Hemp စိုက်ပျိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား အာမခံရ


2019.07.24
hemp-mr-john-622 အမေရိကန်နိုင်ငံသား John Todoroki ကို မြင်းခြံခရိုင်တရားရုံးမှာ ၂ဝ၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စဉ်။
Photo: AP

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်မှာ Cannabis အနွယ်ဝင် လျှော်ပင်တွေ စိုက်ပျိုးခဲ့တယ်ဆိုပြီး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား John Todoroki ဂျွန်တိုဒိုရိုကီကို  မြင်းခြံခရိုင်တရားရုံးက သိန်း ၃ဝဝဝ နဲ့ မနေ့က အာမခံပေးခဲ့ပါတယ်။ ဒါပေမယ့် အာမခံပေးတဲ့သူ အခက်အခဲရှိတာကြောင့် ဆက်လက်ဖမ်းဆီးခံနေရသလို  နောက်ထပ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထပ်ပြီးတရားစွဲခံရတဲ့အတွက် အဲဒီအမှုကိုလည်း ရင်ဆိုင်ရဖို့ရှိနေတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“သူ့ကျန်းမာရေးအခြေအနေက တော်တော်ယိုယွင်းနေတယ်။၂၈ ရက် ၆ လပိုင်းထဲက ထောင်ထဲကနေ မြင်းခြံခရိုင်ဆေးရုံမှာတင်ထားရပြီး တဖြည်းဖြည်းယိုယွင်းပျက်စီးလာတာပေါ့နော်။  နောက်ဆုံး ကျန်းမာရေးအခြေအနေက အသက်အန္တရာယ်ပါစိုးရိမ်ရလို့ အမေရိကန်သံရုံးကနေ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အကျဉ်းဦးစီးတို့ကို မေတ္တာရပ်ခံခဲ့တယ်။ အဲဒီမေတ္တာရပ်ခံချက်အပေါ်အခြေခံပြီး တရားရုံးက သိန်း ၃ဝဝဝ တန် အာမခံနဲ့ အချုပ်လွတ် ထုချေခွင့်ပြုလိုက်တယ်။  ဒါပေမယ့် သိန်း ၃ဝဝဝ က ချက်ခြင်း သူကနိုင်ငံခြားသားဆိုတော့ အာမခံတဲ့သူရှာရမှာပေါ့နော်။ အာမခံနိုင်တဲ့ အထောက်အထားပြည့်စုံမှာ ကျနော်တို့အာမခံရမယ်။ အာမခံရတယ်ဆိုပေမဲ့လည်း သူ့ကို ငါးဇွန်မြို့နယ်တရားရုံးမှာ မြန်မာနိုင်ငံမျိုးစေ့ဥပဒေအရ တရားစွဲတာတခုရယ် နောက် လ.ဝ.က အက်နဲ့ တမှုရယ်- ၂ မှုစွဲဖို့ရှိတယ်။ အဲဒါတွေအတွက်လဲ အာမခံပြန်လျှောက်ရမယ်”

မြို့သာစက်မှုဇုန်က မြေဧက ၂ဝ မှာ Marijuana ဆေးခြောက်ပင်တွေ စိုက်ပျိုးခဲ့တယ်ဆိုပြီး ဂျွန်တိုဒိုရိုကီ၊ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဧပြီ ၂၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး  မူးယစ်ဆေးဝါးနဲ့  စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုကာ  မြင်းခြံထောင်မှာ ချုပ်နှောင်ထားတာပါ။ အခု ဒီအမှုမှာ မစ္စတာတိုဒိုရိုကီ အာမခံရခဲ့ပေမယ့် နောက်ထပ်အမှုတွေနဲ့ထပ်ပြီး တရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး ရှေ့နေဦးသိန်းသန်းဦးက …

“အမှန်က ၁၉၇၃ ခုနှစ် ပုဒ်မ ၂၂ မှာ လူတယောက်ကို သူကျူးလွန်တဲ့ ပြစ်မှုတခုအတွက်ပဲ တကြိမ်အပြစ်ပေးရတာ ခုဟာက အကြိမ်ကြိမ် အမျိုးမျိုးခွဲ အပြစ်ပေးသလိုဖြစ်နေတာပေါ့။ စိုက်ခင်းနဲ့ပတ်သက်လို့ တရားစွဲတာ မျိုးစေ့ကိစ္စကလည်း အမှုစစ်ရင်ပေါ်လာမှာပါ။ သက်ဆိုင်ရာ အမေရိကန်နိုင်ငံကနေပြီးတော့ တရားဝင်ဂိတ်တွေ အမေရိကန်အစိုးရရဲ့ခွင့်ပြုချက်တွေနဲ့ တင်သွင်းတာ ပြည်တွင်းမှာလည်း အခွန်အခတွေပေးတာရှိတယ်။ အဲဒါမျိုးကို ဒီလိုစွဲတယ်ဆိုတော့ သိပ်မကောင်းဘူးထင်တယ်”

မနေ့က ရုံးချိန်းမှာ ဂျွန်တိုဒိုရိုကီတစ်ယောက်ထဲကိုသာ ကျန်းမာရေး အာမခံပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ နှစ်ဦးကတော့ မြင်းခြံထောင်ကနေပဲ အမှုကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။  မရွှန်းလဲ့မြတ်နိုးရဲ့ ဖခင် ဦးမျိုးမင်းအောင်က တရားရုံးက မစ္စတာတိုဒိုရိုကီကို အာမခံပေးလိုက်တဲ့အပေါ် သူ့ရဲ့သဘောထားကိုခုလိုပြောပါတယ်။

“ မစ္စတာဂျွန်ကို အာမခံပေးတာ ကျနော်ဝမ်းသာပါတယ်။ ကျနော့်သမီးလေးကိုလည်း အဲလို အာမခံနဲ့ လွတ်စေချင်တယ်။ သမီးလေးမှာလည်း ရောဂါရှိတယ်လေ။ သမီးလေးက ဂေါက်ရောဂါခံစားနေရတာ အခုအကျဉ်းထောင်ထဲမှာဆိုတော့ သမီးလေးခံစားနေရမှာပေါ့”

ဒီဖမ်းဆီးတရားစွဲခံရသူ သုံးဦးလုံးနဲ့ပတ်သက်ပြီး  ဂျွန် တိုဒိုရိုကီ ရဲ့ ဇနီးဖြစ်သူက  မြန်မာအစိုးရ နဲ့ အမေရိကန်အစိုးရခေါင်းဆောင်တွေထံ  ဇွန်လ ၁၂ ရက်နေ့စွဲက မေတ္တာရပ်ခံစာတွေ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ သူ့ခင်ပွန်းလုပ်ကိုင်နေတဲ့ မြို့သာစက်မှုဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီဟာ  Hemp စက်မှုလျှော်ပင်တွေကို မြန်မာအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ စိုက်ပျိုးခဲ့တာဖြစ်ကြောင်း၊ ရာဇဝတ်မှု တစုံတရာ ကျူးလွန်ခဲ့တာမရှိတဲ့အတွက် ခင်ပွန်းဖြစ်သူအပါအဝင် ဖမ်းဆီးခံနေရတဲ့ မြန်မာ အလုပ်သမား နှစ်ဦး တို့ကိုလည်း လွတ်မြောက်အောင် အကူအညီပေးဖို့တွေ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။