နယူးဒေလီဆွေးနွေးပွဲ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်ဟု အမေရိကန်ပါမောက္ခပြောကြား
2023.04.28

ပြီးခဲ့တဲ့အပတ်က မြန်မာ့အိမ်နီးချင်း နိုင်ငံအချို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ Track 1.5 လို့ နာမည်ပေးထားတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပခဲ့တာဟာ နိုင်ငံတကာက လက်မခံတဲ့ စစ်ကောင်စီကို တရားဝင်ဖြစ်မှု ရသွားစေပြီး စစ်ကောင်စီရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးရာရောက်သွားတယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေးလေ့လာသုံးသပ်သူ ပါမောက္ခ ဇက်ခါရီ အဘူဇာက မတ်လ ၂၇ရက်နေ့က Benar News ရဲ့ ဆောင်းပါးမှာ သုံးသပ်ရေးသားလိုက်ပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ တစ်ခုတည်းသော လမ်းပြမြေပုံ အဖြစ်ရှိနေခဲ့ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကတော့ အမှန်တကယ် လိုက်နာမယ့် ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
နှစ်ဖက် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူတွေအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့၊ အာဆီယံ အထူးသံတမန်ခန့်အပ်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အချက်တွေ ပါဝင်တဲ့ ဒီဘုံသဘောတူညီချက်တွေကို စစ်ခေါင်းဆောင်တွေက အစဉ်တစ်စိုက် လျစ်လျူရှုခဲ့ပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လုပ်နေတာ ဖြစ်ပါတယ်။
အာဆီယံဘက်ကတော့ စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံ တက်ခွင့်မပေးတာကလွဲရင် ဘာမှ မလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေကို စိတ်ပျက်စေခဲ့တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ မတ်လမှာတော့ ထိုင်းနိုင်ငံဟာ စစ်ကောင်စီတာဝန်ရှိသူ အချို့နဲ့ အခြားစိတ်ပါဝင်စားသူ နိုင်ငံအချို့ပါဝင်တဲ့ Track 1.5 ဆွေးနွေးပွဲကို စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့အပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေကလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ဒီလုပ်ရပ်ဟာ အာဆီယံဥက္ကဌ အင်ဒိုနီးရှားရဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်စေပြီး စစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေ မလုပ်ဖို့ အာဆီယံရဲ့ မူကို ချိုးဖောက်ရရောက်တဲ့အတွက် အာဆီယံအဖွဲ့ဝင် မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံကတော့ ဒီလုပ်ရပ်အတွက် မတောင်းပန်တဲ့အပြင် အစိုးရအဖွဲ့ဝင်တွေဟာ ဒီဆွေးနွေးပွဲကို တရားဝင် တက်ရောက်ခဲ့တာ မဟုတ်ဘူးလို့ အကြောင်းပြပေမဲ့ ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်က တရားဝင်အနေနဲ့ တက်ရောက်ခဲ့တာကိုတော့ ငြင်းမရနိုင်ဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံကိုယ်စားပြု သံတမန်တွေ၊ အစိုးရ ကိုယ်စားလှယ်တွေ အချင်းချင်း ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေကို Track 1 Diplomacy လို့ ခေါ်ပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဆွေးနွေးပြောဆိုမှုတွေကို Track 2 Diplomacy အဖြစ် သတ်မှတ်သုံးနှုန်းကြတာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ချက် နှစ်မျိုးကြားက အခြေအနေကိုတော့ Track 1.5 အဖြစ် သတ်မှတ်ခေါ်ဝေါ်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ ဒုတိယအကြိမ် Track 1.5 ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲရာမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေ တက်ရောက်ကြပြီး အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ဝေဖန်ပြစ်တင်မှုတွေကို ရှောင်ရှားဖို့ ဒီဆွေးနွေးပွဲရဲ့ အိမ်ရှင်တာဝန်ကို အိန္ဒိယကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပြီး ဒီဆွေးနွေးပွဲဟာ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို ဘောင်ကျော်ပြီး လုပ်ဆောင်တာ မဟုတ်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှုကို ခံစားရတဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဆွေးနွေးပွဲအဖြစ်နဲ့ ပါးပါးနပ်နပ် ပုံစံပြောင်းလိုက်တာ ဖြစ်တယ်လိုက ဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီဆွေးနွေးပွဲဟာ စစ်ကောင်စီအတွက်တော့ အသည်းအသန် လိုချင်နေတဲ့ သူတို့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု လက်ခံမှုရကြောင်း ပြသဖို့ အခွင့်အလမ်းတစ်ခု ဖြစ်သွားစေတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ ဒီဆွေးနွေးပွဲ မတိုင်ခင်လေးတင်ပဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း လာရောက်တဲ့ ဖြစ်ရပ်ကလည်း အလားတူ အောင်မြင်မှု မရခဲ့တာကို ထောက်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ မကြာခင်က သူတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစေခဲ့တာဟာ နိုင်ငံတကာက အသိအမှတ်မပြုဘဲ ဖယ်ကျဉ်ထားတဲ့ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး တည်ထောင်တော့မယ့် သဘောကို ပြသနေပါတယ်။ ဒါ့အပြင် အခြား ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ လုပ်ရပ်တွေကလည်း စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် လက်မခံသေးဘူးလို့ ယုံကြည်ရ ခက်စေပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ သြဇာတိုးမလာဖို့ကိုပဲ အရေးစိုက်နေပြီး ဘင်္ဂလားဒေ့ရှ်ကတော့ စစ်ကောင်စီကို လက်ခံအသိအမှတ်ပြုပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့ကိစ္စကို အပေးအယူလုပ်ဖို့ မျှော်လင့်နေတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။ တရုတ်နိုင်ငံကတော့ BRI စီမံကိန်းတွေအပါအဝင် မြန်မာနိုင်ငံက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လုပ်ပြီးသား စစ်ကောင်စီအပေါ် အားပေးထောက်ခံမှုတွေကို နှစ်ဆတိုးလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကြာခင်က တရုတ်နိုင်ငံဟာ NUG နဲ့ PDF အဖွဲ့တွေကို အားပေးထောက်ခံ လက်နက်တပ်ဆင်ပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ဖိအားပေးလာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာချိန်မှာ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ့ရဲ့ လေပိုင်နက်တွေကို ချိုးဖောက်ခဲ့ပေမဲ့ ဒီနိုင်ငံတွေဘက်က သံတမန်ရေးအရ တိုင်ကြားမှု မရှိတာကလည်း NUG အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
မကြာခင်က အိန္ဒိယမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရကို ပါဝင်ခွင့်ပေးဖို့ ပြောဆိုမှုတွေ ရှိပေမဲ့ စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး NUG နဲ့ ပြောဆိုဆက်ဆံဖို့ ငြင်းဆန်နေတဲ့အတွက် NUG ကို ဖိတ်ကြားဖို့ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်မျက်နှာပေါင်းစုံဖွင့်ပြီး တိုက်နေရတာမို့ အနိုင်ရဖို့ မလွယ်ပေမဲ့ အောင်ပွဲခံနိုင်ဖို့ မျှော်မှန်းထားတဲ့ နည်းဗျူဟာ တစ်ခုလည်း ရှိနေပါတယ်။