မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်မှုအဆင့် ကျဆင်းသွား

သန့်ဇင်ဦး
2020.12.22

မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်မှု အညွန်းကိန်းဟာ အခုနှစ်မှာ ငါးဆင့်ထိကျသွားပြီး ကမ္ဘာ့အင်တာနက် လွတ်လပ်မှုမရှိဆုံးနိုင်ငံများ စာရင်းထဲမှာပဲ ရှိနေသေးတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ အစိုးရဘက်ကတော့ အင်တာနက်ပိတ်ထားတဲ့ဒေသတွေမှာ ပြန်ဖွင့်ပေးသင့်သလောက် ပြန်ဖွင့်ပေးထားတယ်လို့ဆိုပါတယ်။ အစိုးရက အင်တာနက်ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ အင်တာနက်သုံးစွဲခွင့်တွေ ကန့်သတ်ခံနေရတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြတာပါ။

မြန်မာနိုင်ငံဟာ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့အင်တာနက်လွတ်လပ်မှု အညွန်းကိန်း အဆင့် ၃၆ ရရှိနေရာကနေ အခုနှစ် ၂၀၂၀ အမှတ်ပေး မှုမှာ အဆင့် ၃၁ အထိ ကျဆင်းသွားပါတယ်။

“အင်တာနက်ပေါ်တွင် လွတ်လပ်မှုနဲ့ မြန်မာနိုင်ငံ”ဆိုတဲ့ အစီရင်ခံစာကို ရန်ကုန်အခြေစိုက် Free Expression Myanmar လို့ခေါ်တဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ ဆိုတဲ့အဖွဲ့က ဒီဇင်ဘာလ ၂၂ ရက် ဒီကနေ့မှာထုတ်ပြန်တာပါ။

ဒီအစီရင်ခံစာဟာ အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာအတွက် Free Expression Myanmar က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်မှု အခြေအနေကို သုတေသန တာဝန်ယူလုပ်ပေးတာပါ။

မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်မှု ကျဆင်းရတဲ့ အကြောင်းအရင်းတွေကိုတော့ ဒီအစီရင်ခံစာကိုပြုစုတဲ့ လွတ်လပ်သောထုတ်ဖော် ပြောဆိုခြင်း မြန်မာ FEM အဖွဲ့ ရဲ့ ညွှန်ကြားရေးမှူး မယဉ်ရတနာသိန်းက ရှင်းပြပါတယ်။

"ကမ္ဘာတစ်ခုလုံးရဲ့အနက်မှာ ခြေလှမ်းအကျဲဆုံး ဘာကြောင့်ဖြစ်သလဲလို့ ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာပြည်မှာ ရုပ်ဆိုးစွာဖြစ်ပေါ်ခဲ့တဲ့ ကာလကြာရှည်ဖြစ်ပေါ်ခဲ့တဲ့ အင်တာနက်ဖြတ်တောက်မှုတွေပေါ့၊ ဖြတ်တောက်မှုတွေ ပြီးသွားတဲ့အခါမှာလည်း ဝက်ဘ်ဆိုဒ်တွေကို လိုက်ပြီးတော့ ပိတ်ပင်တာ ဘမ်းတာစတဲ့ အစိုးရရဲ့လုပ်ရပ်တွေကြောင့် ကျဆင်းတယ်၊ နောက်တစ်ခုကတော့ ဝက်ဘ်ဆိုဒ်တွေ ဘမ်းရုံတင်မဟုတ်ပဲ အင်တာနက်ကိုပြန်ဖွင့်ပေးပါလို့ အရပ်ဘက်အဖွဲ့တွေက အော်နေကြ ပေမယ့် တကယ့်တမ်းကျတော့ အင်တာနက်ကို အပြည့်အဝပြန်မပေးဘဲနဲ့ 2G ပဲပြန်ပေးခဲ့တယ်၊ ကမ္ဘာကြီးတစ်ခုလုံးက အခုမှာ 4G ၊ တချို့နိုင်ငံတွေဆို 5G ဆိုတဲ့အနေအထားကိုသွားဖို့ ပြင်နေကြတဲ့အချိန်မှာ ဘာကြောင့် ရခိုင်နဲ့ချင်းမှာနေတဲ့ပြည်သူတွေက 2G ပဲ ရတာလဲ။"

ဒီအစီရင်ခံစာမှာ မြန်မာပြည်ရဲ့ တစ်နှစ်တာအတွင်း အင်တာနက်သုံးစွဲနိုင်မှုအပေါ် အတားအဆီးတွေ ရှိ/မရှိ၊ အင်တာနက်အသုံးပြုသူတွေ ရေးသားတင်ပြတဲ့ အကြောင်းအရာတွေကို ကန့်သတ်ထိန်းချုပ်မှု ရှိ/မရှိနဲ့ အသုံးပြုသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေ ရှိ/မရှိ စတဲ့အချက်တွေကို တိုင်းတာအမှတ်ပေးပြီး အညွန်းကိန်းသတ်မှတ်တာဖြစ်တယ်လို့ မယဉ်ရတနာသိန်းက ဆိုပါတယ်။

အင်တာနက်လွတ်လပ်မှု အညွန်းကိန်း ကျဆင်းရတဲ့အထဲက တစ်ချက်ဖြစ်တဲ့ အင်တာနက်ဖြတ်တောက်ခဲ့ရတဲ့အကြောင်းကိုတော့ အစိုးရ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ရှင်းပြပါတယ်။

"2G တို့ ဘာတို့ ပိတ်တာတို့ကလည်း နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအပေါ်လည်း တချို့နေရာတွေက မူတည်နေ တာကို၊ အဓိကပြောချင်တာက ရခိုင်ပေါ့နော်၊ ရခိုင်ကတော့ သူတို့ရဲ့ နယ်မြေအခြေအနေပေါ်မူတည်ပြီးတော့ အဲမှာ ဒေသတည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ဟာတွေရှိလို့ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေက ခဏအင်တာနက်တွေပိတ်တယ်၊ နောက်ပိုင်း မှာတော့ အခြေအနေပြန်ကောင်းလာတော့ တချို့လူမှုဆက်သွယ်ရေးတွေ စီးပွားရေးတွေ ဆက်သွယ်လို့ရအောင် 2G ပေါ့နော်၊ 2G ဆိုတာကလည်း အခုကျမှသာ 3G တို့ 4G တို့သုံးတာပေါ့နော်၊ 2G ဆိုတာ ၂၀၁၅၊ ၂၀၁၆ လောက်အထိ တို့ဗမာနိုင်ငံမှာ သုံးခဲ့တာ ပေါ့လေ၊ ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း ခုနကပြောသလို တချို့ပြန်ဖွင့်ပေးဖို့လည်း အခြေအနေပေါ်မူတည်ပြီးတော့ သွားမှာ ပေါ့နော်၊ ကျန်တာတော့ တို့နိုင်ငံမှာဘာမှသိပ်မရှိပါဘူး၊ တော်တော်များများက Open ပြောနေကြ တင်နေကြတာပဲလေ၊ facebook ဆိုတာကလည်း တချို့ပိတ်တယ်ဆိုတာက သူတို့ Policy နဲ့ သူတို့သွားတာပေါ့လေ။"

လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေက ဘက်ပေါင်းစုံက သုံးသပ်ဆုံးဖြတ်ပြီး ဖွင့်ပေးသင့်သလောက် ပြန်ဖွင့်ပေးထားပြီးဖြစ်တယ်လို့လည်း ဦးမျိုးဆွေ က ဆိုပါတယ်။

လာမယ့်အစိုးရသစ်လက်ထပ်မှာတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သက်ဆိုင်တဲ့ကိစ္စတွေ အများကြီးပိုကောင်းလာလိမ့်မယ်လို့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

"ရခိုင်မှာ အင်တာနက်ပိတ်တာတို့ ဘာတို့ကတော့ ဒါတွေက လုံခြုံမှုလည်းမရှိဘူး၊ နောက်ပြီးတော့ တကယ့် ပဋိပက္ခနေရာတွေ ဖြစ်နေတဲ့အခါဆိုတော့ လုပ်ရကိုင်ရတာခက်တယ်ဗျ၊ ဒါကြောင့် ဒီဟာကို ပိတ်လိုက်တယ်လို့ ကျွန်တော်က ယူဆပါတယ်၊ အခုတော့ ရခိုင်ဒေသမှာတော့ တည်ငြိမ်အေးချမ်းမှု အခြေအနေတွေ အများကြီးကောင်းလာပြီလေ၊ ကောင်းလာတဲ့အခါကျတော့ အင်တာနက် ကိစ္စတွေကတော့ ပြေလည်သွားလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်၊ တို့အတူပါပဲ အခြားလွတ်လပ်စွာပြောဆိုခွင့်ပေါ့လေ ဒီကိစ္စတွေ ကလည်း နောက်လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အများကြီးပြုပြင်ပြောင်းလဲမှုတွေ ရှိလာလိ့မ်မယ်လို့ ကျွန်တော်ယူဆ ပါတယ်။"

ကျဆင်းရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာစတင်ခဲ့တဲ့ ကမ္ဘာ့အရှည်ကြာဆုံး ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အင်တာနက်ဖြတ်တောက်မှုတွေ၊ သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ခဲ့တာတွေ၊ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း ဒီနှစ်သြဂုတ်လတုန်းက အလွန်နှေးကွေးတဲ့ 2G အဆင့်ပဲ ပြန်ဖွင့်ပေးတာတွေ စတဲ့အချက်တွေက အဓိကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်အတွက် အင်တာနက်လွတ်လပ်မှု အညွန်းကိန်း ငါးဆင့်ကျဆင်းသွားပြီး ကမ္ဘာ့အင်တာနက် လွတ်လပ်မှုမရှိဆုံး နိုင်ငံများ စာရင်းထဲမှာပဲ ရှိနေသေးတယ်လို့ ဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အင်တာနက်ကရော၊ တယ်လီဖုန်းနဲ့ပါ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လာမယ့် အစိုးရသစ်အနေနဲ့ အင်တာနက်လွတ်လပ်ခွင့်အတွက် ဥပဒေပြုပြင်ပြောင်းလဲဖို့တွေကို ဆက်လုပ်ဖို့လည်း FEM ရဲ့ ညွှန်ကြားရေးမှူး မယဉ်ရတနာသိန်း က တိုက်တွန်းပါတယ်။

"အသုံးပြုသူအခွင့်အရေးကို ကာကွယ်ဖို့အတွက် အစိုးရက ဥပဒေတွေပြင်ဆင်ပြောင်းလဲဖို့ လိုမယ်၊ ဥပဒေတွေပြင်ဆင်ပြောင်းလဲဖို့ လို့ပြောတဲ့အခါ အခုအရမ်းလူသိများနေတဲ့ အသရေဖျက်မှုတစ်ခုတည်းပဲ ပြောင်းလဲလို့မရဘူး၊ အွန်လိုင်းမှာရှိနေတဲ့ အသရေဖျက်မှု အပါအဝင် အခြားဟာတွေရော၊ ကြားဖြတ်နားထောင်မှုတွေနဲ့ ပတ်သက်တဲ့ဟာတွေမှာရော ကျွန်တော်တို့က ဥပဒေမူဘောင်တွေ လိုနေတယ်၊ တကယ်ကို တိကျတဲ့ရည်ရွယ်ချက်ကောင်းတဲ့ ဥပဒေမူဘောင်တစ်ခုကို အစိုးရကချမှတ်ဖို့လိုတယ်၊ ပြီးရင်တော့ အဲဒီဥပဒေမူဘောင်ဟာ လူ့အခွင့်အရေး နိုင်ငံတကာစံနှုန်းတွေနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ အညီဖြစ်ဖို့လိုတယ်၊ နောက်ထပ်တစ်ခါ ဘယ်သောအခါမှ အင်တာနက်ဖြတ်တောက်မှုတွေမလုပ်ဖို့ 2G ဆိုတဲ့အဆင့်ကို လျှော့မပေးဖို့၊ နောက်တစ်ခုက ဝက်ဘ်ဆိုဒ်တွေကို မဘမ်းဖို့၊ အစိုးရအနေနဲ့ မလုပ်ဖို့ အများကြီးအရေးကြီးပါတယ်၊ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ အင်တာနက်အညွှန်းကိန်းဟာ ဒီအတိုင်းရှိနေမယ် သို့မဟုတ် ဒီထက်ပိုပြီးဆက်ကျသွားဖို့ရှိပါတယ်။"

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတွေလည်း မြန်မာနိုင်ငံနဲ့အတူ အင်တာနက်လွတ်လပ်မှုအညွန်းကိန်း ကျဆင်းပေမယ့် မြန်မာနိုင်ငံကတော့ ငါးဆင့်အထိ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတာဖြစ်တယ်လို့ အစီအရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အာရှမှာ တရုတ်နိုင်ငံကတော့ အင်တာနက်လွတ်လပ်မှု အနိမ့်ဆုံးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အင်တာနက်လွတ်လပ်မှု အညွန်းကိန်းအရ အဆင့် ၁၀၀ ကနေ ၇၀ အထိကို အင်တာနက်လွတ်လပ်မှုရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ် ထားပါတယ်၊ အဆင့် ၆၉ ကနေ ၄၀ အထိကို တစ်စိတ်တစ်ပိုင်းလွတ်လပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ပြီး ရမှတ်အဆင့် ၃၉ ကနေ ၀ အထိကိုတော့ လုံးဝလွတ်လပ်မှုမရှိတဲ့နိုင်ငံအဖြစ် သတ်မှတ်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။