ICJ ဆုံးဖြတ်ချက်နဲ့ မတူညီတဲ့တုံ့ပြန်ချက်များ

ကျော်လွင်ဦး
2020.01.24
icj-jan23-622 နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို ၂၀၂၀၊ ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ICJ တရားရုံးက ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်ခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာအမြင်မှာ ပုံရိပ်ကျဆင်းနေတဲ့ မြန်မာနိုင်ငံဟာ ICJ ဆုံးဖြတ်ချက်တွေကိုသာ လိုက်နာဆောင်ရွက်မယ်ဆိုရင် ပြည်တွင်း၊ ပြည်ပ အမြင် ကောင်းလာနိုင်တယ်လို့ ယူဆကြတာပါ။

ICJ ချမှတ်တာဟာ ဆိုးဝါးတဲ့တောင်းဆိုချက်မဟုတ်ဘဲ နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံအဖြစ် နိုင်ငံတကာက မြင်လာနိုင်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးငွေလင်း က ပြောပါတယ်။

ဂျီနိုစိုက် မြောက်တယ်လို့ပြောတာလည်း မဟုတ်ဘူး၊ မြောက်တယ်လို့ဝန်ခံရတာလည်း မဟုတ်ဘူး၊ အဲဒါမျိုးမဖြစ်အောင် ထိန်းသိမ်းကာကွယ်မယ်လို့ ပြောတဲ့သဘောဖြစ်တယ်၊ ဒါကသင့်တော်တယ်လို့ ကျနော်ထင်တယ်၊ ဆိုးဝါးတဲ့တောင်းဆိုချက်မဟုတ်ဘူးလို့ ကျနော်တို့ယူဆတယ်၊”

အဲဒီလေးချက်ကတော့...

(၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

(၂) စစ်တပ် (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု... စတာတွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့၊

(၃) လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့နေရာဒေသတွေက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့၊

(၄) ဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်က ဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့..တို့ ဖြစ်ပါတယ်။

ICJ ဆုံးဖြတ်ချက်တွေဟာ မြန်မာအစိုးရက လက်ရှိ ဆောင်ရွက်လက်စတွေနဲ့ ကွာဟမှုမရှိတာကြောင့် ကြိုဆိုတယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

ဒီဘက်ကလည်း တုံ့ပြန်အခါမှာ မှတ်သားထားတယ်လို့ပြောတယ်၊ လုပ်သင့်လုပ်အပ်တာတွေကို လုပ်မှာပေါ့နော်၊ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ အစီရင်ခံစာထွက်လာတဲ့အတွက် ကျနော်တို့ရှေ့ နေချုပ်ရုံးကကော့ ကာကွယ်ရေးဦးစီးချုပ်ရုံးကရော ဒါတွေကို ဆက်လက်စုံစမ်းစစ်ဆေးပြီးတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူမယ်လို့ပြောထားတာရှိတယ်၊ အဲဒါတွေသည် ဘုံဆုံချက်တွေပဲလို့ ကျနော်တို့ထင်ပါတယ်”

လက်ရှိ ICJ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရနဲ့ တပ်မတော်က အကောင်ထည်ဖော်မယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိတော့ဘူးဆိုရင် ဒီအမှုဟာ အခြေအနေ ပြောင်းသွားနိုင်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

တကယ်လို့သာ ဒီဆုံးဖြတ်ချက်ကို အစိုးရနဲ့ တပ်မတော်က မလိုက်နာဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်တာကတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် ပါ။

မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေက အစိုးရနဲ့တပ်မတော်အပေါ်မှာ မူတည်နေတယ်၊ သူတို့က ဒီဟာကို ဘယ်လောက် အလေးအနက်ထားပြီး လူ့အခွင့်ရေးကိုလေးစားလာသလဲ၊ အကာအကွယ်ပေးလာသလဲဆိုတဲ့ အချက်ပေါ်  မူတည်တယ်၊ တကယ်လို့သာ ဒီဟာကိုငြင်းပယ်လိုက်တယ်၊ ဒီဟာကိုလုပ်ချင်တာ ဆက်လုပ်သွားတယ်ဆိုရင် ဆိုးကျိုတွေကဖြစ်လာနိုင်တယ်၊ နိုင်ငံတကာမှာ ဒီထက် မျက်နှာပိုပျက်သွားနိုင်တယ်”

ICJ ဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရဘက်က တင်ပြတဲ့အချက်တွေကို ပယ်ချခဲ့ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး အမိန့်ချမှတ်လိုက်တာလို့ NLD ပါတီတာဝန်ရှိသူတွေက ရှုမြင်ကြပါတယ်။

ကျနော်တို့က အထူးတလည် အကောင်ထည်ဖော်ဖို့မလိုဘူးလို့ သဘောပေါက်ပါတယ်၊ အခုအစိုးရကကော့ တပ်မတော်ကကော စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်မယ်လို့ ပြောထားပါတယ်၊ အဲပြောထားတဲ့အချက်တွေကို လေးလတစ်ကြိမ် ခြောက်လတစ်ကြိမ် အဲလိုအစီရင်ခံစာ တင်ရုံပဲလိုအပ်မယ်လို့ ကျနော်တို့ အဲလိုသဘောပေါက်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့် ပြောသွားတာပါ။

ICJ က ချမှတ်တဲ့ လေးချက်ကို တပ်မတော် နဲ့ အစိုးရက ဘယ်လောက် အတိုင်းအတာအထိ အကောင်ထည်ဖော်မလဲဆိုတာလည်း စောင့်ကြည်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာက ဘာပြောပြော ကိုယ်ထင်ရာလုပ်မယ်ဆိုတာက လက်ရှိပြောင်းလဲနေတဲ့ကမ္ဘာမှာ မဖြစ်နိုင်တော့ဘူးလို့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုက ဦးမြအေး က ပြောပါတယ်။

ဒီမိုကရက်တစ်စံနှုန်းတွေ၊ လူ့အခွင့်ရေးစံနှုန်းတွေနဲ့ပဲ ပြဿနာအရပ်ရပ်ကို ချည်းကပ်ရမှာ၊ နိုင်ငံတကာက ဖိအားပေးခြင်း မပေးခြင်းကို ခဏဖယ်ထားလိုက် ကျနော်တို့ တိုင်းပြည်ထဲမှာဖြစ်နေတဲ့ ပြဿနာဗျာ၊ ကျနော်တို့ ဖြေရှင်းရမှာလေ၊ နိုင်ငံတကာက ဘယ်လို့ပြောပြော ငါတို့ထင်ရာစိုင်းမယ်ဆိုတဲ့ဟာက အခုခေတ် အခုကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့ပုံစံအရ ဘယ်လို့မှလုပ်လို့မရဘူးလို့ မြင်တယ်ဗျ”

မြန်မာနိုင်ငံအနေနဲ့ ICJ က ချမှတ်တဲ့ အချက်လေးချက်ထဲမှာ အလွယ်တကူ အကောင်အထည်ဖော်လို့ရမယ့် ကိစ္စတွေကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် ပြောပြတာက -

ပထမအချက်နဲ့ ဒုတိယအချက်ဆိုရင် လူ့အခွင့်ရေးချိုးဖောက်မှုတွေမလုပ်နဲ့တော့ အဲဒါပြောတာ၊ ဘာမှမလုပ်နဲ့တော့လို့ သူကပြောတာဖြစ်တယ်၊ ဒါကအရမ်းကိုလွယ်ကူတဲ့ဟာဖြစ်တယ်၊ ဘာမှပိုက်ဆံလည်းကုန်စရာလည်း မလိုဘူး”

တပ်မတော်ကတော့ ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အစိုးရညွှန်ကြားချက်ကို စောင့်ဆိုင်းနေပြီး အဲဒီအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့က တည်ဆဲဥပဒေများအရ ဆောင်ရွက်ပါလိမ့်မယ်၊ ဆောင်ရွက်တဲ့အပေါ်မှာပဲ တပ်မတော်အနေနဲ့ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဂျီနိုစိုက်ကွန်ဗန်ရှင်းကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာအစိုးရအနေနဲ့ အခုလို ဂမ်ဘီယာနိုင်ငံက ICJ မှာ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ လျှောက်ထားရတဲ့ အခြေအနေအထိ ရောက်လာရတာဟာ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ ဆွီဒင်နိုင်ငံမှာ နေထိုင်တဲ့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး က ထောက်ပြပါတယ်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဟာ ICJ ဆုံးဖြတ်ချက်တွေကို မလိုက်နာရင် နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်မလဲ။ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး က  ---

ဘောစနီးယားနဲ့ ဟာဇီဂိုးဗီးနားကနေပြီးတော့မှ ယူကိုစလားဗီးယား နိုင်ငံဟောင်းကို တရားစွဲတဲ့အမှုက ICJ ရောက်သွားတယ်၊ ရောက်သွားတယ်အခါမှာ ICJ ကချမှတ်ပြီးတဲ့ မလိုက်နာဘူး၊ ဘောစနီးယားနဲ့ ဟာဇီဂိုးဗီးနားက ကြားဖြတ်စီရင်ချက် ထပ်တင်တဲ့အခါမှာ ဘာကိုပါတင်လဲဆိုတော့ ကုလသမဂ္ဂအကာအကွယ် ပေးရေးတပ်ကို တကယ်တမ်းစေလွှတ်ခဲ့တာ ရှိတယ်။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ် ခေါင်းဆောင်တွေ ခေါင်းမာမာနဲ့ ငြင်းပြီးတော့ အဲလိုမလုပ်ဘူးဆိုရင်တော့ ဂမ်ဘီယာဘက်က နောက်ထပ် ကြားဖြတ်စီရင်ချက် ထပ်တင်ပြီးတော့ ဒီလိုတောင်းဆိုချက်မျိုးတွေ ပေါ်လာနိုင်တယ်”

မြန်မာအစိုးရအနေနဲ့ ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေကို တားဆီးပိတ်ပင်ကန့်သတ်တာတွေ ရုပ်သိမ်းပေးဖို့၊ ဖိနှိပ်သတ်ဖြတ်တာတွေ ထပ်မလုပ်ဖို့နဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေတွေကို ပြုပြင်ဖို့လိုတယ်လို့လည်း ဦးအောင်ထူးက ထောက်ပြထားပါတယ်။

ဒါ့အပြင် ဂျီနီဗာကွန်ဗန်းရှင်းအရ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကာကွယ်တားဆီးနိုင်ရေး အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာဥပဒေတွေကို ပြည်တွင်းမှာ ရေးဆွဲပြဌာန်းသင့်တယ်လို့လည်း တိုက်တွန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။