ရခိုင်မှာ AA နဲ့ ပတ်သက်တဲ့အမှုတွေ အချိန်ဆွဲဆန့်ခံထားရ
2021.09.14
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူ တစ်ရာကျော်ဟာ အမှုရင်ဆိုင်နေရတာ အချိန် နှစ်နှစ်ကျော်ကြာလာတဲ့အထိ အမိန့်မချဘဲ ဆွဲဆန့်ခံထားရတဲ့အတွက် နစ်နာမှုတွေရှိနေတယ်လို့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒါကြောင့် တရားရုံးတွေက ပြန်လွှတ်တဲ့အမိန့်ကို အမြန်ဆုံးချမှတ်ပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုနေကြ ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့အကြား ယာယီအပစ်ရပ်စဲထားလို့ နောက်ထပ် ဖမ်းဆီးခံရတာတွေမရှိပေမယ့် ယခင်ကဖမ်းဆီးပြီး အကြမ်းဖမ်းမှုဥပဒေနဲ့ အမှုရင်ဆိုင်နေရတဲ့ လူပေါင်း ၁၃၀ ဝန်းကျင်ဟာ အကျဉ်းထောင်အချုပ်တွေထဲမှာ နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ အကူအညီပေးနေ သူတွေနဲ့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြောပါတယ်။
အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေ အပါအဝင် ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီး၊ တရားစွဲခံထားရသူတွေထဲက ၅၂ ဦးလောက်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ နောက်ထပ်ကျန်ရှိနေတဲ့ လူပေါင်း တစ်ရာကျော်ဟာ အကျဉ်းထောင်အချုပ်ထဲကနေ အမှုရင်ဆိုင်နေရတာ အချိန်နှစ်နှစ်ကျော်အထိ ကြာမြင့်နေပြီလို့ ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာနေပြီးတော့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေကြား အေအေဆိုပြီး သံသယနဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲပြီးတော့ ဖမ်းထားတဲ့ဟာက လူဦးရေဆိုလို့ရှိရင် အကုန်လုံး ၁၅၀ ကျော်ရှိပါတယ်။ လူ ၁၅၀ လောက်ရှိတဲ့နေရာမှာ အကြမ်းဖက်ပုဒ်မနဲ့ စွဲခံရတဲ့ပြည်သူ ၁၃၀ လောက် ကျန်ပါတယ်”
အခုကျန်နေသေးတဲ့သူတွေထဲမှာလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ အမှန်တကယ်ဆက်စပ်လို့ ဖမ်းဆီးခံရသူ ဆယ်ဂဏန်းလောက်ပဲရှိပြီး အများစုကတော့ အရပ်သားတွေဖြစ်တာကြောင့် သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ လိုတယ်လို့လည်း ဦးမြတ်ထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့က ကျောက်ဖြူ၊ အမ်း၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော စတဲ့မြို့နယ်တွေ မှာ အကြမ်းဖက်ဥပဒေနဲ့ အမှုရင်ဆိုင်နေရသူ ၁၆ ဦးကို စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပါ တယ်။
ဒါပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ရေယာဉ်ပေါ်မှာ စစ်သားတွေက ဝိုင်းဝန်းနှိပ်စက်ပြီး အကြမ်းဖက်ဥပဒေပုဒ်တွေနဲ့ တရားစွဲဆိုခဲ့တဲ့ ကျောက်ဆိပ်ကျေးရွာသား တွေကတော့ ပါမလာဘူးလို့ ဖမ်းဆီးခံထားရသူ ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီ က ပြောပါတယ်။
“ကျွန်မတို့ နစ်နာတယ်ဆိုတာကို ပြောစရာတောင်မလိုပါဘူး။ အခုသူများသားသမီးတွေ လွတ်လာတယ် ဆိုတော့ ကိုယ့်သားလည်း လွတ်လာနိုးနိုး လွတ်လာမယ်ထင်ပြီး ကျွန်မတို့လည်း မျှော်နေပါတယ်။ အေအေ မဟုတ်ဘဲနဲ့ အေအေဆိုပြီး စွပ်စွဲပြီး တစ်နှစ်၊ နှစ်နှစ် ထောင်ထဲမှာထည့်ထားတယ်။ သူတို့မိဘတွေဟာ ဘယ်လောက်ထိ စားဝတ်နေရေး အခက်အခဲကြုံနေကြမလဲ။ သူများသားသမီးတွေကို တစ်နှစ်ကျော်လည်း ထောင်ထဲမှာထည့်ပြီးပြီ၊ ရိုက်နှက်လို့လည်းပြီးပြီ အဲဒီလောက်ဆိုရင် ကျေနပ်ကြပါတော့”
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်း တို့ကို ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က ဖမ်းဆီးပြီး စစ်ရေယာဉ်ပေါ်မှာ ဝိုင်းဝန်းနှိပ်စက်ခဲ့ကြတာပါ။
သူတို့ကို ရိုက်နှက်နှိပ်စက်နေတဲ့ ဗီဒီယိုဟာ ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် စစ်တပ်ကလည်း သူတို့နှိပ်စက်တာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပေမယ့် သူတို့ကို ပြန်လွှတ်မပေး ဘဲ ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်း က တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ဖမ်းဆီးတရားစွဲခဲ့ပါတယ်။
အခုလိုရိုက်နှက်ခံခဲ့ရလို့ ရခဲ့တဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်လည်းမရခဲ့ဘူးလို့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ကိုညီညီအောင်ရဲ့ မိခင် ဒေါ်နီနီ က ပြောပါတယ်။
ထောင်ဝင်စာသွားပေးတဲ့အခါမှပဲ လိုအပ်တဲ့ဆေးတွေကို ထည့်ပေးနိုင်တယ်၊ အခုတော့ ငွေကြေးအခက်အခဲ ကြောင့် ထောင်ဝင်စာတောင် သွားမပို့နိုင်တော့ဘူးလို့လည်း ပြောပါတယ်။
မြောက်ဦးမြို့နယ် လက္ကာရွာသားတွေဟာလည်း အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတာ အချိန် နှစ်နှစ်ကျော်အထိ ကြာလာပြီဖြစ်လို့ နစ်နာမှုတွေရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အမှုရင်ဆိုင်နေရသူတွေထဲက လက္ကာရွာသား ဦးခင်မောင်စိုးရဲ့ ဇနီး ဒေါ်သိန်းမယဉ် ကတော့ တာဝန်ရှိသူတွေ အနေနဲ့ လွှတ်တဲ့အမိန့်ကို တရားရုံးက အမြန်ဆုံးချပေးဖို့ တောင်းဆိုပါတယ်။
“ကျွန်မတို့ မိသားစုဝင်တွေကတော့ ဘာမှလည်း မတတ်နိုင်တော့ဘူး။ စားစရာလည်းမရှိတော့ဘူး။ သွားစရာလည်း မရှိတော့ဘူး။ စစ်တွေကို မသွားရတာလည်း ကျွန်မတို့ ခြောက်လကျော်ရှိပြီ။ ကျွန်မ အပါအဝင်ပေါ့နော် တခြားမိသားစုဝင်တွေအတွက်ပါ ကျွန်မတောင်းဆိုနေပါတယ်။ ဒီကိုးလပိုင်း အတွင်းမှာပဲ လွှတ်ပေးကြပါ။ အထက်ကလူကြီးတွေကလည်း မြန်မြန်ဆန်ဆန်လေး လုပ်ပေးကြပါလို့ ကျွန်မတောင်းဆိုပါတယ်။ ကျွန်မတို့ကလည်း ယောကျာ်းလာမယ့်လမ်းကို နေ့တိုင်းမျှော်နေရပါတယ်”
အဲဒီလက္ကာကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြီး ဦးခင်မောင်စိုး အပါအဝင် ရွာသား ၂၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ကိုဇော်မျိုး ထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနု တို့ သုံးဦးကတော့ စစ်တပ်ကဖမ်းဆီးထားစဉ် စစ်ကြောရေးမှာ သေ ဆုံးခဲ့ပါတယ်။
ကျန်တဲ့သူတွေကိုတော့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေတပ်နယ်က ဗိုလ်ကြီး ထင်လင်းနဲ့ အမှတ်-၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်မျိုးဝင်းတို့က တရားလိုလုပ်ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နဲ့ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ - ၂ (၁) နဲ့ စစ်တွေခရိုင်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး အခုအချိန်ထိ အမှုရင်ဆိုင်နေကြရပါတယ်။
"ကျွန်မတို့ကလည်း ယောကျာ်းလာမယ့်လမ်းကို နေ့တိုင်းမျှော်နေရပါတယ်”
ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်နွယ်ပြီး အကြမ်းဖက်ဥပဒေနဲ့ အချိန်နှစ်နှစ်ကျော်အထိ ကာလကြာရှည် အမှုရင်ဆိုင်နေရသူတွေဟာ အမိန့်ချမှတ်ရမယ့် အခြေအနေ အထိရောက်နေပေမယ့် ကိုရိုနာကပ်ဘေးကြောင့် တရားရုံးတွေက အမိန့်ကို ဆိုင်းငံ့ထားဆဲဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
ရခိုင်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲခံရသူတွေအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် ကလည်း သူလိုက်နေတဲ့အမှုတွေမှာ တရားခံတွေဟာ အပြစ်ပေး ရလောက်တဲ့ အနေအထားမတွေ့ရတာကြောင့် အခုလိုအချိန်ကြန့်ကြာနေတာဟာ အမှုသည်တွေ၊ မိသားစုဝင် တွေဟာ တော်တော်လေးကို နစ်နာတယ်လို့ ဆိုပါတယ်။
“ကျွန်တော်လိုက်နေတဲ့အမှုတွေမှာ ဥပဒေပိုင်းအရကြည့်မယ်ဆိုလို့ရှိရင် အပြစ်ပေးရလောက်တဲ့ အနေ အထားမျိုး သိပ်မတွေ့ရဘူး။ အခုလို ရက်ရှည် ဘာမှလည်းမလုပ်ဘဲနဲ့ ဆိုင်းငံ့ထားတာကတော့ အမှုသည် တွေ၊ မိသားစုတွေအတွက်တော့ တော်တော်လည်းနစ်နာပါတယ်။ နောက်ပြီးတော့ အမှုတွေကို အဲဒီလိုမျိုး ဆိုင်းငံ့ထားတဲ့ဟာကတော့ ဥပဒေနဲ့ပြောရရင်တော့ မညီဘူးလို့ ပြောရမှာပေါ့ဗျာ”
ဒါကြောင့် စစ်ကောင်စီအနေနဲ့ အမှုကို ပိတ်သိမ်းမယ်ဆိုရင်လည်း အမြန်ဆုံးပိတ်သိမ်းပြီး ပြန်လွှတ်ပေးသင့် သလို မပိတ်သိမ်းဘူးဆိုရင်လည်း အမြန်ဆုံး အမိန့်ချပေးသင့်တယ်လို့လည်းဆိုပါတယ်။

အခုလို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပေဒနဲ့ တရားစွဲခံထားရသူတွေရဲ့ အမှုကို အမြန်ဆုံးပိတ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ တောင်းဆိုနေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ပြီးခဲ့တဲ့သြဂုတ်လ ၂၉ ရက်နေ့ကတော့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုတွေထဲက လူ ၃၅ ဦး၊ စွဲဆိုထားတဲ့အမှု ၁၄ မှုကို ရုပ်သိမ်းပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပြီး ဒါဟာ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ အထက်ညွှန်ကြားချက်တွေအရ ဒီအမှုတွေကို ဥပဒေနဲ့အညီ ရုပ်သိမ်းတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက် ပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေ အပါအဝင် ရခိုင်မှာ အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့ ကလေးသူငယ် အမှု ၁၇ မှုကိုလည်း ပြီးခဲ့တဲ့မေလအတွင်းက ပြန်လည်ရုပ်သိမ်းပြီး လွှတ်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ကစလို့ တိုက်ပွဲတွေရပ်စဲနေပါတယ်။
RFA က ရှိထားတဲ့ စာရင်းတွေအရ အဲဒီ စစ်ရေးပဋိပက္ခအတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ သေဆုံးသူ ၃၂ ဦး အပါအဝင် သေဆုံးသူ ၂၃၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦးအထိ ရှိခဲ့ပါတယ်။