စစ်ကောင်စီထိန်းချုပ်မှု အွန်လိုင်းဈေးရောင်းသူတွေ အခက်တွေ့
တရားဝင် မှတ်ပုံမတင်ဘဲ အွန်လိုင်း ဈေးရောင်းသူတွေကို ထောင်သုံးနှစ်အထိ ချနိုင်တဲ့ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဇူလိုင် ၂၁ ရက်က အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
-
RFA Burmese
2023-07-24 -
-
-
တရားဝင် မှတ်ပုံမတင်ဘဲ အင်တာနက်အွန်လိုင်းကတစ်ဆင့် ဈေးရောင်းသူတွေကို ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့က အမိန့် ကြေညာချက်သစ်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အွန်လိုင်းဈေးရောင်းသူတွေကို မှတ်ပုံမတင်ရင် အရေးယူမယ်လို့ အခုလို ထိန်းချုပ်လိုက်တဲ့ စစ်ကောင်စီရဲ့ ညွန်ကြားချက်အသစ်ကြောင့် အခုနောက်ပိုင်း မြန်မာပြည်မှာ တွင်ကျယ်လာ နေတဲ့ အွန်လိုင်း အရောင်း အဝယ်လုပ်ငန်းကို ဆိုးဆိုးဝါးဝါး ထိခိုက် နစ်နာစေတယ်လို့ ရောင်းသူ၊ ဝယ်သူတွေက ပြောပါတယ်။
စစ်ကောင်စီကြေညာချက်မှာ ဈေးရောင်းသူအားလုံး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကို ခြောက်လအတွင်း အင်တာနက်အွန်လိုင်းက တစ်ဆင့် လျှောက်လွှာဖြည့်သွင်းပြီး မှတ်ပုံတင်ရမယ်လို့ သတိပေး ထားပါတယ်။
"စီးပွားရေးတွေကလည်း တအားကျပ်တည်းနေတဲ့အချိန်မှာ အဲဒီလို မှတ်ပုံတင်တာ ဘာညာတွေလုပ်တော့ အဆင်မပြေဘူးပေါ့လေ”
မှတ်ပုံတင်သူအားလုံးဟာ ကုမ္ပဏီများဥပဒေ၊ သမဝါယမဥပဒေ စတဲ့ ဥပဒေတွေနဲ့အညီ တည်ထောင်ထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေဖြစ်ဖို့ လိုအပ်ပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက်၊ အွန်လိုင်းစနစ်နဲ့ ရောင်းချမယ့် နေရာကို ဖော်ပြနိုင်ရမယ်လို့ ဆိုပါတယ်။
ဒီညွှန်ကြားချက်ကြောင့် အွန်လိုင်းကနေ တစ်နိုင်တစ်ပိုင် ဈေးရောင်းနေသူတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဒေသထွက် စားသောက်ကုန် ရောင်းချသူတစ်ဦးက ပြောပါတယ်။
“အွန်လိုင်းရှော့ဆိုတာက မြေပြင်မှာ ဆိုင်ဖွင့်ပြီးရောင်းဖို့ နေရာမရှိတဲ့သူတွေ တစ်နိုင်တစ်ပိုင် ရောင်းကြတာ များတယ်။ အဲဒီမှတ်ပုံတင်ကြေးက ငါးသိန်းကနေ ၁၂ သိန်းကြား ရှိတာဆိုတော့ တစ်နိုင်တစ်ပိုင် လုပ်နေတဲ့ သူတွေအတွက်တော့ အရမ်းများတဲ့ ပမာဏလေ။ နှစ်နှစ်ဆိုတော့။ အမြတ်က အဲဒီလောက်မဟုတ်။ ပြီးတော့ စီးပွားရေးတွေကလည်း တအားကျပ်တည်းနေတဲ့အချိန်မှာ အဲဒီလို မှတ်ပုံတင်တာ ဘာညာတွေလုပ်တော့ အဆင်မပြေဘူးပေါ့လေ”
သူပြောတဲ့ ငါးသိန်းကနေ ၁၂ သိန်းကြားဆိုတဲ့ ငွေကြေးဟာ စစ်ကောင်စီရဲ့ အမိန့်သစ် ထွက်လာပြီးနောက် ဈေးရောင်းသူအချင်းချင်းကြား ပြောဆိုချက်တွေဖြစ်ပြီး စစ်ကောင်စီဘက်က တရားဝင် သတ်မှတ်တာ မျိုး မရှိသေးပါဘူး။
စစ်ကောင်စီအနေနဲ့ ဒေါ်လာငွေရရှိမှု နည်းပါးလာမှု၊ ဘဏ်တွေ ပိတ်ဆို့ခံရမှုတွေကြောင့် ပြည်တွင်းမှာရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေဆီကနေ ဝင်ငွေရရှိဖို့ အခုလို ကန့်သတ် ထိန်းချုပ်လာတာလို့လည်း အဲဒီရောင်းချ သူက ပြောပါတယ်။
ကုမ္ပဏီ၊ အဖွဲ့အစည်းမဟုတ်ဘဲ လူပုဂ္ဂိုလ်အနေနဲ့ အွန်လိုင်းပေါ်မှာ ဈေးရောင်းချ လိုသူတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်ပြီး စစ်ကောင်စီရဲ့ ဝန်ကြီးဌာန သတ်မှတ်ချက်တွေကို လိုက်နာသူ၊ အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ စိတ်ပေါ့သွပ်မှု မရှိသူ၊ အွန်လိုင်းစနစ်နဲ့ ရောင်းချမယ့်နေရာကို အတိအကျ ဖော်ပြနိုင်သူ၊ အမည်ပျက်စာရင်း အသွင်းမခံထားရသူ ဖြစ်ရမယ်လို့လည်း စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ ထိန်းချုပ် ထားပါတယ်။
ဒါ့အပြင် အဲဒီလို မှတ်ပုံတင်ပြီး ရောင်းချမယ့်သူတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်၊ ဟောပြော၊ ဆန္ဒထုတ်ဖော်၊ အားပေးတာတွေ မလုပ်ဖို့အပါအဝင် စီးပွားကူးသန်းက သတ်မှတ်ထားတဲ့ အချက် ၁၅ ချက်ကို လိုက်နာရမယ်လို့လည်း သတိပေးထားပါတယ်။
သမ္မာအာဇီဝ ဈေးရောင်းသူတွေကို အခုလို မှတ်ပုံတင်ခိုင်းတာဟာ ကူညီရာ မရောက်ဘူးလို့ အွန်လိုင်းမှာ အဝတ်အထည်ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
"သမ္မာအာဇီဝ တစ်နိုင်တစ်ပိုင် ရောင်းနေတဲ့သူတွေအတွက် စိတ်ရှုပ်စရာ ဖြစ်လာမယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ Inflation rate (ငွေကြေးဖောင်းပွမှုတွေ) ကြောင့်ပဲ အရောင်းအဝယ်တွေက ကမောက်ကမ ဖြစ်နေတာ။ ရောင်းနေရတဲ့သူတွေက စိတ်ညစ်စရာတွေ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့တွေက မကူညီဘဲ ကဖျက်၊ ယဖျက် လုပ်နေတာက ဈေးရောင်းတဲ့သူတွေကို စိတ်ဓာတ်ကျစေမယ်လို့ ထင်ပါတယ်"
မှတ်ပုံမတင်ဘဲ ရောင်းချသူတွေကို ထောင် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်နိုင်ပြီး၊ ထောင်ဒဏ်အပြင် ငွေဒဏ် ငါးသိန်းအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ကတော့ ဒီအမိန့်ဟာ အွန်လိုင်းဈေး ရောင်းမှုကို တားမြစ်တာမဟုတ်ဘဲ အွန်လိုင်းပေါ် ကနေ ငွေလိမ်ခံရမှု၊ မှာယူထားတဲ့အတိုင်း ပစ္စည်း မရရှိမှုတွေကို တားဆီးနိုင်မယ့် စားသုံးသူကို ကာကွယ်ဖို့ဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တုံ့ပြန်ရေးသားထားပါ တယ်။ ဥပဒေနဲ့ညီတဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းကတစ်ဆင့် နာရီပိုင်း အတွင်း မှတ်ပုံတင်ပြီး ဆက်ရောင်းချနိုင်တယ်လို့ သူက ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ ဒီအမိန့်ကို လက်တွေ့အကောင်အထည်ဖော်လို့ မလွယ်ဘူးလို့ ပြောပါတယ်။
“အဲဒီကြေညာစာက တကယ်လုပ်ဖို့က လွယ်တော့မလွယ်ဘူး။ ဘယ်လောက်အထိ ဘာရောင်းတာတွေ၊ ဘယ်လို သတ်မှတ်မလဲ၊ ဘယ်မှာ ဘာလုပ်ရမလဲက လုပ်ထုံးလုပ်နည်းတွေပါမှ ဖြစ်မှာကို။ အွန်လိုင်း Live Sale (တိုက်ရိုက်) ရောင်းတာလား၊ ရိုးရိုး ပို့စ်တင်ရောင်းတာလား၊ အွန်လိုင်းရောင်းတာတွေအကုန် သက်ဆိုင်တာလား။ တရားစွဲဆို တာက ဘယ်သူကစွဲမလဲ။ စီး/ကူးကပဲ စွဲမှာလား၊ ရဲကပဲ စွဲမှာလား၊ ဒီဟာကို တရားလိုလုပ်ပြီးတော့ ဘယ်သူက စွဲမလဲ”
လက်ရှိမှာတော့ မြန်မာငွေကျပ်တန်ဖိုး ကျဆင်းမှုကြောင့် နိုင်ငံခြားငွေလဲလှယ်မှု မတည်မငြိမ်ဖြစ်ပြီး နိုင်ငံခြား ကနေ ကုန်ပစ္စည်းမှာယူ ရောင်းချနေတဲ့ အွန်လိုင်းလုပ်ငန်း တချို့ ခေတ္တရပ်နားထားရတယ်လို့ အွန်လိုင်းဈေးရောင်းသူတွေက ပြောပါတယ်။
အခုလကုန် ဇူလိုင် ၃၁ ရက်နေ့မှာ နှစ်သောင်းကျပ်တန် အသစ်ထုတ်မယ်လို့ စစ်ကောင်စီက ဒီရက်ပိုင်းမှာဘဲ ကြေညာထားတဲ့အတွက် ဒေါ်လာဈေးနဲ့ ရွှေဈေး ရုတ်တရက် ခုန်တက်သွားပြီး ရန်ကုန်မြို့က ရွှေဆိုင် အတော်များများ ဒီနေ့ ခေတ္တအရောင်းပိတ်ထားတယ်လို့ ရွှေဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။