၂၀၂၄ နှစ်သစ်မှာ စစ်ရေး ပိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်သူတွေရှိ
နိုင်ငံတစ်ဝန်းက မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက် စခန်းပေါင်း လေးရာဝန်းကျင်ကို စစ်ကောင်စီတပ်က စွန့်လွှတ်ခဲ့ရပါတယ်။
-
RFA Burmese
2024-01-05 -
-
-
နိုင်ငံတစ်ဝန်း ပြင်းထန်လာတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ဒီနှစ်အတွင်း နေပြည်တော်က စစ်ကောင်စီရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး အကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်ကစလို့ လက်နက်ကိုင် ဆန့်ကျင်မှုတွေကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေသုံးပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်နေပေမယ့် အခြေစိုက်စခန်းတွေ နဲ့ ထိန်းချုပ်နယ်မြေတွေကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေကတော့ စစ်ကောင်စီတပ်ရဲ့ ကျရှုံးချိန် နီးကပ်လာပြီလို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူး မိန့်ခွန်းတွေမှာ ပြောဆိုခဲ့ ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီနိဂုံး နီးကပ်လာပြီဖြစ်လို့ စစ်ရေးကို အရှိန်မြှင့်သွားမယ်လို့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
“အခု ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်တပ်ကို အမြန်ဆုံး ပြိုကျစေရေးအတွက် နောက်ဆုံး ပွဲသိမ်းရိုက်ချက်ဖြင့် စစ်ရေး အရှိုက်ထိအောင် အပြန်းထန်ဆုံး တော်လှန်ကြဖို့ တိုက်တွန်း လိုပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးလှိုင်းလုံးတွေနဲ့ စစ်ကောင်စီရဲ့ အဓိက ပင်မ စစ်ရေးဗဟိုချက်ကို ဖြိုချနိုင်သည်အထိ တက်လှမ်းပြီး တော်လှန်ရေး အောက်ပွဲကို ရယူကြပါစို့လို့ ပြောကြားချင်ပါတယ်”
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လကလည်း စစ်ကောင်စီတပ်ဟာ စစ်ရှုံးနေပြီလို့ ပြောပါတယ်။ ဒီ ၂၀၂၄ ခုနှစ်အတွင်း ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ် လို့လည်း သူက ပြောပါတယ်။
“အခြေစိုက် စခန်းပေါင်း လေးရာဝန်းကျင်ကို စစ်ကောင်စီတပ်က စွန့်လွှတ်ခဲ့ရပါတယ်”
အလားတူ ကရင် အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီတပ်ဟာ ရပ်တည်လို့မရတော့အောင် အခြေအနေဆိုးဝါးနေပြီလို့ ပြောပါတယ်။
“ဒီနေ့ ဒီအချိန်အခါမှာဆိုရင် စစ်အာဏာရှင်ဟာ ကံဆိုးမိုးမှောင်ကျပြီးတော့ ဘယ်နေရာ မှ ရပ်တည်လို့မရအောင် အခြေအနေ ဆိုးဝါးနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီ ၂၀၂၄ ထဲမှာ ထပ်ပြီးတော့ စစ်အာဏာရှင်တွေကို သတိ ပေးလိုတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရပ်တည်ချက် ဖြစ်တဲ့ စစ်တပ် ဟာ နိုင်ငံရေးကနေ စွန့်ခွာရမယ်၊ စစ်တပ်ကို အသွင်ကူးပြောင်းပြီး ရွေးကောက်ခံ အရပ်သား ပြည်သူလူထုရဲ့ အုပ်ချုပ်မှုအောက်မှာ နေရမယ်ဆိုတာကို လက်ခံရမယ်။ ဒုတိယအချက်အနေနဲ့ စစ်တပ်ကနေ မတော်မတရား ကျူးလွန်ခဲ့တဲ့ အမှုကြီး အမှုငယ်အားလုံးကို တာဝန်ခံတဲ့အနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုကို လက်ခံရပါမယ်”
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း နယ်မြေတချို့မှာ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်း ပြည်နယ်မှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ကိုးကန့်အဖွဲ့ (MNDAA) ခေါင်းဆောင်တွေကလည်း စစ်ကောင်စီ တပ်ကို ဆက်လက် တိုက်ခိုက်မယ်လို့ ဇန်နဝါရီလ ၁ ရက်မှာ ပြောဆို ခဲ့ကြပါတယ်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း အပြောင်းအလဲတစ်ခုကို ဖန်တီးမယ်လို့ ဒီဇင်ဘာလအတွင်းက လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုတစ်ခုမှာ ပြောဆိုထားပါတယ်။
“ငါတို့ မျှော်လင့်ချက်၊ ငါတို့ ကြိုးပမ်းအားထုတ်မှုတွေကို ဘယ်အရာကမှ တားဆီးလို့ မရဘူး။ ရလား၊ မရလားဆိုတာကို မင်းတို့ အသိဆုံးပဲ။ ငါတို့ရှေ့မှာ အတားအဆီးတွေ အများကြီး ရှိခဲ့တယ်။ ကြီးမားတဲ့ အတားအဆီးတွေ ရှိခဲ့တယ်။ အဲဒါတို့ မင်းတို့ ငါတို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာပဲမလား။ အဲဒီလိုပဲ ရှေ့ဆက်ပြီး လုပ်မယ့်အလုပ်တွေ ကိုလည်း အဲဒီအတိုင်းပဲ ဖြတ်ကျော်မှာပဲ။ ငါတို့တပ်တွေကို ဖြန့်ပြီး လုပ်နေရတယ်။ ဌာနချုပ်လည်း အခုအထိ ကချင်ပြည်မှာပဲ ရှိသေးတယ်။ ငါတို့မှာတော့ ၂၀၂၃၊ ၂၀၂၅ ဒီနှစ်နှစ်ပေါ့။ ဒီနှစ်အတွင်းမှာ ကမ္ဘာကြီးကို သက်သေပြမယ်။ ရခိုင်ပြည်သူတွေကိုလည်း အလုပ်နဲ့ သက်သေပြမယ်။ အလုပ်နဲ့ သက်သေပြမယ်၊ ရလဒ်ကိုလည်း ဖန်တီးပြမယ်။ တစ်ခုခုတော့ ပြောင်းလဲစေရမယ်”
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း AA က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝက စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်မယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်း က မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက် စခန်းပေါင်း လေးရာဝန်းကျင်ကို စစ်ကောင်စီတပ်က စွန့်လွှတ်ခဲ့ရပါတယ်။
စစ်ကောင်စီက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ဖို့ တရုတ်အစိုးရ အကူအညီကိုယူပြီး ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စေ့စပ် ဆွေးနွေးရေး ကြိုးပမ်းနေပေမယ့် မအောင်မြင်ပါဘူး။
နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူ စစ်တပ်အရာရှိဟောင်း ဒေါက်တာ အောင်မျိုးက တော့ အတိုက်အခံ အင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်ဖို့ သေချာပေမယ့် စစ်ကောင်စီတပ်က ဘယ်လို တုံ့ပြန်မလဲဆိုတာ မှန်းဆရခက်တယ်လို့ ပြောပါတယ်။
“အတိုက်အခံတွေဘက်က ဆော်လာမှာကတော့ အသေအချာပဲ၊ သူတို့က တဖြည်းဖြည်း နဲ့ နိုင်ခြေကြက် ဖြစ်လာပြီ၊ နိုင်ခြေရှိတဲ့ကြက် ဖြစ်လာတော့ ခွပ်မှာပဲ ဆော်မှာပဲ။ ဒီအတိုင်းကတော့ ဒီထက် ဆိုးမှာကတော့ အသေအချာပဲ။ တစ်ဖက်က (တပ်ဘက်) လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်တာ မတွေ့ရဘူး။ ဥပမာ ရန်ကုန်-မန္တလေး လမ်းမ ကြီးက ပြန့်ကြီးဖြစ်တယ်။ ဒီစစ်တောင်းမြေပြန့်ကြီးက အခုချိန်မှာ အင်မတန်မှကို ခြောက်သွေ့နေတဲ့ ရာသီ၊ ဒါက တင့်ကား၊ သံချပ်ကာကား အင်မတန်မှကို လှုပ်ရှားသွားလာနိုင်တဲ့ နေရာကြီး၊ဒီလမ်းကြောင်းကို တင့်ကား သံချပ်ကာ ကားတွေနဲ့ ထိန်းသိမ်းရမယ့်ဟာမှာလည်း မတွေ့ဘူး။ တပ်က ပြန်ပဲ တိုက်မလား၊ ပြန်မတိုက်ဘဲနဲ့ပဲ ဒီလိုပဲ ငြိမ်ခံနေမလား ခန့်မှန်းလို့ မရဘူးလို့ပဲ၊ ကျွန်တော်က ပြောချင်တော့တယ်”
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို နှစ်စဉ် ကြေညာခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ကိုတော့ အပစ်အခတ်ရပ်စဲရေး မကြေညာပါဘူး။ ဒါကြောင့် စစ်ကောင်စီတပ်ကလည်း တိုက်ခိုက်မှုတွေကို မြှင့်တင်သွားမလားဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ် ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံနဲ့ ပြည်သူတွေ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ရတာဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာ ဖြစ်ခဲ့တယ်လို့ နှစ်သစ်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ၂၀၂၄ မှာ တိုင်းပြည် တည်ငြိမ်ရေးအတွက် ပြည်သူတွေ ကူညီဖို့နဲ ရွေးကောက်ပွဲ အခြေခံဖြစ်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
သန်းခေါင်းစာရင်း ကောက်ယူနိုင်ဖို့ ဒေသတည်ငြိမ်ရေးက အရေးကြီးတာကြောင့် စစ်ကောင်စီ တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုပြီးပြင်းထန်လာ နိုင်သလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာလိမ့်မယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
“စစ်ရေး အခြေအနေတွေက အခုဟာ ပွင့်လင်းရာသီလည်း ဖြစ်လာတော့ တော်လှန်ရေး စိတ်ဓာတ်တွေကလည်း ပိုမိုမြင့်မားလာတယ်။ ပိုပြီးတော့ ပြင်းထန်လာဖို့ပဲရှိတယ်။ စစ်တပ်ဘက်ကလည်း ချက်ချင်းကြီးတော့ ပြိုသွားနိုင်စရာတော့ မရှိဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်အရက တော်တော်ကို ပြိုလဲနေပြီထင်တယ်။ အဲဒီတော့ သူတို့က ရက်စက်တဲ့လမ်းပဲ ရှိတော့တယ်။ ဗုံးကြဲတာတို့ ဘာတို့ လုပ်လာရင်တော့ ပြည်သူလူထု ကတော့ တစ်စုံတစ်ရာ ခံရနိုင်တာပေါ့ဗျာ”
တိုက်ပွဲတွေမှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဘက်က အသာစီးရလာပြီး စစ်ကောင်စီဟာ နိုင်ငံရေးစားပွဲဝိုင်းကို ဖိတ်ခေါ်ဆွေးနွေးရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ခြေ ရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် NUG နဲ့ PDF တွေကို လက်ခံဆွေးနွေး မှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်း ရှိလာပါပြီ။