၂၀၁၇ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို စုံစမ်းဖို့ ဘင်္ဂလားဒေ့ရှ်သွားမည်
2019.11.06

လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီလခရီးစဉ်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကြောင်းကြားထားပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကိုအတည်ပြုပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန် အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားနဲ့ ဒေါက်တာ အောင်ထွန်းသက်တို့ ပထမအကြိမ်အဖြစ် သြဂုတ်လ ၁၇ ကနေ ၂၂ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာနဲ့ ကော့ဇ်ဘဇားကို သွားရောက်ခဲ့ပြီးတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့တွေ့ဆုံတာထက်၊ နိုင်ငံတာဝန်ရှိ အစိုးရပုဂ္ဂိုလ်တွေနဲ့သာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့တာပါ။
“ဟုတ်ပါတယ်၊ ဟုတ်ကဲ့ပါ ဟုတ်ကဲ့၊ ဒီလထဲသွားဖို့တော့ သူတို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို အကြောင်းကြားထားတယ်၊ ကော်မရှင်အဖွဲ့ဝင်တွေရော သူတို့ခန့်ထားတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေရော၊ ပထမအကြိမ်သွားတာက ဘာမှအထောက်အထားတွေ ရှာဖွေစုဆောင်းတာမပါဘူးလေ၊ သူတို့ဘက်က တာဝန်ရှိသူတွေနဲ့ပဲ တွေ့ပြီးဆွေးနွေးတာ၊ ဒီတစ်ခေါက်ကတော့ တကယ့်လက်တွေ့လုပ်မယ့်သူတွေပါ ပါသွားတာပေါ့၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတာပဲ”
ကော်မရှင်(ICOE) ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုဝင်ဘာ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ခန်း ချိုဒူရီ Mr. Manjurul Karim Khan Chowdhury ကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ကော်မရှင်အနေနဲ့ ဒုက္ခသည်တွေနဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ်တွေ့ချင်တဲ့သူတွေကိုပဲ ရွေးတွေ့တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင် ကပြောပါ တယ်။
“ဘယ်သူပဲသွားသွားပေါ့လေ တကယ်ဒုက္ခရောက်နေတဲ့ ဒုက္ခသည်များကို သွားထိတွေ့ပြီးတော့ သူတို့ရဲ့အသံတွေကို ကြားရတာတော့ဖြင့် ပြဿနာရဲ့အဖြေကို ရှာတဲ့အခါမှာ အထောက်အကူတော့ ပြုလိမ့်မယ်လို့ထင်ပါတယ်၊ ကြားခံတွေကတစ်ဆင့် ပြောရတာတွေကလေ တစ်ခါတစ်ခါမှာ အမှန်တရားနဲ့ ကင်းကွာသွားတာရှိတတ်လို့ပါ၊ တစ်ခေါက်တည်း တစ်ခါတည်းနဲ့တော့ မပြီးနိုင်ဘူးဗျ၊ လူတွေကလည်း သိန်းနဲ့ချီပြီးရှိတာ၊ သို့သော် မသွားတာထက်စာရင်တော့ သွားတာ အများကြီးကောင်းပါတယ်၊ သို့သော်အရေးကြီးတာတော့ ကိုယ်တွေ့ချင်တဲ့လူတွေပဲ ရွေးချယ်ပြီး တွေ့တာမဟုတ်ဘဲနဲ့ တကယ်ကို ခံစားနေရတဲ့ပုဂ္ဂိုလ်များကို အမှတ်တမဲ့သွားတွေ့ပြီးတော့ သူတို့ခံစားချက်တွေကို မေးကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နည်းနည်း အများခံစားနေရတဲ့ခံစားချက်ကို သူတို့လည်းသဘောပေါက်နိုင်တာပေါ့”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူဟာလီဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေး ဒုက္ခသည် မိုဟာမက်ဂျူဟာရ်ကတော့ အစိုးရဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့ဝင်တွေ လာရောက်မှာကို သူ့အနေနဲ့ မသိရှိသေးကြောင်း RFA ကို ဒီကနေ့ ဖုန်းကနေ ပြောပါတယ်။
အရင်က စခန်းကိုလာရောက်ဖူးတဲ့ အဖွဲ့အစည်းတချို့ဟာ တကယ့်လူ့ အခွင့်ရေးချိုးဖောက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတွေထက်၊ ဖြစ်ရပ်ကို ရေရေရာရာမပြောနိုင်တဲ့ စခန်းနေသူတချို့ကို စိတ်ကြိုက်ရွေးချယ်တွေ့ဆုံသွားတာမျိုးကို ရှေ့မှာကြုံဖူးထားတယ်လို့ မိုဟာမက်ဂျူဟာရ်က ပြောပါတယ်။
“ဒီမှာ ရိုဟင်ဂျာစာရင်းထဲမှာ စခန်းထဲမှာ မပါတဲ့သူတွေဖြစ်နေတယ်၊ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာက ရောက်လာတဲ့သူတွေထဲမှာ ဒီမှာဒုက္ခသည်ဖြစ်တဲ့စာရင်းထဲမှာ မပါတဲ့ပုဂ္ဂိုလ်တွေလို့ ကျွန်တော်ယူဆပါတယ်၊ ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူးခင်ဗျာ”
ဘာလူဟာလီဒုက္ခသည်စခန်းက မိုဟာမက်ဂျူဟာရ် ပြောသွားတာပါ။
ဘာလူဟာလီစခန်းအပြင် တခြားဒုက္ခသည်စခန်းက မွတ်စလင်တွေရဲ့ အမြင်တွေကို တင်ပြနိုင်ဖို့ ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုရခက်ခဲတာကြောင့် တင်ပြနိုင်ခြင်းမရှိပါဘူး။
ကော်မရှင်အနေနဲ့ သေသေချာချာ သမာသမတ်ကျကျနဲ့ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးမယ်ဆိုရင် စုံစမ်းစရာတွေ ထပ်တွေ့လာနိုင်တယ်လို့ ဦးအေးလွင် က ပြောပါတယ်။
“တပ်တော်ကတောင်မှ တချို့ကိစ္စရပ်တွေမှာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်ဆိုပြီးတော့ စစ်ခုံရုံးတွေ ဘာတွေတောင်ဖွဲ့ပြီး စုံစမ်းဖို့လိုနေတော့ဟာ ဒီလိုစုံစမ်းဖို့လိုအပ်တဲ့ အခြေအနေကတော့ ရှိခဲ့တယ်၊ အဲဒါကြောင့်မို့လို့ စုံစမ်းဖို့လိုအပ်တယ်ဆိုတာကတော့ ဘယ်လိုမှ ကျွန်တော်တို့အငြင်းပွားစရာမရှိဘဲ လက်ခံရမယ့်အနေအထားပေါ့နော်၊ အဲတော့ သေချာ သမာသမတ်ကျကျနဲ့ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမယ်ဆိုလို့ရှိရင် အဲဒီလိုစုံစမ်းစရာလေးတွေကလည်း ထပ်တွေ့လာမယ့်လို့ ကျွန်တော်ထင်ပါတယ်”
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက သက်တမ်းတစ်နှစ်ပြည့်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးထားပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်က နယ်ခြားစောင့်စခန်းတွေကို အာဆာ ARSA အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကနေ တပ်မတော်ရဲ့ တန်ပြန် ရှင်းလင်းရေးစစ်ဆင်ရေးကြောင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂက တပ်မတော်စစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ပြီးတော့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ တိုက်တွန်းလုပ်ဆောင်နေတာတွေရှိပါတယ်။
မြန်မာအစိုးရ ကိုယ်စားလှယ် ဟောက်ဒိုဆွမ်းက လူမျိုးစုတစ်ခုကို ရှင်းလင်းမောင်းထုတ်တာမရှိကြောင်းနဲ့ ကုလအဖွဲ့ ဝင်နိုင်ငံကနေဒါနိုင်ငံက မြန်မာကို ICC တင်ရေး ထောက်ခံတိုက်တွန်းချက်ကို ကန့်ကွက်ကြောင်း မနေ့တုန်းက နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ သဘောတူညီချက်အရ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ၂၀၁၈ ကတည်းက ဆောင်ရွက်ခဲ့ကြပေမယ့် တရားဝင်လမ်းကြောင်းအရ ပြန်လည်ရောက်ရှိလာတာ တစ်ဦးမှ မရှိဘဲ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတဲ့ ရိုဟင်ဂျာအရေအတွက် စုစုပေါင်း ၄ဝဝ နီးပါးရှိသွားပြီလို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံး ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို ကတာဝန်ယူထားပြီး အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်းသံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်ပါတယ်။