အာဆီယံရဲ့သံတမန်ရေး အကျိုးရလဒ်မဲ့နေကြောင်း သံတမန်အသိုင်းအဝန်းပြော

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.03.29
အာဆီယံရဲ့သံတမန်ရေး အကျိုးရလဒ်မဲ့နေကြောင်း သံတမန်အသိုင်းအဝန်းပြော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြနေကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ။
Photo: AFP

ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ပိတ်ဆို့အရေးယူသင့်ကြောင်း၊ အာဆီယံရဲ့အကျိုးရလဒ်မဲ့တဲ့ သံရေးတမန်ရေးဟာ နိုင်ငံတကာပါဝင်အရေးယူမှုကို ထိခိုက်နေကြောင်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဂျပန်နဲ့ဩစတြေးလျအစိုးရတွေက မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး အတူတကွ အနီးကပ် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ကြပါတယ်။

အဲဒီအချိန်က စပြီး မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေအပေါ် အလေးအနက် စိုးရိမ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သလို အတူတကွ အနီးကပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ကတိပြုခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့မှာ ဩစတြေးလျက မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အရာကိစ္စတွေ၊ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူနိုင်ရေးအတွက် စည်းမျဉ်းသစ်တွေ ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်က ပြည်သူ ၁၇ဝဝ ဝန်းကျင်ကို သတ်ဖြတ်ခဲ့ပြီး ထောင်နဲ့ချီ ထင်သလို ဖမ်းဆီးခဲ့တာပါ။ ဝမ်းနည်းဖွယ်ကောင်းတာကတော့ ဩစတြေးလျ သို့မဟုတ် ဂျပန်ဟာ အပြောတွေသာ များပြီး ဒေသတွင်းက နက်ရှိုင်းလှတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအပေါ် မကိုင်တွယ်သလောက်ဖြစ်နေသလား ဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိဘဲ ဖြစ်နေသေးတာပါပဲလို့ ဆိုပါတယ်။

ဩစတြေးလျနဲ့ ဂျပန်ဟာ မြန်မာနဲ့ပတ်သက်ပြီး လှမ်းခဲ့တဲ့ ခြေလှမ်းလေးတွေတချို့ ရှိခဲ့ကြပါတယ်။ မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ လူသားချင်းစာနာမှု အကူအညီသစ်တွေကို လက်မခံ ဆိုင်းငံ့ထားတဲ့အပေါ် ဂျပန်အစိုးရက ပြစ်တင်ရှုတ်ချခဲ့သလို ဂျပန်လွှတ်တော်ကလည်း မြန်မာမှာ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အလားတူ ဩစတြေးလျကလည်း မြန်မာစစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ အစီအစဉ်တွေကို လမ်းကြောင်းပြောင်းလိုက်ပြီး မြန်မာနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

000_326L449.jpg
၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military )

ဒါပေမဲ့ ဂျပန်နဲ့ဩစတြေးလျအနေနဲ့ မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးတဲ့ နေရာမှာ မဟာမိတ်လေးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ အမေရိကန်၊ အီးယူဥရောပသမဂ္ဂ၊ ကနေဒါ တို့နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ လိုနေကြောင်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း အာဆီယံက အချက်ငါးချက်ပါ သဘောတူညီချက် ထုတ်ပြန်ခဲ့ပြီးကတည်းက ဆောင်ရွက်ဖို့ရှိတဲ့ လုပ်ငန်းကိစ္စတွေ တစ်ခုမှ တိုးတက်မှု မရှိခဲ့ပါဘူး တဲ့။ မြန်မာစစ်ကောင်စီဟာ အာဆီယံရဲ့ အနိမ့်ဆုံးအဆင့် ကိစ္စတွေကိုတောင် ဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့အပြင် အာဆီယံအပေါ် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ မတူကွဲပြားတဲ့ သဘောထားတွေကို အခွင့်ကောင်းယူပြီး အချိန်ဆွဲနေကြောင်းလည်း ဖော်ပြပါတယ်။

ဒီအတွင်း ဂျပန်နဲ့ဩစတြေးလျက အာဆီယံကို အကာအကွယ်ယူပြီး ပစ်မှတ်ထား အရေးယူတာတွေကနေ ရှောင်ဖယ်ခဲ့လို့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အရေးယူဖို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အားထုတ်မှုတွေ ထိခိုက်ခဲ့ရပါတယ်။

ဒီနှစ် မတ်လအတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn တို့ မြန်မာစစ်ကောင်စီ ခါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေးအပါအဝင် အချက်ငါးချက်ပါ သဘောတူညီချက်ကို ထောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ တိုးတက်မှုနည်းနည်းပဲ ရခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထိန်းသိမ်းခံ NLD ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရကြောင်း Prak Sokhonn က ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး Michelle Bachelet က ကုသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် လုံလောက်တဲ့ စွမ်းဆောင်မှုတွေ မဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက ဂျပန်နိုင်ငံရဲ့ အာဏာရနဲ့ အတိုက်အခံ အမတ်တွေက အစိုးရအနေနဲ့ ပြည်ပက နိုင်ငံတကာလူ့အခွင့်အရေး ချိုးဖောက်သူတွေကို ပိတ်ဆို့အရေးယူဖို့ ဥပဒေတစ်ရပ် ထုတ်ပြန်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာတော့ ဝန်ကြီးချုပ် Kishida Fumio က အဲဒီလိုဥပဒေမျိုး ထုတ်ပြန်ဖို့ ဆက်လက်စဉ်းစားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်အစိုးရအနေနဲ့ အခုထိ အဲဒီဥပဒေမျိုး ချမှတ်မှု မရှိသေးပါဘူး။

ဒီအတွင်း ဩစတြေးလျနိုင်ငံက သူ့ရဲ့ပိတ်ဆို့အရေးယူမှုဆိုင်ရာ ပြင်ဆင်မှုဥပဒေကို ၂၀၂၁ ခုနှစ် နှစ်ကုန် ပိုင်းမှာ ထုတ်ပြန်ခဲ့လို့၊ အစိုးရအနေနဲ့ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူတာတွေ၊ ခရီးသွားလာခွင့်ပိတ်ပင်တာတွေ ဆောင်ရွက်နိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့တွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေက ဖိအားပေးနေကြပေမဲ့ အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ ဆန္ဒမရှိကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာဖိအားကို အရေးမစိုက်သလို ပိတ်ဆို့အရေးယူမှုတွေဟာလည်း လက်တွေ့မှာ အောက်ခြေပြည်သူတွေအတွက် ထိရောက်မှုနည်းပါးကြောင်း ဩစတြေးလျအစိုးရက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။