မြန်မာ့အရေးကို တရုတ်နဲ့ပူးပေါင်း ဖြေရှင်းသင့်ကြောင်း ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း
အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီအပေါ် တရုတ်အစိုးရရဲ့ ယုံကြည်မှု ကျဆင်းလာတာကြောင့် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီအခွင့်အရေးကိုအသုံးချပြီး မြန်မာ့အရေးကို တရုတ်နဲ့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ICG က တိုက်တွန်းလိုက်ပါတယ်။
-
RFA Burmese
2024-03-27 -
-
-
အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီအပေါ် တရုတ်အစိုးရရဲ့ ယုံကြည်မှု ကျဆင်းလာတာကြောင့် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီအခွင့်အရေးကိုအသုံးချပြီး မြန်မာ့အရေးကို တရုတ်နဲ့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ နိုင်ငံတကာပဋိပက္ ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) က တိုက်တွန်းလိုက်ပါတယ်။
"အာဏာသိမ်းချိန်မှစ၍ တရုတ်-မြန်မာဆက်ဆံရေး" လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံက တရုတ်ရဲ့စီမံကိန်းကြီးတွေ နှောင့်နှေးသွားတာကြောင့် တရုတ်အစိုးရက စစ်ကောင်စီအပေါ် စိတ်ပျက်နေပြီး အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်က နှိမ်နင်းစေချင်ပေမယ့် စစ်ကောင်စီက စိတ်အားထက်သန်မှုမရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တချို့ ဆင်နွှဲတဲ့စစ်ဆင်ရေးကို တရုတ်က တိတ်တဆိတ် ထောက်ခံခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအစိုးရတွေဟာ ဒီအခြေအနေကို အသုံးချပြီး မြန်မာ့အရေးကို တရုတ်နဲ့ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးအရာရှိ ရစ်ချတ်ဟိုဆေး (Richard Horsey) က တိုက်တွန်းပါတယ်။
"ဥပမာ - စစ်ကောင်စီအပေါ် ပြန်လည်ဆန်းစစ်မှုတွေ တိုးမြှင့်ဖို့ ကုလလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ အနောက်နိုင်ငံတွေအတွက် အခန်းကဏ္ဍတစ်ခု ရှိပါတယ်။ အဲဒီမှာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ ငွေကြေးခဝါချမှုလို ဘုံစိုးရိမ်ပူပန်စရာကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်ပါတယ်။ အခုဆိုရင် စစ်တပ်ရဲ့အားနည်းချက်နဲ့ နယ်မြေဆုံးရှုံးမှုတွေက နိုင်ငံတကာအစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်းအများကြီး ရှိလာပါတယ်"
အာဏာသိမ်းမှုအလွန် မြန်မာ့ပြည်တွင်းစစ်ကို နိုင်ငံတကာက ပူးပေါင်းအဖြေရှာဖို့နဲ့ တရုတ်အစိုးရအနေနဲ့လည်း နယ်စပ်ဒေသတည်ငြိမ်ရေးကို ရေတိုဖြေရှင်းတာမျိုး မဟုတ်ဘဲ ရေရှည်တည်ငြိမ်ရေးကို ပိုပြီး အလေးထားဆောင်ရွက်သင့်တယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
"အခုဆိုရင် စစ်တပ်ရဲ့အားနည်းချက်နဲ့ နယ်မြေဆုံးရှုံးမှုတွေက နိုင်ငံတကာအစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်းအများကြီး ရှိလာပါတယ်"
ICG ရဲ့ တိုက်တွန်းချက်တွေကို တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ထောက်ခံပါတယ်။
"အမှန်တိုင်းပြောရင်တော့ သူ (တရုတ်အစိုးရ) က သိပ်မကျေနပ်ဘူးဆိုတာ မှန်ပါတယ်။ စစ်အာဏာသိမ်းပွဲကို မကြိုက်ဘူးပေါ့ဗျာ။ သို့သော်လည်း ဒါကို ကန့်ကွက်တာတွေ ဘာတွေ မလုပ်ပါဘူး။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောတဲ့အထဲမှာ မြန်မာပြည်ကို ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်အောင် လုပ်ရမယ်ဆိုတာတော့ ပါတယ်လေ။ ICG ပြောသလိုပဲ နိုင်ငံတကာကလည်း တရုတ်နဲ့ ပူးပေါင်းပြီး အဖြေရှာဖို့ပဲ"
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာမှာ အရပ်သားအစိုးရရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်ထားတဲ့အပေါ် တရုတ်ဘက်က မကန့်ကွက်တာ၊ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို တရုတ်က ဗီတိုအာဏာသုံးပြီး မကန့်ကွက်ခဲ့တာတွေကိုကြည့်ရင် တရုတ်အစိုးရက မြန်မာစစ်ကောင်စီအပေါ် စိတ်ပျက်နေတယ်ဆိုတာ အထင်အရှား မြင်တွေ့နိုင်တယ်လို့ ICG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်အစိုးရဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တရားဝင် အသိအမှတ်မပြုသလို တရုတ်နိုင်ငံကို ဖိတ်ကြားတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တရုတ်အစိုးရရဲ့ မြန်မာစစ်ကောင်စီအပေါ် လက်ရှိသဘောထားကို အသုံးချပြီး မြန်မာ့အရေးကိုဖြေရှင်းရာမှာ တရုတ်နဲ့ ပူးပေါင်းဖို့ ICG က တိုက်တွန်းထားတာပါ။
ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုပဲ ကြည့်မှု၊ နှစ်နိုင်ငံအစိုးရချင်း လိုက်နာရမယ့်ကျင့်ဝတ်တွေကို ဖောက်ဖျက်မှုတွေကြောင့် မြန်မာအစိုးရကလည်း တရုတ်အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့နေတယ်လို့ ပြောပါတယ်။
"အယုံကြည်ကင်းမဲ့တယ်ဆိုတာကလည်း တရုတ်ကပဲ အယုံအကြည်ကင်းမဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေဘက်က အထူးသဖြင့် ဗမာအုပ်စုတွေဘက်ကနေပြီးတော့ သူ့ကို (တရုတ်ကို) အယုံအကြည်ကင်းမဲ့တယ်ဆိုတာတော့ အမှန်။ ပြီးတော့ အကျိုးစီးပွားတစ်ခုအပေါ်မှာပဲ ရပ်တည်မှုတွေနဲ့ နှစ်နိုင်ငံအစိုးရချင်း ထမ်းဆောင်ရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်တယ်ဆိုပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကလည်း သူ့အပေါ်မှာ အယုံအကြည်ကင်းမဲ့နေတာကလည်း အမှန်ပါပဲ"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ တရုတ်အစိုးရဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့၊ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေကို ဆက်အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းမျိုးစုံသုံးပြီး ထိတွေ့ဆက်ဆံနေတယ်လို့ RFA ကို ပြောပါတယ်။
"ကျွန်တော်ပြောချင်တာကတော့ ဒီတရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအကုန်လုံးနဲ့ နည်းလမ်းပေါင်းစုံပေါ့နော်။ တချို့နေရာတွေမှာလည်း မတူညီတဲ့နည်းလမ်းတွေနဲ့ ဆက်ဆံနေတယ်။ အဓိက နယ်စပ်လုံခြုံရေး၊ တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် နောက်ပြီးတော့ အရင် NLD အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ဒီရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ စသဖြင့်ပေါ့"
တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရလက်ထက်မှာ အနှစ် နှစ်ဆယ်အတွင်း မြန်မာနိုင်ငံနဲ့ အမြင့်ဆုံး ဆက်ဆံရေးမျိုးအထိ တိုးမြှင့်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီး ပိုးလမ်းမစီမံကိန်းနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ICG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။