ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်


2014.12.25

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာနားက အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသားတွေက တရားမဝင် သစ်ခိုးထုတ်နေကြတယ် လို့ဒေသခံရွာသားတွေက ပြောပါတယ်။ ဒီလိုတရားမဝင် သစ်ခိုးထုတ်နေတာကို အမြန်ဆုံးရပ်တန့်ဖို့ ဒေသခံရွာသားတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။

ဝိုင်းမော်မြို့နယ် နောစီပေါကျေးရွာရဲ့ အရှေ့ဘက် ၃ မိုင်လောက်ဝေးတဲ့ အင်ကြင်းတောင်မှာ အင်အားကြီးစက်ယန္တရားတွေသုံးပြီး တရုတ်နိုင်ငံသားတွေက တရားမဝင်သစ်ခိုးထုတ်နေကြတာပါ။ ဒီအင်ကြင်းတောင်ကြောဟာ ခန့်မှန်းခြေအားဖြင့် ဧက ၅ သောင်းအထက်မှာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုစက်ယန္တရားတွေနဲ့ ထုတ်ယူမှုကြောင့် အချိန်တိုတွင်းမှာ သစ်တောတွေပြုန်း၊ မြေဇီလွှာတွေခန်းခြောက်ပြီး ရေရှည်မှာ သူတို့ရဲ့စိုက်ပျိုးခြံမြေတွေပျက်စီးသွားမှာကို ရွာသားတွေက စိုးရိမ်နေတာပါ။ ဒါကြောင့် တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာသွားစေလိုတယ်လို့ သစ်ခိုးထုတ်နေမှုကို ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ နောစီပေါရွာက ကိုစိုင်းဆင့်ကပြောပါတယ်။

ကိုစိုင်းဆင့်

"တရုတ်တွေက တောထဲဝင်နေတယ်၊ သစ်ခုတ်နေတယ်ဆိုတာ ဘယ်သူမှမသိဘူး၊ အင်ကြင်းတောင်ရဲ့ အရှေ့ဘက်မှာ စက်ယန္တရားတွေ အများ ကြီးရောက်နေတယ်၊ လမ်းတွေဖောက်နေတယ်၊ တရုတ်အလုပ်သမားတွေက သစ်တုံးတွေကိုဖြတ်နေတယ်၊ သစ်ပင်တွေကိုလှဲလိုက်တယ်၊ ကျနော်တို့ ပိုင်တဲ့ရေတွေ၊ မြေတွေ၊ သဘာဝတွေပြုန်းတီး သွားနိုင်တယ်၊ တရုတ်ကုမ္ပဏီကို အမြန်ဆုံးလုံးဝပိတ်ပင်ပေးပါ၊ ကျနော်ကတော့ နိုင်ငံတော် ကနေတဆင့် ကျနော်တင်ပြချင်ပါတယ်၊ ရွားသားဆန္ဒကလဲ ဘယ်သူမှသဘောမတူဘူး၊ ဒီအဖွဲ့တွေဝင်လာတာ၊ တရုတ်အဖွဲ့သစ်ခုတ်တာ၊ နမ်ဆမ့်ချောင်း တစ်လျှောက် မှာ လယ်လုပ်တဲ့သူက ရေလဲမရှိတော့ဘူး၊ ရေလဲမလောက်ဘူးဆိုတော့ စပါးအထွက်လဲလျော့ကြသွားပြီ၊ အများကြီးဆုံးရှုံးတယ်၊ ကျနော်တို့ဆင်းရဲ သားတွေဆို ဒီမှာပဲထင်းခုတ်ယူရတယ်၊ အခုထင်းခုတ်ယူလို့ မရတော့ ဘူး၊ ဝါးလဲမခုတ်ရဘူး၊ သစ်ပင်လဲမခုတ်ရဘူး "

အဲ့ဒီနေရာတွေကို ကျနော်ရောက်သွားချိန်မှာ ခုတ်ယူပြီးသစ်တွေကို တရုတ်နိုင်ငံကို သယ်သွားဖို့အတွက် တောင်ပေါ်မှာလမ်းတွေဖောက်ထားသလို တရုတ်နိုင်ငံသား ၅၀ ကျော်တို့ဟာ နေရာတစ်ခုမှာစခန်းချပြီး သစ်ခိုးထုတ်နေတာပါ၊ တောင်တက်လမ်းဘေး တစ်လျှောက်မှာ သစ်ပင်တွေကိုခုတ်လှဲထားတဲ့အပြင် လမ်းဖောက်၊ သစ်ပင်လှဲရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေနဲ့ သစ်ပင်ဖြတ်ရာမှာ အသုံးပြုတဲ့ လွှတွေကိုလဲ တွေ့ရ ပါတယ်၊ နယ်မြေလုံခြုံမှုမရှိသေးတဲ့ လတ်တလောအခြေအနေမှာ တရုတ်နိုင်ငံသားတွေ ဒီလိုသစ်ခိုးထုတ်လို့ရအောင် အစိုးရနဲ့ KIA တပ်တွေနှစ်ဖက်လုံး ကပါဝင်ပတ်သက် နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး လုပ်ငန်းရှင်တွေက လက်နက်ကိုင် အဖွဲ့ တွေနဲ့ စီးပွားရှာနေကြတာပါ။ စီးပွားရေးလုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းတွေဟာ သစ်တောပြုန်းတီးပြီး ဒေသခံတွေနစ်နာဆုံးရှုံးမယ့် ကိစ္စတွေကို လုံးဝမလုပ်သင့်ဘူးလို့ နောင်စီပေါရွာသားတွေကို အကူအညီပေးနေတဲ့ ဝိုင်းမော်မြို့ခံ ဦးစိုင်းမောင်အေးကပြောပါတယ်။

ဦးစိုင်းမောင်အေး

"ကိုယ့်အရပ်ဒေသတိုင်းရင်းသားတွေ နစ်နာဆုံးရှုံးမယ့် မြေဇီလွှာအားလုံး၊ ပတ်ဝန်းကျင် ပြုန်းတီးမယ့်ကိစ္စ ပြောမယ်ဆိုရင် တောရိုင်းတိရစ္ဆာန်တွေလဲ ထိခိုက်မှာပဲ၊ နောက်ပြီး သက်ရှိလူသားတွေရဲ့လယ်မြေဧကတွေလဲထိခိုက်မှာပဲ၊ အဲ့ဒါကြောင့်မို့လို့ သူတို့ အားလုံးကို လာရာလမ်းကနေ ချက်ချင်းပြန် လှည့်သွားစေချင်တယ်၊ တောပြုန်းတီးစေတဲ့ ကိစ္စမျိုးဟာအမှန်တကယ်တော့ မကောင်းပါဘူး၊ သစ်တွေပဲသူတို့ ခုတ်တယ်၊ စိုက်တဲ့အဖွဲ့အစည်းက အင်မတန်မှ နည်းပါးပါတယ် ကျနော်တို့မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်းပဲကြည့်ကြည့် လက်နက်ကိုင်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး ယူလိုက်တယ်၊ သစ်တွေခုတ်တယ်၊ ဒါပေမယ့် ပြန်စိုက်တဲ့အဖွဲ့အစည်းက မရှိသလောက်ပဲ၊ စီးပွားရေးသမားတွေအားလုံး ဘယ်လူမျိုးမဆို၊ ကိုယ်လုပ်မယ့် စီးပွားရေးက ကိုယ်ကိုကျိုးအတွက် အစွန်းရောက်မကြည့်ပဲနဲ့ ဒေသခံလူတွေ၊ လောလောဆယ် ကိုယ်လုပ်သွားတဲ့ အလုပ်က ကိုယ့်အတွက် ၁ မှတ်ရအောင် လုပ် လဲ၊ ဒေသခံတွေအတွက်က ၃ မှတ်ပြန်ရှုံးမယ်ဆိုရင် ဒီကိစ္စတွေက အထူးသဖြင့် သူတို့ စဉ်းစားပြီးတော့ လုပ်စေချင်ပါတယ်၊ ဒီအပိုင်းမှာကတော့"

လူဦးရေ ၁ ထောင်ကျော်ရှိတဲ့ နောင်စီပေါရွာသားတွေဟာ သူတို့ရဲ့လယ်ယာ လုပ်ငန်းခွင်မှာ လိုအပ်တဲ့ သစ်၊ ဝါးတွေကို ဒီအင်ကြင်းတောင်မှာပဲလာရောက် ခုတ်ယူကြတာပါ၊ ဒါပေမယ့် တရုတ်နိုင်ငံသားတွေဟာ ဒီလို သစ်ခိုးထုတ်နေတဲ့ အချိန်ကစပြီး လယ်ယာလုပ်ငန်းတွက် လိုအပ်တဲ့ သစ်၊ ဝါးတွေကို ခုတ်ယူလို့ မရတော့ဘူးလို့ ဆိုပါတယ်။ ဒ့ါပြင် ဝိုင်းမော်မြို့နယ်တွင်းက ဂွေတု၊ ဆိုင်လော်၊ မိုင်ဝန်းစတဲ့ ကျေးရွာတစ်ဝိုက်က တောင်ကြောတွေမှာလဲ တရားမဝင် သစ်ခိုးထုတ်မှု တွေရှိတယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရရှိသေးတဲ့အတွက် မိမိတို့အနေနဲ့ တရားမဝင် သစ်ခိုးထုတ်မှုတွေကို ကာကွယ်တားဆီးဖို့ အခက်အခဲရှိတယ်လို့ ဝိုင်းမော်မြို့နယ် သစ်တော ဦးစီးဌာနမှူး ဦးနော်ဂျာကပြောပါတယ်။

ဦးနော်ဂျာ

"အဲ့ဒါနဲ့ပတ်သက်လို့ ကျနော့်ကိုမြို့နယ်အုပ်ချုပ်ရေးမှူး လဲခေါ်ပြောပါတယ်၊ လောလောဆယ် ဒီတစ်ရက်နှစ်ရာက်အတွင်းမှာ လဝကနဲ့ ပြည်သူ့ရဲကို ကွင်းဆင်း စစ်ဆေးပေးဖို့ စာထုတ်ထားတာရှိပါတယ်၊ မတည်ငြိမ်တော့ ကျနော်တို့တွေ ဘက်ပေါင်းစုံကနေ ဌာနပေါင်းစုံကနေ တားမြစ်ဖို့ရာ ကျနော် တို့တွေ အခက်အခဲ ရှိတယ်ပေါ့နော်၊ လုံခြုံရေး ကန့်သတ်ချက်တွေရှိနေတော့ လွတ်လွတ်လပ်လပ် ဘယ်မှသွားလို့၊ လာလို့မရဘူးဖြစ်နေတယ်၊ တကယ် ကတော့ ငြိမ်းချမ်းရေးရ သွားပြီဆိုရင် ကိုင်ရတာ အလွယ်တကူပါပဲ၊"

အခုတရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်နေတဲ့ အင်ကြင်းတောင်ဟာ နောင်စီပေါ ရွာသားတွေ လုပ်ကိုင်နေတဲ့ လယ်မြေတွေနဲ့ တဆက်တည်းထိဆက်နေတာပါ၊ လယ်ယာအတွက် လိုအပ်တဲ့ရေကိုလဲ အင်ကြင်းတောင်ကနေစီးဆင်းလာတဲ့ ချောင်းတွေကနေရရှိတာပါ၊ သစ်တွေခုတ်ယူလို့ တောပြုန်း၊ မြေဇီလွှာတွေ ခန်းခြောက် သွားရင် လယ်ယာမြေတွေဆုံးရှုံးပြီး အရင်ဆုံးထိခိုက်နစ်နာမယ့်သူတွေဟာ နောင်စီပေါရွာသားတွေဖြစ်ပါတယ်၊ ဒါကြောင့်ဒီလိုမဆုံးရှုံးရအောင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို အမြန်ဆုံးအရေးယူတားမြစ်ဖို့ ဝိုင်းမော်မြို့နယ်ထဲက နောင်စီပေါ၊ ခက်ချို၊ တာသဒ၊ ဟို့တုန်၊ တင်ကြီးစု စတဲ့မြို့ရွာတွေက ဒေသခံရှမ်းရွာသား ၅၀၀ ကျော်ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စာရေးသားပေးပို့ တောင်းဆိုကြတာ ပါခင်ဗျာ။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။