အင်ဒိုနီးရှားရဲ့ စစ်ဗိုလ်ချုပ်စေလွှတ်ဆွေးနွေးရေး ကြိုးပမ်းချက် မအောင်မြင်နိုင်ကြောင်း သုံးသပ်နေကြ

အင်ဒိုနီးရှားက သူ့နိုင်ငံ နမူနာတင်ပြဖို့ ကြိုးစားနေချိန်မှာပဲ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာပါတယ်။

၂ဝ၁၇ ခုနှစ်က ၇၂ နှစ်မြောက် အင်ဒိုနီးရှားတပ်မတော်နေ့အခမ်းအနား တက်ရောက်လာသည့် သမ္မတ ဂျိုကို ဝီဒိုဒို။ Reuters

ဒီမိုကရေစီလမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုအောင်အောင်မြင်မြင် အသွင်ကူးပြောင်းခဲ့တယ်ဆိုတာ မြန်မာ စစ်ခေါင်းဆောင်တွေကို နမူနာပြသနိုင်ဖို့ မျှော်လင့်ချက်နဲ့ အင်ဒိုနီးရှား ထိပ်တန်းဗိုလ်ချုပ်တစ်ယောက်ကို စေလွှတ်ဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက စီစဉ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဒီအတွေ့အကြုံမျိုးရှိခဲ့တဲ့အတွက် ဒါက ချဉ်းကပ်ရမယ့်ကိစ္စတစ်ရပ် ဖြစ်ပါတယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ ရိုက်တာသတင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားတာပါ။

"ဂျိုကိုဝီဒိုဒိုရဲ့ အမျှော်အမြင်ရှိတဲ့ အစီအစဉ်ဟာ ကောင်းမွန်ပေမယ့် ဒီစစ်အုပ်စုကို အဲဒီနည်းနဲ့တော့ သဘောထားပြောင်းအောင် လုပ်ဖို့ မလွယ်ဘူး"

ကမ္ဘာမှာ တတိယမြောက် ဒီမိုကရေစီ အားအကောင်းဆုံး အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်း အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရပြီး ဒီမိုကရေစီရေး ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံက နှစ်ကာလရှည်ကြာပြဿနာကို ဖြေရှင်းဖို့ တာဝန်ကျရောက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဦးဆောင်ခဲ့သူဟာ အမေရိကန်စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ချုပ်ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ မတူတာကို နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က နှိုင်းယှဉ်ပြပါတယ်။

"ကျွန်တော်တို့ တိုင်းပြည်မှာရှိနေတဲ့ ဗိုလ်ချုပ်တွေက မေမြို့စစ်တက္ကသိုလ်က ဆင်းတဲ့ကျောင်းသားအဆင့်ပဲ ရှိပါတယ်။ ဒီမိုကရေစီလည်း သူတို့ နားမလည်ပါဘူး။ သူ့အမြင်နဲ့နိုင်ငံရေး အမျှော်အမြင် အတော်နည်းပါးတဲ့ ဒီမိုကရေစီ အမြင်ခေါင်းပါးတဲ့ ပညာမတတ်တဲ့ နိုင်ငံတကာအသိ ခေါင်းပါးတဲ့ စစ်ခေါင်းဆောင်တွေ ကျွန်တော်တို့တိုင်းပြည်မှာ အုပ်စိုးနေတဲ့အတွက် သူတို့ကတစ်ခုပဲ ရှိတယ်။ ဗမာနိုင်ငံကို စစ်တပ်ကပဲ လွှမ်းမိုးအုပ်စိုးရမယ်ဆိုတဲ့ အမြင်ပဲ ရှိတယ်။ ဒီဂျိုကိုဝီဒိုဒိုရဲ့ အမျှော်အမြင်ရှိတဲ့ အစီအစဉ်ဟာ ကောင်းမွန်ပေမယ့် ဒီစစ်အုပ်စုကို အဲဒီနည်းနဲ့တော့ သဘောထားပြောင်းအောင် လုပ်ဖို့ မလွယ်ဘူး။ မရနိုင်ဘူးလို့ ကျွန်တော်ပြောပါရစေ"

ခုကမ္ဘာမှာ တတိယမြောက် ဒီမိုကရေစီ အားအကောင်းဆုံး အင်ဒိုနီးရှားနိုင်ငံ သမိုင်းပြန်ကြည့်ရင် စီးပွားရေးအကျပ်အတည်း ဆိုက်ရောက်ပြီး ၁၉၉၈ မှာ လူထုအုံကြွဆန္ဒပြချိန်မတိုင်ခင်ထိ စစ်ခေါင်းဆောင် ဆူဟာတိုက နှစ်သုံးဆယ်ကျော်ကြာ အုပ်ချုပ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုက စစ်အာဏာသိမ်းချိန်ကစလို့ တိုင်းပြည်က အထီးကျန်ဖြစ်သွားပြီး အစမ်းသဘောလမ်းဖွင့်တဲ့ ၂၀၁၂ မတိုင်ခင်ထိ ဆန့်ကျင်သူတွေကို ဆယ်စုနှစ်တွေချီ ဖိနှိပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ၂၀၂၁ ဖေဖော်ဝါရီမှာ တစ်ကျော့ပြန် စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာပြည်သူတွေ ဒီမိုကရေစီအရသာကို နှစ်နှစ်တာပဲ မြည်းစမ်းခွင့်ရလိုက်ပါတယ်။ တင်းကြပ်တဲ့ စစ်အုပ်ချုပ်မှု ပြန်ပြဋ္ဌာန်းပြီး ဆန့်ကျင်သူတွေကို စစ်ကောင်စီက ချေမှုန်းပါတယ်။

ဒီအချိန်မှာ အာဆီယံအလှည့်ကျသဘာပတိ တာဝန်ယူချိန်မှာ အင်ဒိုနီးရှားက စစ်ကောင်စီကို နားချဖို့ ကြိုးစားတာနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ပြောင်းလဲချင်တဲ့ ဆန္ဒပေါ်မူတည်တယ်လို့ ရှုမြင်ပါတယ်။

"အဓိကကတော့ဗျာ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ပြောင်းလဲချင်တဲ့ဆန္ဒနဲ့ ယုံကြည်မှုပေါ့ အဲဒီအပေါ် မိမိခံယူထားတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ ဆိုင်ပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ တကယ်တိုင်းပြည်ရဲ့ အပြောင်းအလဲကို လိုချင်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ ကိုက်ညီအောင် ကျွန်တော်တို့ အကုန်လုံး လုပ်ယူလို့ရနေတဲ့ အခြေအနေရှိပါတယ်။ ဒါကတော့ ကာယကံရှင်တွေ ဖြစ်တဲ့ လက်ခံမယ့်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်ဗျ။ ပြည်သူကတော့ လက်ခံနိုင်မလားဆို ပြည်သူကတော့ သူလိုချင်တဲ့ဘက်ကို အလင်းရောင်ကို မြင်ရမယ် အနာဂတ်ရဲ့ အလင်းရောင် မြင်ရမယ်ဆိုလို့ရှိရင် ပြည်သူကပါလာမှာပါ လက်ခံမှာပါ။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်း ဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းနဲ့တရားမျှတမှု ရှိ၏ မရှိ၏ မျှော်မှန်းပန်းတိုင် ဒါတွေအကုန်လုံး ညီဖို့တော့လိုတာပေါ့ အဲဒီအခြေအနေအပေါ်မှာပဲ မူတည်ပါတယ်"

၂ဝ၁၈ ခုနှစ် မတ်လက သြစတြေးလျနိုင်ငံတွင် ကျင်းပသည့် သြစတေးလျ-အာဆီယံ ဆွေးနွေးပွဲ တက်ရောက်လာသည့် အာဆီယံခေါင်းဆောင်တချို့အား တွေ့ရစဉ်။ (Photo: AFP)

အင်ဒိုနီးရှားက သူ့နိုင်ငံ နမူနာတင်ပြဖို့ ကြိုးစားနေချိန်မှာပဲ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရပြောခွင့်ရ ဦးနေဘုန်းလတ်က ဒါကိုထောက်ပြပြီး အင်ဒိုနီးရှားက ကြိုးပမ်းတာ အောင်မြင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"ပြောချင်တာက ဘာမှအပြောင်းအလဲ မလုပ်ဘူးဆိုတဲ့ သဘော ဒီနေ့ဆိုရင်လည်း စစ်အုပ်ချုပ်ရေး ကြေညာတာတွေပေါ့။ ဘယ်သူတွေ ဘာပဲ ပြောနေနေဂရုမစိုက်ဘူး။ ငါတို့ ခေါင်းမာမာနဲ့ပဲ ပြည်သူတွေ ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို နိုင်ငံတကာက ဘယ်လောက်ပဲပြောပြော အာဆီယံလည်း ဂရုမစိုက်ဘူးဆိုတဲ့ အနေအထားမျိုး ဒီအချိုးမျိုး ချိုးလိုက်တာပဲ။ ဒီလိုစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်က စစ်မိစ္ဆာတွေနဲ့ပေါ့။ ဘာကိုများထပ်ပြီးတော့ စကားပြောဦးမှာလဲ ကျွန်တော်ကတော့ စဉ်းစားလို့ မရဘူး။ကျွန်တော် ထင်ပါတယ်။ ကြိုးစားကြည့်ပေမယ်လည်း ဒါမအောင်မြင်နိုင်ဘူးဆိုတာ သူတို့တစ်ချိန်ကျရင်တော့ သိသွားမှာပေါ့နော်"

လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာစစ်ကောင်စီကို အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချကြ၊ ပိတ်ဆို့အရေးယူကြချိန်မှာ အာဆီယံက ဘုံသဘောတူညီချက် ငါးချက်နဲ့ ပွဲထွက်လာပါတယ်။ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့၊ စေ့စပ်ဆွေးနွေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးဖို့ အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ခွင့်ရဖို့ စတာတွေပါပေမယ့် မြန်မာစစ်ဗိုလ်ချုပ်တွေက လောကွတ်စကားသာ ဆိုပြီး အကောင်အထည်ဖော်မယ့်ဘက် ယိမ်းခဲ့တာမရှိဘဲ အရင့်အရင် အာဆီယံသံတမန်တွေအဖို့ အောင်မြင်မှုက မရသလောက်ပဲလို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ကျင်းပသည့် မြန်မာ့အရေး အာဆီယံ‌ခေါင်းဆောင်များ ဆွေး‌နွေးပွဲတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို မိန့်ခွန်းပြောကြားစဉ်။ (Photo: Reuters)

ဒါနဲ့ ပတ်သက်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ....

"အာဆီယံပဋိညဉ်တွေကို ကျော်ပြီးတော့ နိုင်ငံရေးပြည်တွင်းရေးပေါ့နော်။ အထူးသဖြင့် ပြည်တွင်းမှာ ဖြေရှင်းရမယ့် ဒီဘက်က ယူဆထားတဲ့ဟာကို သူတို့ဘက်က တစ်ချို့အပိုင်းတွေမှာ ဖိအားပေးတာအခါမျိုးမှာ သိပ်အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တစ်ခုတော့ ရှိတာပေါ့။ သူတို့လာတဲ့ ရည်ရွယ်ချက်က တကယ့်ကို ငြိမ်းချမ်းရေး ပိုင်းဆိုင်ရာမှာ တပ်ရဲ့ပါဝင်ပတ်သက်မှု ဘယ်လိုသွားခဲ့တယ် သူတို့ ဘယ်လိုကူးပြောင်းခဲ့တယ်ဆိုတာမျိုးကိုပဲ ဒဲ့ ဦးတည်ပြီးလာတယ်ဆိုတဲ့ ကိစ္စရပ်မှာ သူတို့အာရုံစူးစိုက်(focus) လုပ်ထားမယ်ဆိုရင် ဒီမှာလာပြီးတော့ ဆွေးနွေးဖို့အပိုင်း ပြဿနာမရှိနိုင်ဘူး။ ဒါပေမဲ့ အဲဒီလိုလာတဲ့ ကိစ္စရပ်တွေမှာမှ နောက်ထပ် အခြားကိစ္စရပ်‌တွေ အစွယ်အပွားအနေနဲ့ ယူလာတဲ့ဟာမျိုး အဲဒါတွေကိုမှ အဓိကရှေ့တန်းတင်လာတာမျိုး ဆိုရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး"

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မြန်မာ့ပဋိပက္ခမှာ အာဆီယံကို ဓားစာခံအဖြစ်မခံဘဲ မတိုးတက်ရင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ ရိုက်တာသတင်းကို အသေးစိတ် ပြောမပြပါဘူး။

ကျောထောက်နောက်ခံချင်းတူတဲ့ တာဝန်ရှိသူတွေ အချင်းချင်း စေ့စပ်ဆွေးနွေးတာ ပိုလွယ်ကူတယ်လို့ လည်း ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်မှာ အာဆီယံကကြိုးပမ်းတာ မအောင်မြင်တာကို ထောက်ပြပြီး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က တိုက်တွန်းပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကတော့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ သူစီစဉ်ထားတဲ့ ဗိုလ်ချုပ်နာမည်ပြောဖို့ ငြင်းပေမယ့် အင်ဒိုနီးရှားပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ပတ်သက်တဲ့သူကိုစေလွှတ်ဖို့ စိတ်ကူးထားတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org