မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံသားအများစုဟာ ပြည်ပထွက်ခွာဖို့ကြိုးပမ်းရာမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရွေးချယ်လေ့ရှိကြပါတယ်။