အင်တာပိုလ်နဲ့ စစ်ကောင်စီ အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှု ရှိနေသလား

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.09.29
အင်တာပိုလ်နဲ့ စစ်ကောင်စီ အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှု ရှိနေသလား ၂ဝ၁၄ ခုနှစ်က မြင်တွေ့ရသည့် စင်္ကာပူနိုင်ငံ အင်တာပိုလ်ရုံး မြင်ကွင်းတစ်ခု။
Photo: Reuters

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲ စင်မြင့်ထက်ကနေ တောင်းဆိုခဲ့တဲ့ မြန်မာအလှမယ်ဟန်လေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်က ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံကို ပြန်လာရာမှာ ပတ်စ်စပို့ကို အနီရောင် သတိပေးချက် Red Notice ပေါ်လာတယ်ဆိုပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်ကောင်စီဟာ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ အများစုပါဝင်တဲ့ အလိုရှိသူစာရင်းကို နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ဆီကို ပေးပို့ထားပြီး မြန်မာနိုင်ငံကို ဖမ်းဆီးပို့ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီကနေ မြန်မာအလှမယ်ဟန်လေးကို ရာဇဝတ်မှုကျူးလွန်ထားသူအဖြစ် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ကို စာရင်းပေးပို့ထားတဲ့အတွက် ပြည်ဝင်ခွင့်ငြင်းပယ်ခံရတာဖြစ်ပြီး ထိန်းသိမ်းခံခဲ့ရတာဖြစ်နိုင်ကြောင်း အစောပိုင်းက သတင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး RFA က အင်တာပိုလ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဆိုပါလူပုဂ္ဂိုဟ် (ဟန်လေး)ဟာ အင်တာပိုလ်ရဲ့ အလိုရှိသူစာရင်းမှာ မပါဝင်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

“ မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် အခွင့်အရေးကို ချိုးဖောက်ပြီး အခုလို ပတ်စ်စပို့ ဖျက်သိမ်းတာကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး”

အလှမယ် ဟန်လေးရဲ့ပတ်စ်စပို့မှာ ပြဿနာရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားပေမယ့် ဒါဟာ စစ်ကောင်စီကနေ သူတို့ကို ဆန့်ကျင်ဝေဖန်တဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့ အခုလို ပတ်စ်စပို့ကို ဖျက်သိမ်းလိုက်တာသာဖြစ်ကြောင်းနဲ့ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခု ဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာ ဒါရိုက်တာ Phil Robertson က ပြောပါတယ်။

“စစ်ကောင်စီဟာ မြန်မာပြည်သူတွေရဲ့ ဘဝတွေကို လိုက်ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ သူတို့ကိုကို ဝေဖန်ရှုတ်ချခဲ့တဲ့အတွက် နိုင်ငံရေးရည်ရွယ်ချက်သက်သက်နဲ့ အလှမယ် ဟန်လေးရဲ့ ပတ်စ်စပို့ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဗီယက်နမ်ကနေ ထိုင်းနိုင်ငံကို ပြန်လာတဲ့အချိန်မှာ ပြည်ဝင်ခွင့်မရဘဲ နိုင်ငံမဲ့ဖြစ်သွားအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ ဟန်လေးရဲ့ ပတ်စ်စပို့ဟာ ’ပြဿနာ‘ အချို့ ရှိနေတယ်လို့ စကားလုံးလှလှသုံးပြီး ကြေညာချက်ထုတ်ပြန်ထားပေမယ့် ဟန်လေးဟာ ဗီယက်နမ်လေဆိပ်ကနေ ထွက်ခွာတဲ့အချိန်အထိ ဘာပြဿနာမှာမရှိခဲ့တာ အားလုံး အသိပါပဲ။ မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် အခွင့်အရေးကို ချိုးဖောက်ပြီး အခုလို ပတ်စ်စပို့ ဖျက်သိမ်းတာကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်ကို အားလုံးက ရှုတ်ချသင့်ပါတယ်။ ကမ္ဘာ့နိုင်ငံအစိုးရတွေအနေနဲ့လည်း မြန်မာစစ်ကောင်စီဟာ အနာဂတ်မှာ အလားတူနည်းလမ်းတွေ သုံးပြီး၊ သူတို့ကို ဆန့်ကျင်တဲ့ ပြည်ပရောက်မြန်မာတွေကို ဒုက္ခပေးဖို့ လုပ်လာမယ့် အလားအလာကို သတိထားသင့်ပါတယ်။ ”

စစ်ကောင်စီရဲ့ အလိုရှိသူစာရင်းမှာ ပါဝင်ပြီး၊ ပတ်စ်စပို့ ဖျက်သိမ်းခံလိုက်ရတဲ့ အလှမယ်ဟန်လေးဟာ ထိုင်းလေဆိပ်၊ နိုင်ငံတကာ ဇုန်ထဲက ဟိုတယ်မှာ ငါးရက်ကြာ နေထိုင်ခဲ့ရပြီးတဲ့နောက် ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုမှု မရှိသေးတဲ့အပြင် ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီလားလို့ မေးခွန်းထုတ်စရာရှိနေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG၊ CRPH PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အခြားပြည်ပရောက်မြန်မာတွေရဲ့ အာဏာသိမ်းဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတွေကို အင်တာပိုလ်ရဲတပ်ဖွဲ့ဆီကို ပို့ဆောင်ထားကြောင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး အလှမယ်ဟန်လေး ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံရပြီးနောက်မှာလည်း စစ်ကောင်စီကနေ အလိုရှိတဲ့ ပြည်တွင်းမှာ ပြစ်မှုကျူးလွန်ခဲ့သူ စာရင်းကို အင်တာပိုလ်ရဲတပ်ဖွဲ့ဆီကို ပေးပို့ထားပြီး မြန်မာနိုင်ငံကို ဖမ်းဆီးပို့ဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ဟာ စစ်ကောာင်စီနဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုမရှိပေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိနေသယောင် ထုတ်ပြန်ပြောဆိုခဲ့တာလို့ သုံးသပ်ပါတယ်။

အင်တာပိုလ်အဖွဲ့ဟာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ နှိမ်နင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေဦးမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ပေးပို့လာတဲ့ အမည်စာရင်းပါသူတွေကို အရေးယူပေးဖို့ လုပ်မှာမဟုတ်ကြောင်းကို တရားဝင်သတင်းထုတ်ပြန်မှာတော့ မဟုတ်ဘူးလို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အလှမယ်ဟန်လေးကို မြန်မာနိုင်ငံကို ပြန်လာအောင် အကြပ်ကိုင်ဖို့ ထောင်ချောက်ဆင်ဖန်တီးထားတာ ဖြစ်ပါတယ်"

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကPhil Robertson ကတော့ အလှမယ်ဟန်လေးရဲ့ ကိစ္စမှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံစလုံးက အသုံးပြုတဲ့ နိုင်ငံတကာမှုခင်းစောင့်ကြည့်ရေးစနစ် တစ်ခုခုကို အသုံးပြုပြီး၊ မြန်မာဘက်က ပတ်စ်စပို့ကို ဖျက်သိမ်းလိုက်တဲ့အတွက် အခုလို ပြည်ဝင်ခွင့်ငြင်းပယ်ပြီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ထိုင်းအာဏာပိုင်တွေဘက်က မြန်မာစစ်ကောင်စီဘက်ကို သတင်းပေးပို့ခဲ့တာရှိမရှိ စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့လည်း Phil Robertson က သုံးသပ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကနေဒါနိုင်ငံလိုပဲ ဖိနှိပ်မှုတွေကနေ အကာအကွယ်ရဖို့ ထွက်ပြေးလာသူတွေအတွက် ရပ်တည်ပေးကြဖို့လိုတယ်လို့ သူက ပြောပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အလှမယ်ဟန်လေးကို မြန်မာနိုင်ငံကို ပြန်လာအောင် အကြပ်ကိုင်ဖို့ ထောင်ချောက်ဆင်ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာရင် ချက်ချင်းဖမ်းဆီး၊ ထိန်းသိမ်းခံရပြီး၊ ထောင်ဒဏ်ချမှတ်ခံရမှာ သေချာသလောက်ရှိနေပါတယ်။ ကံကောင်းစွာနဲ့ဟန်လေးဟာ လေဆိပ်မှာပဲ ဆက်နေပြီး လိုအပ်တဲ့ အကာအကွယ်တွေ ရယူဖို့ အကြံဉာဏ်ကောင်းတွေ ရရှိခဲ့ပါတယ်။ အခုလို ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရသွားတာဟာ လူ့အခွင့်အရေးနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းနေတဲ့သူ အားလုံးအတွက် အောင်ပွဲတစ်ခုဖြစ်ပါတယ်။ “

307839224_1146798195971928_1439449498961022696_n.jpg
၂၀၂၁ ခုနှစ် နိုဝင်ဘာလက တူရကီနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အင်တာပိုလ် အထွေထွေညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်ခဲ့စဉ်။ (Photo: Myanmar Military)

အင်တာပိုလ်ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုလို ကြီးလေးတဲ့ ပြစ်မှုတွေအတွက် ရဲတပ်ဖွဲ့ချင်း နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စွဲဆိုထားတဲ့ အမှုအခင်းတွေမှာ မပါဝင်မိအောင် စိစစ်ဆောင်ရွက်ဖို့နဲ့ အရပ်သားပြည်သူတွေရဲ့လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလက တူရကီနိုင်ငံမှာ ပြုလုပ်တဲ့ အင်တာပိုလ်ရဲ့အထွေထွေညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် မပြုဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက စုပေါင်းတောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ စစ်ကောင်စီရဲချုပ်နဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။