သတင်းသမားတွေ ထောင်ချခံရမှု သိသိသာသာ မြင့်တက်လာ

မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေအပေါ် စစ်ကောင်စီက အမှုဖွင့်အရေးယူတာနဲ့ ထောင်ချတာတွေ သိသိသာသာ မြင့်တက်နေဆဲဖြစ်တယ်လို့ ပြည်တွင်း သတင်းသမားတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို သတင်းယူနေသည့် သတင်းသမားအချို့ကို တွေ့ရစဉ်။ (Photo: RFA)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်လာအချိန်အထိ သတင်းသမား တွေဟာ ဖမ်းဆီးအရေးယူ ထောင်ဒဏ်ချခံရတာတွေ ရှိနေဆဲဖြစ်သလို လွတ်လပ်တဲ့ မီဒီယာတွေအပေါ်မှာ စစ်တပ်ကထားရှိတဲ့သဘောထား မပြောင်းလဲသေးဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ဟာ အစိုးရဝန်ထမ်း တစ်ဦးဦးကို ပြစ်မှု ကျူးလွန် လာအောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန်ထောင် အထူး တရားရုံးမှာ အောက်တိုဘာ ၇ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရ ပါတယ်။

ဦးစည်သူအောင်မြင့်ဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ - ၁၂၄ (က) အမှုနဲ့ ဗဟန်းမြို့နယ် တရားရုံးမှာ နောက်ထပ်စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) စတဲ့ အမှုနှစ်ခုကို နောက်ထပ် ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

အလွတ်သတင်းထောက် မထက်ထက်ခိုင်ဟာလည်း မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးမှာ စွဲဆိုခံထားရတဲ့ မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇ (၁) အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က အင်းစိန်ထောင် အထူးတရားရုံးမှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရပါတယ်။

မထက်ထက်ခိုင်ဟာ အဲဒီမတိုင်ခင် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ် တရားရုံးမှာ စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အမှုအတွက် အင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရပါတယ်။

အလားတူ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာဟာလည်း အောက်တိုဘာလ ၁၂ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ - (၁၃/၁) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပါတယ်။

ဒီမတိုင်ခင်မှာလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅ဝ၅ (က)၊ အီလက်ထရွန်နစ် ဥပဒေပုဒ်မ - ၃၃ (က) တို့နဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရတာကြောင့် တိုရူကူဘိုတာဟာ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်တာကြောင့် လုံခြံမှု ကင်းမဲ့နေဆဲပဲလို့ ရှမ်းပြည်နယ် အခြေစိုက် ရွှေဖီမြေသတင်းဌာနက သတင်းထောက်တစ်ဦး က RFA ကို ပြောပါတယ်။

“အခြေအနေကတော့ အရင်အတိုင်းပါပဲ။ အရင်အတိုင်းပဲဆိုတာက ကျနော်တို့ သွားလာရေးအတွက်ပဲဖြစ်ဖြစ်၊ သတင်းလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် ကွင်းဆင်းတာတွေ ကတော့ အခြေအနေကတော့ အရင်အတိုင်းပဲ ဖြစ်နေတုန်းပဲပေါ့နော်။ ကိုယ့်လုံခြုံရေး အတွက်၊ ကိုယ့်လူတွေရဲ့ လုံခြုံရေးအတွက် အမြဲ သတိထားနေရတာ။ အရင်အတိုင်းပဲကို စိုးရိမ်နေရတုန်းပဲပေါ့နော်”

ပြည်တွင်းမှာ သတင်းသမားအဖြစ် ဆက်လက်ရပ်တည်ချင်တဲ့သူတွေဟာ ဘေးလွတ်ရာ နေရာတစ်ခုခုကို တိမ်းရှောင်ရင်း သတင်းတွေကို ဆက်လုပ်နေကြရတယ်လို့ သူက ပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေရဲ့အခြေအနေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Detained Journalist Information Myanmar က စာရေးဆရာ ကိုဟန်ဇော်ကတော့ အာဏာသိမ်းပြီးနောက် ဒီနေ့ထိ သတင်းသမား ၁၄၂ ဦးအထိ ထိန်းသိမ်းဖမ်းဆီး ခံထားရတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ပြုစုနိုင်တဲ့ စာရင်းအရဆိုရင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူပေါင်းက ၁၄၂ ဦး ရှိသွားပြီ။ အဲဒီထဲမှာ အမျိုးသားအနေနဲ့ ၁၁၆ ဦး ရှိပြီးတော့ အမျိုးသမီးအနေနဲ့ ဆိုရင်တော့ ၂၆ ဦး ရှိနေတာကို တွေ့ရမယ်ပေါ့နော်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ တချို့တွေဆိုရင် ပြန်လွတ်လာတဲ့သူတွေ ရှိတယ်။ ရှေ့ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းမှာ ပါလာပြီး လွတ်လာတဲ့သူတွေ ရှိသလိုမျိုး ပြစ်ဒဏ်ကျခံရတဲ့အချိန် ပြည့်သွားတာပေါ့နော်။ လွတ်ရက်စေ့တဲ့အတွက် လွတ်လာတဲ့သူတွေလည်း ရှိတယ်ပေါ့နော်”

RFA က မှတ်တမ်းတင်ထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား ၁၄၂ ဦး ထဲက ၃၆ ဦးဟာ ပြစ်ဒဏ်အသီးသီးချမှတ်ခံထားရပြီး ၁၁ ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ကျန် ၉၅ ဦးကတော့ ပုဒ်မအမျိုးမျိုးနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကာလတွေမှာ သတင်းသမားတွေဟာ ဥပဒေရဲ့ အကာအကွယ်မရရှိခဲ့ဘူးလို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရား လွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒါတော့ တိတိကျကျ ဖြေရမယ်ဆိုရင်တော့ အကာအကွယ်မရဘူးလို့ ဖြေရမှာ ဖြစ်ပါတယ်။ အကာအကွယ်မရဘူးဆိုတဲ့နေရာမှာလည်း နှစ်ပိုင်း၊ တစ်ပိုင်းက ခုနက ကျနော်ပြောခဲ့သလို သတင်းမီဒီယာသမားဟာ သတင်းလုပ်ငန်းကိုလုပ်ရင် သတင်း မီဒီယာ ပုဒ်မ - ၇ အရ သူ့ကိုဖမ်းဆီးခွင့်မရှိဘူး။ သူတို့ သုံးထားတဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သိမ်းဆည်းခွင့်မရှိဘူး။ သူတို့ ရိုက်ကူးထားတဲ့အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ ဖျက်ဆီးခွင့်မရှိဘူးလို့ တိတိကျကျ ပြဌာန်းထားသော်လည်းပဲ ဒီဥပဒေက အကာအကွယ်မပေးနိုင်ဘူး”

အမှုရင်ဆိုင်နေရတဲ့ သတင်းသမားတွေဟာ တရားရုံးမှာ အပြစ်မရှိကြောင်း ပေါ်ပေါက် ပေမယ့် ပြစ်ဒဏ်တွေချမှတ်ခံရတာတွေရှိသလို အချို့သတင်းသမားတွေဟာ လွတ်ရက် စေ့ခါနီမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ထပ်မံတရားစွဲဆိုခံရတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။

သတင်းမီဒီယာအမှု အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ သတင်းသမားက သတင်းထောက်အလုပ်ကိုလုပ်ရင်း အဖမ်းခံရတာတွေလို့လည်း ရှေ့နေတွေက ထောက်ပြကြပါတယ်။

အပြင်မှာရှိနေတဲ့ သတင်းသမားတွေဟာလည်း အမြဲစောင့်ကြည့်ခံနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းသမားတစ်ဦးက ပြောပါတယ်။

“တချို့သော သတင်းသမားတွေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ့်ရဲ့ ဘေးကင်း လုံခြုံတဲ့ဒေသမှာ သွားပြီးတော့ ဘေးကင်းလုံခြုံဖို့အတွက် တခြား ခိုလှုံလို့ရတဲ့ နေရာတွေမှာ နေနေရတာတွေ ရှိတယ်။ တချို့ကလည်း ပြည်တွင်းမှာ နေနေရတာတွေ ရှိတယ်။ ပြည်တွင်းမှာ နေနေရတဲ့ သတင်းသမားတွေအတွက်ကတော့ အမြဲတမ်းစောင့်ကြည့်ခြင်း ခံနေရတဲ့ အနေအထားရှိတာပေါ့နော်”

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို သတင်းယူနေသည့် သတင်းသမားတစ်ဦးကို တွေ့ရစဉ်။ (Photo: RFA)

ပြည်တွင်းမှာ သတင်းသမားတွေဟာ သတင်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ မရတော့တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရသလို သွားလာနေထိုင်တာတွေနဲ့ စကား အပြောအဆိုတွေကအစ သတိထားဆင်ခြင်ပြီး လုပ်ကိုင်နေကြရတယ်လို့ သူက ပြောပါတယ်။

ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ သတင်းထောက် မထက်ထက်ခိုင်ရဲ့ မိသားစုဝင်တစ်ဦး ကတော့ သတင်းထောက်အလုပ်လုပ်နေရင်း ထောင်ချခံရတာဖြစ်တဲ့အတွက် အကြီးအကျယ် နစ်နာတယ်လို့ RFA ကိုပြောပါတယ်။

“သူလည်း အများထဲက တစ်ယောက်၊ နစ်နာတဲ့သူ အများကြီးထဲကတစ်ယောက် အပါအဝင် ဖြစ်သွားတာပေါ့နော်။ သူ့ အလုပ်သူလုပ်နေရင်းနဲ့ ဒီလို ဖြစ်သွားတာဆိုတော့ ညီမတို့အနေနဲ့ကတော့ စိတ်ဓာတ်ကျသွားတာမျိုး မရှိဘူး။ သူ့အတွက်တော့ စိတ်မကောင်း ဖြစ်တယ်ပေါ့နော်။ အခုဆိုရင် သူအထဲရောက်နေတာ တစ်နှစ်နဲ့ နှစ်လကျော် သုံးလလောက် ဖြစ်သွားပြီ။ အရမ်းနစ်နာတယ်လေ။ ဘာမှလည်း မလုပ်ရဘူး။ အထဲမှာ ဖိနှိပ်ခံရလား၊ ဘယ်လိုနေရမလည်းလဲ မသိဘူးပေါ့နော်။ သူ့ရဲ့အခွင့်အရေးတွေ အကုန်လုံး ဆုံးရှုံးကုန်တာပေါ့”

မထက်ထက်ခိုင် ဖမ်းဆီးခံရတာဟာလည်း တရားမျှတမှု လုံးဝမရှိဘဲ သူ့အနေနဲ့ ဘယ်လို ရာဇဝတ်မှုမျိုးကိုမှ ကျူးလွန်ခဲ့ခြင်းမရှိဘဲ သူ့အလုပ်သူ လုပ်နေရင်းနဲ့ အဖမ်းခံရတာလို့ အဲဒီ မိသားစုဝင်က ပြောပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကတော့ စစ်ကောင်စီရဲ့ အခုလို ဆိုးဆိုး ရွားရွား ဖိနှိပ်မှုတွေကို တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

RSF ရဲ့ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း ဖော်ပြချက်တွေအရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ပြီးရင် သတင်းထောက်တွေ အများဆုံးဖမ်းဆီးခံရတဲ့ ဒုတိယမြောက်နိုင်ငံဖြစ်လာပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၆ အထိ ကျဆင်းနေပါတယ်။

နိုင်ငံတကာ သတင်းထောက်များ အဖွဲ့(IFJ) ကလည်း အခုလို ပြစ်ဒဏ်ချမှတ်မှုတွေအပေါ် ရှုတ်ချထားသလို စစ်ကောင်စီအနေနဲ့ သတင်းထောက်တွေအပေါ် နှိပ်စက်ညှင်းပန်းတာတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

သတင်းသမားများ ကာကွယ်ရေးကော်မတီ(CPJ) ကလည်း စစ်ကောင်စီအနေနဲ့ သတင်းစာ ဆရာ စည်သူအောင်မြင့်ကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့နဲ့ သတင်းသမားတွေကို မခိုင်မာတဲ့ ဥပဒေတွေနဲ့ နှောက်ယှက်ညှဉ်းပန်း၊ ဖိနှိပ်တာတွေ ရပ်တန်ဖို့လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက်အလုပ်လုပ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ RFA ကို ၂၀၂၂ ခုနှစ်၊ မေလက ပြောဆိုခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင် မီဒီယာအဖြစ် ကြေညာထားတဲ့ မီဒီယာတွေကလွဲရင် နိုင်ငံခြား သတင်းမီဒီယာတွေရော၊ နိုင်ငံခြား သတင်းမီဒီယာတွေက ဌာနကိုယ်စားလှယ်တွေ၊ ဌာနကိုယ်စားလှယ် ဒီအတိုင်း လွတ်လွတ်လပ်လပ်ပဲ ရှိနေပြီး လွတ်လွတ်လပ်လပ်ပဲ သတင်းရေးနေတာပဲ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ မြင်းမူ မောင်နိုင်မိုးကတော့ သတင်းသမားတွေဟာ နိုင်ငံတော်ရဲ့ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုတယ်လို့ RFA ကို ပြောပါတယ်။

“သတင်းသမားပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်။ အကုန်လုံးကတော့ နိုင်ငံတော်ရဲ့ ဥပဒေတွေကို လေးစား လိုက်နာရတယ်။ သတင်းသမားကျတော့ ကျင့်ဝတ်ကိုပါ စောင့်ထိန်းရတဲ့သဘောရှိတော့ ဥပဒေနဲ့အညီ ဆောင်ရွက်လုပ်ကိုင်တယ်။ ကျင့်ဝတ်နဲ့ အညီ လိုက်နာစောင့်ထိန်းတဲ့ သတင်းသမားတိုင်းကို ဆရာတို့က အမြဲတမ်း ကူညီ ဆောင်ရွက်ပေးတယ်။ အခက်အခဲတွေ ရှိလို့ရှိရင်လည်း ဆရာတို့ကို တင်ပြပေးဖို့ ပြောဆိုပေးဖို့ ထုတ်ပြန်ချက် ကြေညာချက်လေးတွေနဲ့ ဒီလို ပြောဆိုခဲ့တာတွေ ရှိပါတယ်နော်”

စစ်ကောင်စီရဲ့ သတင်းမီဒီယာကောင်စီက ကူညီကာကွယ်ပေးလို့ ပြန်လွတ်လာသူတွေ လည်း ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြောတာမရှိပါဘူး။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်ဟောင်း ဦးမြင့်ကျော်ကတော့ အခုလို အခြေအနေ မျိုးမှာ ဘယ်လိုအဖွဲ့အစည်းကမှ သတင်းသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ သတင်းသမားတစ်ဦးချင်းက ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်နေရတယ်လို့ ပြောပါတယ်။

“ဒီလို အခြေအနေအောက်မှာတော့ ဘယ်သူမှတော့ သတင်းသမား အခွင့်အရေး၊ အကာအကွယ် ဆိုတဲ့ဟာမျိုးနဲ့ ပြည်တွင်းမှာ ပေါ်ပေါ်တင်တင်လုပ်ဖို့ မလွယ်ဘူးပေါ့နော်။ အဓိကကတော့ တစ်ဦးချင်း ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကို ရှောင်တိမ်းနိုင်ဖို့၊ သတိထားဖို့ ဆိုတဲ့ဟာမျိုးတွေပဲ တစ်ဦးချင်းပဲ ကိုယ့်ဟာနဲ့ကိုယ် သတိပြုပြီး လုပ်ကိုင် ရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ တစ်ဦးချင်းဆိုတာလေ သတင်းဌာနတွေအနေနဲ့ သူတို့ သတင်းသမားတွေကို ဘယ်လိုမျိုး အဖမ်းမခံရအောင် တစ်ဦးချင်း လုပ်ဆောင်သင့် သလဲဆိုတာကို ညွှန်ကြားဖို့ ဝတ္တရား ရှိတယ်လို့ မြင်တယ်။ သတင်းဌာနတွေအနေနဲ့ လည်း အဲဒီလိုကိစ္စမျိုးမှာ အထူးသတိပြုပြီးတော့ အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ မြင်တာပေါ့”

မြန်မာနိုင်ငံမှာ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာတွေရှိနေဆဲဖြစ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေပေါ်ထားတဲ့ စစ်ကောင်စီရဲ့ သဘောထားဟာ မပြောင်းလဲသေးဘူး လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org