မြန်မာကြောင့် အာဆီယံလုပ်ငန်းစဥ်တွေ ရပ်တန့်မှာမဟုတ်ကြောင်း အင်ဒိုနီးရှားပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.07
မြန်မာကြောင့် အာဆီယံလုပ်ငန်းစဥ်တွေ ရပ်တန့်မှာမဟုတ်ကြောင်း အင်ဒိုနီးရှားပြော အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆွန်နီဆေ ဆီဇန်ဒုန်ကို အာဆီယံ တူအား ၂၀၂၃ စက်တင်ဘာ ၇ ရက်က လွှဲပြောင်းပေးအပ်စဉ်။
REUTERS

စက်တင်ဘာ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံ နောက်ဆုံးနေ့မှာ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အလှည့်ကျ အာဆီယံဥက္ကဋ္ဌအသစ် လာအိုနိုင်ငံရဲ့ ဝန်ကြီးချုပ် ဆွန်နီဆေ ဆီဇန်ဒုန် ဆီကို အာဆီယံ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းပေးခဲ့ပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံဟာ မြန်မာနိုင်ငံအကျပ်အတည်းကြောင့် ဓားစာခံဖြစ်ပြီး နှောင့်နှေးနေမှာ မဟုတ်တဲ့အကြောင်း အလှည့်ကျ အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးရာမှာ ပြောသွားပါတယ်။

“ငြိမ်းချမ်းရေး ဖန်တီးဖို့ဆိုတာ အချိန်ကြာလေ့ရှိတာ အမှန်ပါပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးရဖို့ ကျွန်တော်တို့ ဆက်ပြီး ကြိုးပမ်းတိုက်ပွဲဝင်ကြရပါမယ်။ အာဆီယံဟာ မြန်မာနိုင်ငံ အကျပ်အတည်းကြောင့် ဓားစာခံဖြစ်ပြီး ရပ်တန့်နေတာမျိုး မဖြစ်စေရပါဘူး။ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးစည်ပင်မှုတွေ ဆက်လက်ဖန်တီးဖို့ အာဆီယံဆိုတဲ့ သင်္ဘောကို ဆက်ပြီး မောင်းနှင်ကြရပါမယ်။”

အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့၊ ဒီဘုံသဘောတူညီချက်တွေအတိုင်း ဆက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဆီယံထိပ်သီးညီလာခံနဲ့အတူ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေ တက်ရောက်ကြတဲ့ အရှေ့အာရှညီလာခံကို ဂျကာတာမှာပဲ ဆက်လက်ကျင်းပခဲ့ရာမှာ၊ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ်၊ တရုတ်ဝန်ကြီးချုပ် လီကျန်း၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်တို့နဲ့ အတူ အခြား အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (Photo : AFP)
လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (Photo : AFP)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်ခိုလှုံနေကြရတဲ့အတွက်၊ မြန်မာနိုင်ငံ ပြဿနာအတွက် ရေရှည်ခံမယ့်ဖြေရှင်းနည်း ရှာဖွေကြဖို့ ညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က နိုင်ငံတကာ ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်။

“ကျွန်တော်တို့ရဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ လူသားချင်းစာနာတဲ့အနေနဲ့ မြန်မာနိုင်ငံက အတင်းအကျပ် မောင်းထုတ်ခံရတဲ့ လူ ၁.၂ သန်းကို လက်ခံထားခဲ့ပါတယ်။ အခုဆို ဒီအကျပ်အတည်း ခုနစ်နှစ်ကြာလာတဲ့အထိ ပြဿနာ ပြေလည်မယ့်လမ်းစ မမြင်ရသေးပါဘူး။ ဒီ ပြဿနာက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ကျဉ်းထဲကျပ်ထဲ ရောက်အောင် တွန်းပို့နေပါတယ်။ မြန်မာနိုင်ငံမှာ စတင် ဖြစ်ပွားတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ရေရှည်ခံတဲ့ နည်းလမ်းကို ရှာဖွေကြဖို့က နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။”

အခုအချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာနဲ့ တစ်ချိန်တည်းမှာ လူသားချင်း စာနာမှု အကူအညီတွေ ပြတ်လပ်နေတာတွေဟာ ဒေသတစ်ခုလုံးအတွက် အန္တရာယ်ရှိစေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် သမ္မတက ပြောပါတယ်။

“သူတို့ကို လုံခြုံစိတ်ချရပြီး၊ ရေရှည်ခံတဲ့ ဆန္ဒအလျောက် နေရပ်ပြန်ပို့မှုတွေ ဖြစ်လာဖို့ ဆက်ပြီးနှောင့်နှေးနေတာနဲ့ သူတို့အတွက် လူသားချင်းစာနာမှု အကူအညီတွေ ပြတ်လပ်နေတာတွေက ဒေသတစ်ခုလုံးအတွက် အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ အလွန့်အလွန်မှ အရေးကြီးတဲ့ ဒီကိစ္စကို အရေးတကြီး တုံ့ပြန်ဆောင်ရွက်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းချင်ပါတယ်။”

ဒီနှစ် အရှေ့အာရှ ထိပ်သီးညီလာခံကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်လည်း တက်ရောက်ခဲ့ပြီး၊ စက်တင်ဘာ ၇ ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာပြီး ဆင်းရဲမွဲတေမှုနဲ့ စနစ်တကျ ဖိနှိပ်မှုတွေကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မျှော်လင့်ချက်တွေ ပျက်သုန်းနေတယ်လို့ သူက ပြောပါတယ်။

အခုနှစ် ညီလာခံမှာ မြန်မာနိုင်ငံအရေးအပြင် အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေအကြား ဆွေးနွေးပြောဆိုမှုတွေထဲမှာ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှု၊ ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားကို လက်နက်တွေ ထောက်ပံ့နေခြင်း ရှိ၊ မရှိ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။