ကမ္ဘာ့အရှေ့ခြမ်းရဲ့ လူမှောင်ခိုဈေးကွက် မြန်မာ ဖြစ်လာနေ
2022.11.22

၂၀၂၂ နိုဝင်ဘာလ ၁၆ ရက်နေ့ The East African သတင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှေ့ခြမ်းရဲ့ လူမှောင်ခိုဈေးကွက် ဖြစ်လာနေကြောင်း သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြပါတယ်။
အခုအခါ အရှေ့အာဖရိကဒေသမှာ မော်ဒယ်လ်တွေ၊ အရောင်းဧည့်ကြို အမျိုးသမီးဝန်ထမ်းတွေနဲ့ အင်္ဂလိပ်စာပြ ဆရာ၊ ဆရာမတွေ၊ အရောင်းမြှင့်တင်ရေး၊ ဘာသာစကားသင်တန်းနဲ့ ဘာသာပြန်သင်တန်း… စတဲ့ အလုပ်ခေါ်ယူတဲ့ ကြော်ငြာတွေကို Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုံမှန် တွေ့မြင်နေရပါတယ်။
လုပ်ခလစာကလည်း အရှေ့အာဖရိက စံချိန်နဲ့ဆိုရင် မက်လောက်စရာပမာဏ ဖြစ်ပါတယ်။ ကျွမ်းကျင်အဆင့် အရောင်းသမားဆိုရင် အမေရိကန်ဒေါ်လာ ၂၁၀၀ သို့မဟုတ် ထိုင်းဘတ်ငွေ ၇၅၀၀ ဝန်းကျင်ရရှိပြီး၊ ဘာသာစကားနှစ်မျိုး ကျွမ်းကျင်သူဆိုရင် ဒေါ်လာသုံးထောင်အထိ ရကြပါတယ်။
တရုတ်ဘာသာစကား ကျွမ်းကျင်ရင် ပိုပြီး အကျိုးရှိပါတယ်။ တက္ကသိုလ်ဘွဲ့ရလည်း ဖြစ်မယ်၊ ပြောဆိုဆက်သွယ်မှု စွမ်းရည်လည်း ကောင်းမယ်၊ ဥပဓိရုပ်လက္ခဏာလည်း သင့်တင့်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။
လစာ ဒေါ်လာ ၁၃၀၀ လောက်ရရှိတဲ့ ဆက်ဆံရေး မန်နေဂျာတစ်ဦးဟာ၊ အလုပ်သမားဝန်ထမ်းတွေ ပိုမိုစုဆောင်းနိုင်တယ်ဆိုရင် သူ့အတွက် လစာ နှစ်ဆလောက်ရရှိကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြပါတယ်။
အလုပ်တွေဟာ ကွန်ပျူတာနဲ့ စာအမြန်ရိုက်တတ်ဖို့ လိုအပ်ပြီး၊ ထိုင်းနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ရမှာ ဖြစ်လို့ ပြည်ဝင်ခွင့်ဗီဇာနဲ့ လေယာဉ်လက်မှတ်တွေ လိုအပ်ပါတယ်။ အခုလို ပုံစံနဲ့ ခေါ်ယူတာဟာ အရှေ့ အာဖရိက က လူတွေကို ထိုင်းနိုင်ငံထဲ ခေါ်သွင်းတာဖြစ်ပေမယ့် နောက်ဆုံးတော့ မြန်မာနိုင်ငံတွင်းမှာ ကျေးကျွန်သဖွယ် အဆုံးသတ်သွားရတယ်လို့ ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

လတ်တလော မြန်မာနိုင်ငံတွင်းကနေ ကယ်တင်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက သူတို့ကို အလုပ်ရမယ်ဆိုပြီး အမည်မသိ နေရာတစ်ခုဆီ လိမ်လည်ခေါ်ဆောင်လာခဲ့ပြီး၊ ထိုင်းနိုင်ငံတွင်းကို ရောက်ပြီလို့ ပြောဆိုပေမယ့် တကယ်တော့ မြန်မာနိုင်ငံတွင်းက ဝေးလံတဲ့နေရာတစ်ခုကို ရောက်ရှိနေတာဖြစ်ကြောင်း၊ ဒါ့အပြင် သူတို့ကို အလုပ်ရှင်တွေနဲ့ အဆင်ပြေအောင် အင်္ဂလိပ်စာလည်း သင်ပြပေးမှာဖြစ်ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တစ်နေရာကို ရောက်တာနဲ့ သူတိုရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်စပို့တွေကို သိမ်းယူလိုက်ပြီး၊ အန္တရာယ်ရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကနေ ရှောင်ကွင်းတဲ့အနေနဲ့၊ ဝေးလံတဲ့နေရာတွေကနေ ဖြတ်သွားကြရကြောင်း၊ ဒါပေမဲ့ တကယ်တော့ သူတို့ဟာ မြန်မာနိုင်ငံတွင်းမှာပဲ ရှိနေကြသေးတယ်ဆိုတာကိုတော့ မပြောဆိုကြောင်းလည်း ကယ်တင်ခံခဲ့ရသူ အမျိုးသမီး တစ်ဦးက ပြန်ပြောင်းပြောပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း၊ အရှေ့အာဖရိက နိုင်ငံသား ၂၄ ဦးကို ကင်ညာနဲ့ လာအို အစိုးရတို့ ပူးပေါင်းပြီး၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတွင်းကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာအိုလုံခြုံရေး တပ်ဖွဲ့တွေကလည်း လူ ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီအတွင်း လူမှောင်ခိုဂိုဏ်းတွေကလည်း ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ နဲ့ မြန်မာကြား ကူးသန်းသွားလာနေကြတာကလည်း စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ ကင်ညာ နဲ့ မြန်မာကြား သံတမန်အဆက်အသွယ်မရှိသလို တိုက်ရိုက်လေကြောင်းခရီးစဉ်လည်း မရှိပါဘူး။ ထိုင်းနိုင်ငံက တစ်ဆင့်သာ သွားလာနေရတာပါ။

ထိုင်းနဲ့မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာရှိနေတဲ့ အလုပ်တွေက အတုတွေသာဖြစ်ပြီး အချင်းချင်းညှိပြီး၊ အပြိုင်မလုပ်ဘဲ အမြတ်ထွက်ဖို့ ကြံစည်သဘောတူကြတဲ့ စီးပွားရေးလုပ်ငန်းတွေသာဖြစ်ကြောင်း၊ စီးပွားရေးသမားတွေဟာ မဲဆောက်ကို ငါးစာအဖြစ်သာ သုံးနေတာဖြစ်ကြောင်း ဆောင်းပါးက ဖော်ပြပါတယ်။
ကင်ညာနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လူမှောင်ခိုကူးခံရသူ ၇၅ ဦး ကိုယ့်အိမ်ကိုယ် ပြန်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ယူဂန်ဒါနိုင်ငံက ၁၀ ဦး နဲ့ ဘူရွန်ဒီနိုင်ငံက တစ်ဦး ပါဝင်ပါတယ်။ သူတို့ကို IOM နဲ့ ထိုင်း၊ လာအို၊ ကင်ညာအစိုးရတွေက ပူးပေါင်း ကူညီခဲ့ကြတာဖြစ်ပါတယ်။