စစ်ကောင်စီက တရုတ်နဲ့ ရုရှား တိုက်ခိုက်ရေးရဟတ်ယာဉ်သစ်တွေ ထုတ်ပြ
2022.12.17

ဒီဇင်ဘာ ၁၅ရက်နေ့က ကျင်းပတဲ့ လေတပ် ၇၅နှစ်မြောက် စိန်ရတုနှစ်ပတ်လည်အခမ်းအနားမှာ စစ်ကောင်စီ ထုတ်ပြခဲ့တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်အသစ်တွေထဲမှာ ရုရှားထုတ် Su 30 တိုက်လေယာဉ်နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် Ka 28 အပြင် တရုတ်နိုင်ငံထုတ် FTC 2000G ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်တွေ ပါဝင်ပါတယ်။
Ka 28 က စစ်ကောင်စီ ရရှိထားတာ အချိန်အနည်းငယ်ကြာပြီဖြစ်ပြီး လက်ရှိတိုက်ပွဲတွေမှာ တစ်ခါအသုံးပြုခဲ့ဖူးပေမယ့် ကျန်တဲ့လေယာဉ်တွေကိုတော့ အသုံးပြုတာ မရှိသေးဘူးလို့ လေတပ်က CDM ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။
စစ်တပ်ရဲ့ ပိုင်ဆိုင်မှုအသစ်တွေထဲမှာ အကြီးစားဘက်စုံသုံးတိုက်လေယာဉ် Su 30 ဟာ နေပြည်တော်ကနေ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမဆို သွားရောက်တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
Su 30 က တိုက်ခိုက်နိုင်စွမ်းမြင့်တဲ့ လေယာဉ်အမျိုးအစားဖြစ်ပြီး FTC 2000 G ကတော့ လက်ရှိစစ်တပ်အသုံးပြုနေတဲ့ တိုက်လေယာဉ်တွေနေရာမှာ အစားထိုးသုံးဖို့ဖြစ်တယ်လို့ ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။
“Su 30 ကတော့ လေကြောင်းစိုးမိုးမှုအရ အရမ်းအားသာတယ်။ လေယာဉ်က ကြီးသလို တင်ဆောင်နိုင်တဲ့ ဗုံးအရေအတွက် လက်နက်အရေအတွက်ကလည်း အရမ်းများတယ်။ တခြားလေယာဉ်တွေထက်စာရင် တိုက်ခိုက်နိုင်စွမ်းပိုမြင့်တယ်ဆိုတာ သေချာတယ်။ နောက်တစ်ခုကတော့ FTC 2000 G ၊ ဒါက တရုတ်ကဝယ်တာဖြစ်တယ်။ သူကကျတော့ K-8၊ F -7 တို့ A-5 တို့နေရာမှာ အစားထိုးဖို့အတွက် တစ်မျိုးတည်းကို လေယာဉ်အများကြီးသုံးဖို့ ဝယ်ထားတာဖြစ်တယ်။ ဒါက စရောက်လာပြီ။ အခုလက်ရှိသုံးနေတာက Yak ရယ် K-8 ရယ် MiG 29 ရယ်ကို အဓိကထားပြီးသုံးနေတာ။ တကယ်လို့သာ ဒီအသစ်တွေက fix ဖြစ်ပြီး အသုံးပြုနိုင်တဲ့အနေအထားရောက်ပြီဆိုရင် ဒီလေယာဉ်တွေပါတိုးပြီး အသုံးပြုတိုက်ခိုက်လိမ့်မယ်လို့ ယူဆတယ်။”

အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်တဲ့ FTC 2000 G ကို တံတားဦးလေတပ်စခန်းမှာ ထားပြီး တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက် တိုက်ခိုက်ဖို့အတွက် အသုံးပြုလာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
နောက်ထပ် လေယာဉ်အမျိုးအစားအသစ်ဖြစ်တဲ့ Y-8 ကတော့ စစ်ကောင်စီတပ်တွေရဲ့ မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးအတွက် အထောက်အကူဖြစ်တယ်လို့ သုံးသပ်ပါတယ်။ အရင်က လေတပ်မှာ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ် လေးစီးရှိပြီး မြိတ်မှာ တစ်စီးပျက်ကျခဲ့တာကြောင့် သုံးစီးနဲ့သာ စစ်တပ်ရဲ့ တပ်အရွှေ့အပြောင်းလုပ်တာတွေမှာ အသုံးပြုနေတာပါ။
Y-8 အသစ်တစ်စီး ထပ်ရောက်လာတာက စစ်တပ်အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဗိုလ်ကြီး ဇေသူအောင်က သုံးသပ်ပါတယ်။
“လေတပ်ရဲ့ မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးဆောင်ရွက်တဲ့အခြေအနေမှာ Y-8 က အရမ်းအရေးပါတယ်။ Y-8 က အရမ်းနည်းတဲ့အချိန်မှာ ATR တွေ သုံးတယ်၊ အဲဒါတွေကလည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အချိန်မှာ ATR အတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေရဖို့ ခက်ခဲတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေကနေ လိုအပ်တဲ့ပစ္စည်းတွေကို ယူပြီး အသုံးပြုနေတယ်။ ကျွန်တော်တို့ထင်တာ မမှားဘူးဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေက လေယာဉ်တွေကိုပါသုံးပြီး မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးတွေ လုပ်တယ်။ မဟာဗျူဟာမြောက်သယ်ယူပို့ဆောင်ရေးဆိုတာက ဥပမာ ရခိုင်မှာရှိတဲ့ တပ်မတစ်ခုကို မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းလိုနေရာမျိုးကို ကုန်းလမ်းကနေ ရွှေ့မယ်ဆိုရင် အခက်အခဲပေါင်းများစွာ ရှိတယ်၊ ဒီလေယာဉ်တွေသုံးပြီးရွှေ့မယ်ဆိုရင် နေ့ချင်းပို့နိုင်တယ်။ အခုလက်ရှိသုံးနေတဲ့ ATR နဲ့ Y-8 ရဲ့ လေယာဉ်အရွယ်အစားရော တင်ဆောင်နိုင်တဲ့ စွမ်းရည်ကလည်း အရမ်းကွာတယ်၊ ဒါကြောင့်မို့ Y-8 အသစ်တစ်စီးရောက်လာတာက စကစအတွက် အရမ်းကိုမှ အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။”
ဒါ့အပြင် ရုရှားထုတ် Ka 28 က ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ်ဖြစ်ပေမယ့် တိုက်ခိုက်ရေးမှာလည်း အသုံးပြုလာနိုင်တယ်လို့ သူက ပြောပါတယ်။
“Ka 28 ကတော့ ပင်လယ်ပြင်ကင်းထောက်ရယ် တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေးအတွက် ရုရှားနိုင်ငံက အလကားပေးတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ လောက်ကတည်းက အလကားပေးမယ်လို့ သတင်းတွေ ကြားထားတာပါ။ ရေငုပ်သင်္ဘောတန်ပြန် စစ်ဆင်ရေးဖြစ်တဲ့အတွက် လက်နက်တင်ဆောင်နိုင်တယ်၊ သေနတ်လည်းပစ်နိုင်တယ်။ ရေငုပ်သင်္ဘောတိုက်ခိုက်ရေးအတွက် အဓိကဖြစ်တယ်ဆိုပေမယ့် အခုတိုက်ခိုက်ရေးမှာလည်း အသုံးပြုလာနိုင်တယ်။ သူ့ရဲ့အင်ဂျင်ကတော့ Mi 35 တွေ Mi 17 တွေနဲ့ သိပ်မကွာဘူး အဲဒီအမျိုးအစားတွေပဲ သုံးတာဖြစ်တယ်။ မြေပြင်ကို တိုက်ခိုက်ဖို့ အဓိကမဟုတ်ပေမယ့် သူ့မှာ မြေပြင်ကို တိုက်ခိုက်ဖို့လက်နက်တွေ တပ်ဆင်နိုင်ပါတယ်။ အဲဒီအတွက် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ သုံးလာနိုင်တဲ့လေယာဉ်အမျိုးအစားလို့ ကျွန်တော်ထင်ပါတယ်။”
အခုလက်ရှိ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ MiG 29၊ K-8၊ F-7၊ Yak 130 တိုက်လေယာဉ်အမျိုးအစားတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်မှာ ပစ်မှတ်ကို သေချာစောင့်ကြည့်ပြီး ဗုံးကြဲနိုင်တဲ့ စနစ်ကို တပ်ဆင်အသုံးပြုသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုစနစ် အသုံးပြုနိုင်တဲ့ လေယာဉ်တွေက MiG 29၊ Yak 130 နဲ့ JF 17 တို့ ဖြစ်ပါတယ်။ အခုအသစ်ထပ်ရောက်တဲ့ Su 30 နဲ့ FTC 2000 G မှာလည်း ဒီလိုစနစ်တွေ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို တိုက်လေယာဉ်အသစ်တွေ ပိုင်ဆိုင်တယ်ဆိုတာကို လေတပ်နှစ်ပတ်လည်နေ့မှာ ထုတ်ပြတာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တယ်လို့ စစ်ကိုင်းတိုင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် က ပြောပါတယ်။
“ပထမတစ်ချက်ကတော့ ဒီလိုမျိုးလက်နက်တွေ လေယာဉ်တွေရှိတယ်ဆိုတာကို နိုင်ငံတကာနဲ့ ကျွန်တော်တို့ PDF တပ်ဖွဲ့ဝင်တွေကို ပြသလိုက်တာပဲ။ နံပတ်နှစ်ကတော့ ကျွန်တော်တို့ PDF တွေကို ခြိမ်းခြောက်လိုက်တာပဲ။ ငါတို့မှာ ချေမှုန်းရေးရဟတ်ယာဉ်တွေရှိတယ်၊ စစ်လက်နက်ပစ္စည်းကောင်းကောင်းတွေရှိတယ်၊ ငါတို့ကို မင်းတို့ PDF တွေ မနိုင်ဘူးဆိုတာမျိုးနဲ့ လုပ်တာပေါ့။ ပြည်တွင်းစစ်ကို ပြန်သုံးသပ်ရင် တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်တွေသုံးပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာ၊ အောင်မြင်တဲ့ တိုက်ပွဲ သူတို့မှာမရှိဘူး။ တိုင်းပြည်ဘဏ္ဍာနဲ့ ပြည်သူလူထု ထိခိုက်တာပဲ ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပင်မစခန်းတွေ ပြိုလဲသွားတာတို့ တစ်ခါမှမကြားဖူးဘူး။ ကျွန်တော်တို့ကို ခြိမ်းခြောက်လိုက်တာဖြစ်ပေမယ့် စိုးရိမ်စရာမရှိဘူး။ ကြောက်စရာလည်း မရှိဘူး။ သူတို့မှာ စစ်လက်နက်ပစ္စည်းအပြည့်အစုံရှိပေမယ့် လူအင်အားမရှိဘူး။”
စစ်ကောင်စီက ခြေလျင်တပ်အရေးနိမ့်နေတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုကို အခုလို ထုတ်ပြတာလို့ ဗိုလ်ကြီး ဇေသူအောင်က ကောက်ချက်ချပါတယ်။
“ငါတို့ဆီမှာ ဒါတွေရှိတယ်၊ မင်းတို့ကောင်တွေ ငါတို့ကို မနိုင်နိုင်ဘူးဆိုတာကို ပြောတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ လေယာဉ်တစ်စီးက ၂၄ နာရီလုံး လေထဲမှာ နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုက်လေယာဉ်တစ်စီးက အများဆုံး လေထဲမှာ နေနိုင်ရင် MiG 29 လိုမျိုးဆို တစ်နာရီခွဲပေါ့၊ Yak လိုလေယာဉ်မျိုးက တစ်နာရီခွဲ၊ တစ်နာရီလေးဆယ့်ငါးပေါ့၊ ဒီ့ထက်ပိုပြီး မနေနိုင်ဘူး။ ခေါက်တုံ့ခေါက်ပြန် ပျံရမယ်။ အဓိကက ခြေလျင်တပ်ပေါ့။ အခုလက်ရှိ PDF တွေရဲ့ စွမ်းဆောင်ရည် မြင့်လာတဲ့အနေအထားအရဆိုရင် သိပ်ကြောက်စရာမရှိဘူးလို့ ယူဆပါတယ်။ ဒီလေကြောင်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ တော်လှန်ရေးအင်အားစုတွေဘက်က အမြဲတမ်းစဉ်းစားနည်းလမ်းရှာနေတဲ့အတွက် ဒီ့ထက်ပိုကောင်းတဲ့ တုံ့ပြန်မှုတွေ ပြန်လုပ်လာနိုင်မယ်လို့ ယူဆတယ်။”
ဝေဟင်နဲ့မြေပြင်တင်မက ရေပြင်ကိုပါ ကာကွယ်နိုင်မယ့် စွမ်းဆောင်ရည်ရှိတဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို လေတပ် စိန်ရတုနှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်နိုင်ခဲ့တာဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အကျိုးရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက သူတို့ကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြေပြင်တင်မက ဝေဟင်ကပါ လေကြောင်းအားသာချက်ကို အသုံးချပြီး ဒီနှစ်ထဲမှာ တိုက်ခိုက်မှုတွေ ပိုလုပ်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်က တိုက်ပွဲတိုင်းလိုလိုမှာ စစ်ကောင်စီက လေကြောင်း အသုံးပြုတယ်လို့ ပြောပါတယ်။
“တော်လှန်ရေးလုပ်တဲ့သူတွေကတော့ သူတို့ဘာပဲလုပ်နေလုပ်နေ ကြောက်မနေပါဘူး။ ဒီနှစ်ထဲမှာတော့ လေကြောင်းသုံးတာ များတာပေါ့။ အခေါက်ရေအတိအကျတော့ ကျွန်တော်မမှတ်မိဘူး။ သူ့ကို အထိနာစေတဲ့တိုက်ပွဲမျိုးဖြစ်လာရင် သူအသုံးချတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ လူ ၇ဝနီးပါး သေဆုံးခဲ့ရသလို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းက ကလေး ၇ ယောက်အပါအဝင် ဒေသခံ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာတော့ ၁၇ ယောက်နီးပါး သေဆုံးခဲ့ပြီး မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမှာတော့ ဒေသခံ ၁ဝယောက် သေဆုံးခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို လျှော့ချနိုင်အောင် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပေးဖို့၊ လေယာဉ်ဆီ ဖြတ်တောက်ဖို့နဲ့ လေယာဉ်ပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကို တောင်းဆိုနေတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အခုလိုတိုက်ခိုက်ရေးသုံးလေယာဉ်တွေကို ထပ်မံအားဖြည့်လိုက်တာကိုကြည့်မယ်ဆိုရင် လာမယ့် ၂ဝ၂၃ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။