မြန်မာစစ်တပ် ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားအရေးယူဖို့ HRW တိုက်တွန်း
မြန်မာစစ်တပ်အတွက် ဝင်ငွေအဓိကရနေတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။
-
စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2023-01-12 -
-
-
မြန်မာစစ်တပ်အတွက် ဝင်ငွေအဓိကရနေတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု နေ့တိုင်း ကျူးလွန်နေပြီး ဒါကို နိုင်ငံတကာက တားဆီးတာမရှိသလောက်ပါပဲ။”
ကမ္ဘာ့ရေးရာ HRW အစီရင်ခံစာမှာ အဲဒီလို ဖော်ပြလိုက်တာဖြစ်ပြီး အရပ်သားတွေပေါ် စစ်တပ်က လူ့အခွင့်အရေး မချိုးဖောက်နိုင်အောင် တိကျခိုင်မာတဲ့ အစီအစဉ်တွေချမှတ်ဖို့ ဒီနှစ်အတွက် အာဆီယံ အလှည့်ကျ သဘာပတိတာဝန်ကျတဲ့ အင်ဒိုနီးရှားက ဦးဆောင်သင့်တယ်လို့ အကြံပေးပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့တိုင်း စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က သုံးသပ်ပါတယ်။
“ မနှစ်က ၂၀၂၂ စစ်ကောင်စီလက်အောက်မှာ မြန်မာပြည်သူတွေ လူ့အခွင့်အရေး လုံးလုံးလျားလျား ချိုးဖောက်ခံရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှု နေ့တိုင်း ကျူးလွန်နေပြီး ဒါကို နိုင်ငံတကာက တားဆီးတာမရှိသလောက်ပါပဲ။ နိုင်ငံရေး အကျဉ်းသား ၁၃၀၀၀ ကျော်အကျဉ်းကျနေပြီး စစ်ကောင်စီဖိနှိပ်မှုက လွတ်မြောက်အောင် လူထောင်သောင်းချီမက ထွက်ပြေးရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးနဲ့ မြန်မာစစ်တပ်ရရှိနေတဲ့ စီးပွားရေး အကျိုးစီးပွားကို ထိထိရောက်ရောက် အရေးယူ ပိတ်ဆို့တာ အပါအဝင် အရေးတကြီး ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်တာက အငြင်းပွားစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီအစား မြန်မာ့ပြဿနာဖြေရှင်းဖို့ တာဝန်ယူရာက ရှေ့မတိုး-နောက်မဆုတ် သောင်မတင်ရေမကျ ဖြစ်လို့ မဆုံးနိုင်တဲ့ အရှေ့တောင်အာရှ တာဝန်မဲ့ သံရေး တမန်ရေးကို အမေရိကန်နဲ့ ဥရောပက ချီးကျူးစကားဆိုပါတယ်။ ယူကရိန်းအတွက် နိုင်ငံတကာက ဆောင်ရွက်တာနဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်သူတွေကို မဖြစ်စလောက်တုံ့ပြန်အကူအညီပေးတာကို နှိုင်းယှဉ်ပြီး မြန်မာတွေ အားမလိုအားမရဖြစ်ရပါတယ်။”
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်၊ နှိပ်စက်ညှဉ်းပန်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုပြီး ပဋိပက္ခဒေသတွေမှာ အရပ်သားတွေကို တိုက်ခိုက်တယ်လို့လည်း HRW က ထောက်ပြတာပါ။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးအကျပ်အတည်းကြုံနေတဲ့ကြားကပဲ အန္တရာယ်အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ လူမှုအသိုင်းအဝိုင်းဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးပို့တာကို ဆိုးဆိုးဝါးဝါး ပိတ်ပင်တားဆီးတယ်လို့ ဖော်ပြပါတယ်။
ဒီလိုမြန်မာစစ်တပ်က အဖက်ဖက်က လူ့အခွင့်အရေးချိုးဖောက်နေတာ ဆုံးခန်းတိုင်သွားစေဖို့ ပစ်မှတ်ထားအရေးယူဒဏ်ခတ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေကို တာဝန်ခံဖို့ တစ်ကမ္ဘာလုံးက ဖိအားပေးဖို့ လိုအပ်တယ်လို့ HRW အာရှရေးရာညွှန်ကြားရေးမှူး Elaine Pearson က လည်း ပြောပါတယ်။
"ဒီလုပ်ရပ်က လက်နက်မကိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အရပ်ဖက်ပြည်သူလူထုကို ရမ်းသန်းပြီး ပစ်နေတာက စစ်ရာဇဝတ်မှုကျူးလွန်မှုတစ်ခုပေါ့။“
စာမျက်နှာ ၇၁၂ မျက်နှာပါ ကမ္ဘာ့ရေးရာ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၀၀ က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို HRW က သုံးသပ်ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ထောက်ခံအားပေးသူ ၁၆၀၀၀ ကျော် တရားမဲ့ ဖမ်းဆီးခံရပြီး အနည်းဆုံး လူ ၂၃၀၀ ကျော် သတ်ဖြတ်ခံရတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက စာရင်းကို HRW က ကိုးကားဖော်ပြပါတယ်။
မနှစ်က ဇူလိုင်မှာ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးအကျဉ်းသားလေးယောက်ကို စစ်တပ်က ကွပ်မျက်ခဲ့တဲ့အကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဂတိမှု၊ လှုံ့ဆော်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ပေါက်ကြားမှုနဲ့ တခြားနိုင်ငံရေးအရ လှုံ့ဆော်မှု စွဲချက်တွေအမျိုးမျိုးနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ မြေပြင်နဲ့ ဝေဟင်ကနေ တရားလက်လွတ် တိုက်ခိုက်တဲ့အတွက် အရပ်သားတွေ အများအပြားသေဆုံးရတယ်လို့လည်း HRW က ပြောပါတယ်။
လောလောလတ်လတ်မှာပဲ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို ဒီလ ၁၁ ရက်နေ့တုန်းက ဒုတိယအကြိမ်လေကြောင်းကတိုက်ခိုက်ချိန်မှာ အရပ်သားတွေ ဆေးကုသတဲ့နေရာကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ပါတယ်။ ဒါကြောင့် ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ CNF ပြောခွင့်ရသူ ဆလိုင်းထက်နီ က အဲဒီနေ့က ပြောတာပါ။
“အရင်ကတည်းက ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်ကို သူတို့(စစ်ကောင်စီ)ပစ်မှတ် ၁၄ ခုနဲ့ထားပြီး အဲဒီပစ်မှတ်တွေထိအောင် လာပစ်တာဖြစ်တယ်။ ဒီနေ့က အရပ်သားပြည်သူတွေ ဆေးကုတဲ့၊ ကျန်းမာရေးဝန်ထမ်းတွေရှိတဲ့နေရာကို အဓိကပစ်မှတ်ထားပြီး လာပစ်တာဖြစ်တယ်။ အိမ် သုံးလုံး မီးလောင်သွားတယ်။ ဒီလုပ်ရပ်က လက်နက်မကိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အရပ်ဖက်ပြည်သူလူထုကို ရမ်းသန်းပြီး ပစ်နေတာက စစ်ရာဇဝတ်မှုကျူးလွန်မှုတစ်ခုပေါ့။“
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူတစ်သန်းကျော် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရပြီး ဒုက္ခသည် ၇၀၀၀၀ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတာကိုလည်း HRW အစီရင်ခံစာက ဖော်ပြပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ကနေဒါလို ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေက မြန်မာအဆင့်မြင့် စစ်တပ်တာဝန်ရှိသူတွေနဲ့ စစ်တပ်ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားအရေးယူပေမယ့် အာရှ-ပစိဖိတ်ဒေသ နိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတွေက စစ်ကောင်စီကို တိတိကျကျ အရေးမယူတဲ့အတွက် တခြားအစိုးရတွေက ကြိုးပမ်းတာတွေကို အားလျော့စေတယ်လို့ HRW က ဝေဖန်လိုက်ပါတယ်။