အစိုးရကို အကြည်ညိုပျက်စေမယ့် သံချပ်တွေ အရေးယူမယ်
2015.03.23
သြင်္ကန်ကာလအတွင်း နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမယ့် သီချင်း၊ သံချပ်၊ သရုပ်ဖော်မှုတွေ ပြုလုပ်ရင် ဥပဒေအရအရေးယူသွားမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်း တိုင်းဒေသကြီးအစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်အစိုးရတွေကလည်း အလားတူ ကြေညာချက်တွေ ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
သြင်္ကန်ကာလအတွင်း နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုတာ၊ သံချပ်ထိုးတာ၊ သီဆိုတာ၊ လှုပ်ရှားဆောင်ရွက်မှုပြုလုပ်ရင် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ မတ်လ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမယ့်အရာဆိုတာ ပြောဆိုသုံးနှုန်းမှုပေါ် မူတည်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဦးတင်ဝင်းက အာအက်ဖ်အေက မေးမြန်းစဉ်မှာ အခုလို ပြောပါတယ်။
ဦးတင်ဝင်း
တိုင်းဒေသကြီးတွေ နဲ့ ပြည်နယ်အစိုးရတွေအားလုံး အလားတူ ကြေညာချက်တွေ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။
အကြည်ညိုပျက်အောင်ပြောဆိုမှုတွေကို ညှိစွန်းတဲ့ဥပဒေအရ ပုဒ်မတပ်ပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သြင်္ကန်ကာလဟာ နိုင်ငံရေး စီးပွားရေး လူမှုရေးအဖြစ်အပျက်တွေကို သံချပ်နဲ့ ဝေဖန်ထောက်ပြ ပြောဆိုကြပါတယ်။ အရင်စစ်အစိုးရလက်ထက်က သြင်္ကန်ကာလမှာ ပျက်လုံးတွေကို ခွင့်မပြုခဲ့ဘဲ ဒီမိုကရေစီခေတ်ပြောင်းအစိုးရလက်ထက်မှာ ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခွင့်ပြုတယ်ဆိုရာမှာလည်း သံချပ်တွေကို စိစစ်ရေးကို တင်ပြပြီးမှ ပြောဆိုပိုင်ခွင့်ရှိတာလို့ သိရပါတယ်။
သြင်္ကန်သံချပ်ဆိုတာ ဝေဖန်ထောက်ပြတာဖြစ်ပြီး အကြည်ညိုပျက်စေတယ် မပျက်စေဘူးဆိုတာ ကိုယ်ကျင့်တရားနဲ့ ဆိုင်တယ်လို့ နှစ်စဉ် သာဓုပါဗျာသံချပ်အဖွဲ့ ထွက်ခဲ့တဲ့ သရုပ်ဆောင်ဗေလုဝက ပြောပါတယ်။
ဗေလုဝ
ဒီသြင်္ကန်ထုတ်ပြန်ချက်ကို ၂၀၁၃ ခုနှစ်က စတင်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပျက်ပြားစေမယ့် အပြောအဆို၊ လှုပ်ရှားမှုတွေ၊ နိုင်ငံတကာအလံတွေနဲ့ ရေကစားတာတွေ၊ မြန်မာရိုးရာယဉ်ကျေးမှုနဲ့မညီတဲ့ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေ၊ မျက်နှာဖုံးစွပ် ရေပက်ခံ၊ ရေကစားတာတွေမလုပ်ဖို့ လည်းပါရှိပါတယ်။
ဒါ့အပြင် ထော်လာဂျီယာဉ်နဲ့ ရေပက်ကစားတာ၊ လိုင်စင်မဲ့ယာဉ်တွေအသုံးပြုတာ၊ ဆိုင်ကယ်အိတ်ဇောဖွင့်စီးတာ၊ မူးယစ်သောက်စားရမ်းကားတာတွေမလုပ်ဖို့နဲ့ နံနက် ၇ နာရီကနေ ညနေ ၆ နာရီအထိသာ ရေပက်ကစားဖို့ ကြေငြာချက်မှာ ပါရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုြတ်ပန်တဲ့ ကြေညာချက်ဟာ မူးယစ်ရမ်းကားတာနဲ့ ယဉ်မတော်တဆ ဖြစ်မှုတွေကိုကာကွယ်ဖို့ အဓိကဖြစ်တယ်လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက ပြောပါတယ်။
ဦးညွှန့်စိုး
ကြေငြာချက်တွေကို အချို့တိုင်းဒေသကြီးက မြို့နယ်တွေမှာ စတင်ထုတ်ပြန်နေပြီး ဧပြီလ၁ ရက်နေ့မှာ အားလုံးထုတ်ပြန်ကြေငြာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်ရှင်။