နိုင်ငံသားစိစစ်ရေးကတ်ကို စမတ်ကတ်ပြောင်းဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

လက်ရှိမှာ စက္ကူနဲ့ ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို ကွန်ပျူတာနဲ့စစ်ဆေးနိုင်မယ့် စမတ်ကတ်အဖြစ် ပြောင်းတဲ့အခါမှာ ပံ့ပိုးပေးဖို့ စစ်ကောင်စီက တရုတ်အစိုးရကို အကူအညီတောင်းလိုက် ပါတယ်။

နိုင်ငံသားစိစစ်ရေး (မှတ်ပုံတင်) ကတ်၏ နောက်ကျောဘက်ကို တွေ့ရစဉ်။ RFA

လက်ရှိမှာ စက္ကူနဲ့ ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေကို ကွန်ပျူတာနဲ့ စစ်ဆေးနိုင်မယ့် စမတ်ကတ် (Smart Card) အဖြစ် ပြောင်းတဲ့အခါမှာ ပံ့ပိုးပေးဖို့ စစ်ကောင်စီက တရုတ်အစိုးရကို အကူအညီတောင်းလိုက်ပါတယ်။

ဒီကိစ္စကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်က တရုတ်နိုင်ငံ ခရီးစဉ် တစ်ခုမှာ ပြောဆိုခဲ့တဲ့အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ စစ်ကောင်စီရဲ့ Global News Light Of Myanmar သတင်းစာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

စမတ်ကတ်အတွက် နိုင်ငံသားတွေရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရပ်အမောင်း စတဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကို ပေးရမှာဖြစ်ပါတယ်။

အာဏာသိမ်းထားလို့ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ အခုလိုလုပ်မယ့်အစီအစဉ်ဟာ နိုင်ငံသားတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်တာလို့  နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေက ယူဆပါတယ်။

"သူ့ရဲ့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို စောင့်ကြည့်ဖို့၊ ဒုက္ခပေးဖို့၊ သူ့ကိုဆန့်ကျင်တော်လှန်သူတွေကို မျက်ခြည်မပြတ် နှိမ်နင်းနိုင်ဖို့ ကြိုးစားမယ့် ခြေလှမ်းလို့ပဲ ကျွန်တော်တို့က မြင်တယ်"

လုံခြုံရေးကြောင့် ကိုဘုန်းမြင့် လို့အမည်လွှဲထားတဲ့ ရန်ကုန်မြို့ခံတစ်ယောက်ကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းမှာ ပြည်သူတွေစိတ်မဝင်စားသလို စမတ်ကတ် (Smart Card) ကိုလည်း စိတ်မဝင်စားဘူးလို့ ပြောပါတယ်။

"ရွေးကောက်ပွဲတစ်ခုလုပ်မယ့်နေရာမှာ အချက်အလက် ပြည့်ပြည့်စုံစုံဖြစ်အောင် အဓိကကတော့ သူတို့ ပြောချင်တဲ့သဘောကတော့ မှတ်ပုံတင်အစားထိုး Smart Card ကို ဆောင်ရွက်ပေးမယ်ပေါ့။ ဒါကတော့ ပြည်သူတွေကို ဒီလိုပုံစံချပြပြီးသွားနေတာ။ ပြည်သူတွေက စိတ်ဝင်စားတယ်ဆိုသွားကြ မှာပေါ့။ စိတ်မဝင်စားတော့ မသွားကြဘူး။ အဲဒီတော့ ရပ်ကွက်တွေအထိဆင်းပြီး ဆောင်ရွက်နေတာ တွေ့နေရတယ်"

လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေဟာ ကတ်ထူစက္ကူတွေ ဖြစ်တာ ကြောင့် လွယ်လွယ်နဲ့ မပျက်စီးအောင် ပြောင်းပေးနေတာလို့ လဝက တာဝန်ရှိသူတွေက ပြောကြတယ်လို့ သူက ပြောပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ အာဏာသိမ်းထားလို့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းမှာ တော့ ဖြစ်မလာနိုင်ဘူးလို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။

မကွေးတိုင်း၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီး ကတော့ စမတ်ကတ် (Smart Card) အဖြစ် ပြောင်းလဲတာဟာ စစ်တပ်အာဏာတည်မြဲရေးအတွက် နိုင်ငံသားတွေကို မျက်စိဒေါက်ထောက်ကြည့်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

"အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ အာဏာတည်မြဲရေးအတွက် တိုင်းပြည်ရဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေ ရေးဆွဲတယ်။ အခုလည်း ဒါက သူ့ရဲ့အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို စောင့်ကြည့်ဖို့၊ ဒုက္ခပေးဖို့၊ သူ့ကိုဆန့်ကျင်တော်လှန်သူတွေကို မျက်ခြည်မပြတ် နှိမ်နင်းနိုင်ဖို့ ကြိုးစားမယ့် ခြေလှမ်းလို့ပဲ ကျွန်တော်တို့က မြင်တယ်"

စစ်တပ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ နိုင်ငံသားစိစစ်ကတ်ပြားကို စမတ်ကတ် ပြောင်းတာက ကောင်းတဲ့ဆောင်ရွက်ချက်လို့  သုံးသပ်ပါတယ်။

"ကျွန်တော်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားကို စမတ်ကတ် (Smart Card) ပုံစံနဲ့ ပြောင်းပြီဆိုရင် အဲဒီကတ်နဲ့ နောက်ပိုင်းမှာ ဘယ်လောက်အထိလုပ်နိုင်မလဲဆိုရင် ဒီကတ်တစ်ခုတည်းနဲ့ အလုပ်လျှောက် တာပဲဖြစ်စေ ဒီကတ်ကို ကြည့်လိုက်တာနဲ့ အလုပ်ရှင်က biography (ကိုယ်ရေးအချက်အလက်) ကို သိနိုင်တယ်။ အီလက်ထရွန်နစ် စနစ်ကို ကောင်းကောင်းမှန်မှန်နဲ့ လုပ်နိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ စာရွက်စာတမ်း၊ အပြင်မှာလုပ်ကြတဲ့ တချို့သော စာရွက်စာတမ်းကိစ္စတွေ တော်တော် လျှော့နိုင်မယ်။ ဒါကတော့ အကျိုးကျေးဇူးကောင်းတယ်။ လောလောဆယ် ဒီအခြေအနေ မှာလုပ်တာ ဖြစ်နိုင်မလား ဆိုရင် မြေပြင်အနေအထားအရ အခက်အခဲတော့ ရှိကောင်း ရှိနိုင်တယ်"

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ စမတ်ကတ်ပြောင်းဖို့ တရုတ်အစိုးရဆီကနေ နည်းပညာအကူအညီရအောင် စစ်ကောင်စီကြိုးပမ်းနေတာက ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်ပါတယ်။

"ကျွန်မကြည့်တာကတော့ ဖြစ်မလာနိုင်ဘူးထင်ပါတယ်။ သူတို့လည်း ကြည့်ရတာ အဲဒါက အပေါ်ယံ ပဲနဲ့ တူတယ်။ တခြားကိစ္စတွေလည်း လာပြီးအကူအညီတောင်းတာ ဖြစ်နိုင်တယ်။ ဒီရွေးကောက်ပွဲ ကတော့ တက်သုတ်ရိုက်ပြီး လုပ်နေတာပဲ။ စစ်ကောင်စီဘက်က သူတို့အတွက် ထွက်ပေါက်လို့ တွက်ပုံရတယ်။ ဒါပေမဲ့ ဖြစ်လာစရာ အကြောင်းတော့ သိပ်မတွေ့ဘူး"

လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာလ ၁ ရက်နေ့ကကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့် နိုင်ငံသားစိစစ်ရေးကတ်ကို စမတ်ကတ်ပြောင်းဖို့လုပ်တာဟာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် တာမျိုး မဖြစ်နိုင်ဘဲ ပြည်သူတွေကို ပိုပြီးအရေးယူဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

"တိုင်းပြည်ရဲ့ အခြေအနေက အဲဒီမှတ်ပုံတင်တွေ တစ်ပြည်လုံးနဲ့ချီပြီး စိစစ်ရလောက်တဲ့ အခြေအနေ မရှိပါဘူး။ စိစစ်လို့ရလည်း အမှန်အတိုင်းရမှာမဟုတ်ပါဘူး။ ဘာလို့ဆို တိုင်းပြည်ကထွက်သွားတာ သန်းနဲ့ချီပြီး ရှိနေတာ။ ထွက်ပြေးတိမ်းရှောင်တဲ့ သူက ကုလသမဂ္ဂစာရင်းအရဆို ၁ ဒသမ ၇ သန်း ရှိတယ်။ နောက်ပြီးတော့ NUG၊ PDF ထဲကို ဝင်ရောက်သွားတဲ့သူကအများကြီး၊ CDM တွေရောပဲ။ ဆိုလိုတာကတော့ အိမ်ထောင်စုထဲမှာ ဘယ်သူတွေ ဆက်ရှိနေလဲ၊ ဘယ်သူတွေမရှိဘူး၊ ဘာကြောင့် မရှိဘူးလဲ၊ စစ်ဆေးအကျပ်ကိုင်ပြီး လိုအပ်ရင် အရေးယူတာတွေလုပ်မယ်လို့ မြင်ပါတယ်"

လက်နက်ကိုင်ပဋိပက္ခတွေမရှိတဲ့ ရန်ကုန်တိုင်းအပြင်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့တချို့မှာ စမတ်ကတ် (Smart Card) ပြောင်းလဲရေးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org