မလေးရှား ထိန်းသိမ်းရေးစခန်းတွေက ညှဉ်းပန်းနှိပ်စက်မှုတွေကို HRW ဝေဖန်
2024.03.08

မလေးရှားနိုင်ငံတစ်ဝန်းက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေနဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း တစ်သောင်းနှစ်ထောင်ရဲ့ ပြဿနာကို တခြားနည်းလမ်းနဲ့ အဖြေရှာသင့်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားအကျဉ်းသားတွေကို ဥပဒေအရ ထိထိရောက်ရောက် ကွပ်ကဲထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ကာလကြာရှည် ထိန်းသိမ်းထားတာဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက Perak ပြည်နယ်က ထိန်းသိမ်းရေးစခန်းတစ်ခုကနေ အကျဉ်းသား ၁၃၀ ကျော် ထွက်ပြေးခဲ့ရာမှာ ဒုက္ခသည်တစ်ဦး အဝေးပြေးလမ်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် HRW က ကြေညာချက်ပေါ်ထွက်လာတာပါ။
မလေးရှားအာဏာပိုင်တွေဟာ ဒီရွှေ့ပြောင်းအခြေချသူတွေကို ရာဇဝတ်သားတွေလိုသဘောထားပြီး ဥပဒေမဲ့ ကာလကြာရှည်ထိန်းသိမ်းထားသလို ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ဖြတ် ချုပ်နှောင်ထားတယ်လို့ HRW ရဲ့ အာရှတိုက်ဆိုင်ရာသုတေသနမှူး Shayna Bauchner က ပြောပါတယ်။
မလေးရှားအစိုးရအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေတဲ့ တခြားနိုင်ငံတွေကို အတုယူသင့်တယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားမဲ့အစား ကလေးသူငယ်တွေ၊ ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေကို လေးစား လိုက်နာသင့်တယ်လို့ သူကပြောပါတယ်။
မလေးရှားနိုင်ငံတစ်ဝန်းက ထိန်းသိမ်းရေးစခန်း ၂၀ မှာ အထောက်အထားမဲ့သူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက မူလတိုင်းပြည်တွေ ပြန်မပို့ခင်အထိ ထိန်းသိမ်းထားတယ်လို့ HRW က ဆိုပါတယ်။ တရားမဝင်သတင်းတွေအရ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူ တစ်သန်း နှစ်သိန်းကနေ ၃ သန်း ၅ သိန်းကြားရှိတယ်လို့ ပြောပါတယ်။ ဒီလူတွေဟာ မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံတွေက ဖြစ်တယ်လို့ HRW က ဆိုပါတယ်။
အဲဒီထဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးခိုလှုံခွင့်သူလျှောက်ထားသူ တစ်သိန်း ရှစ်သောင်းကျော်ရှိပြီး ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။
HRW ရဲ့ အစီရင်ခံစာမှာ ကလေးတစ်ထောင့်လေးရာအပါအဝင် ဖမ်းဆီးခံရတဲ့သူတွေဟာ သူတို့ရဲ့အခြေခံအခွင့်အရေးတွေမရဘဲ မတရား နှိပ်စက်ညှဉ်းပန်းခံနေရတယ်လို့ ဆိုပါတယ်။
မလေးရှားပြည်ထဲရေးဝန်ကြီး Saifuddin Nasution ကတော့ ထိန်းသိမ်းရေးစခန်းတွေမှာ လူအများကြီးထိန်းသိမ်းထားပေမဲ့ မတန်တဆ ပြွတ်သိပ်ကြပ်ညပ်နေတာ မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။ ကလေးတချို့ကိုလည်း အချုပ်ခန်းကနေ တခြားသင့်တော်တဲ့ စခန်းနှစ်ခုမှာ သီးခြားခွဲထားတယ်လို့ ဆိုပါတယ်။
အဲဒီထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတဲ့သူတွေကို ကန်ကြောက်ရိုက်နှိပ်တာတွေ၊ သောက်သုံးရေ အလုံအလောက်မရတာတွေအပြင် ရောဂါဖြစ်ပွားမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီလူတွေကို အိုးအိမ်တွေမှာ နေရာချထားပြီး ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ပညာရေးအခွင့်အလမ်းတွေပေးဖို့ လုပ်ဆောင်သင့်တယ်လို့ HRW က အကြံပြုထားပါတယ်။