ကချင်မှာ ပြည်သူတွေရဲ့ လယ်မြေတွေထိ ရွှေတူးဖော်လာ

ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင် ရွှေတူးဖော်တာတွေတင်မကဘဲ ကျောက်စိမ်း၊ မြေရှားနဲ့ သစ်ထုတ်လုပ်တာတွေလည်း သိသိသာသာ များလာပါတယ်။

ကချင်ပြည်နယ်ရှိ ရွှေတူးဖော်ရေးလုပ်ကွက် တစ်ခုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတွေ့ရစဉ်။ Citizen Photo

ကချင်ပြည်နယ်မှာ အရင်က မြေလွတ်မြေရိုင်းတွေမှာသာ အဓိက ရွှေတူးဖော်ကြပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေတူးဖော်တာတွေဟာ ဒေသခံတွေရဲ့ လယ်မြေ၊ ဥယျာဥ်မြေနဲ့ စိုက်ပျိုးမြေတွေအထိ တိုးချဲ့တူးဖော်လာကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ပူတာအို၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရှင်ဗွေယန်မြို့နယ်ခွဲ၊ မိုးညှင်း၊ ချီဖွေ၊ ရွှေကူ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနား စတဲ့မြို့နယ်တွေမှာ အဓိက တူးဖော်ကြတာဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးတစ်ဝိုက်မှာဆိုရင် အရင်ကထက် စက်ယန္တရားတွေ ပိုသုံးလာပြီး ရွှေထွက်တဲ့ လယ်မြေတွေထဲအထိ တူးဖော်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောတယ်။

“အခုက အင်းတော်ကြီးနဲ့ နီးတဲ့နေရာတွေမှာက ပိုဆိုးလာတယ်လို့ ပြောရမယ်။ ရွှေတူးတဲ့လုပ်ကွက်တွေက များလာတယ်။ အခုက ရွှေ တအားထွက်တော့ တကယ့် အခင်းယာတွေပေါ်မှာ ပိုများမှဖြစ်လာတာ။ အရင်တုန်းကတော့ မြေလွတ်မြေရိုင်း တောတောင်မှာ များတယ်လေ။ ဒါပေမဲ့ အခုက ယာခင်းနားတွေမှာ လုပ်တာ ပိုများလာတာ ဟုတ်တယ်”

ပုံမှန်ဆို ရွှေလုပ်ကွက်တစ်ခုမှာ စက်ယန္တယား (ဘက်ဖော) နှစ်စီးခန့်ပဲ သုံးပေမဲ့ အခုက ငါးစီးခန့်အထိသုံးပြီး မြန်မြန်ဆန်ဆန် တူးဖော်နေကြတယ်လို့ ဆိုပါတယ်။

“မြစ်ဆုံနဲ့ ဧရာဝတီ မြစ်ဘေးတစ်လျှောက်မှာလည်း အထိန်းအကွပ်မဲ့ ရွှေတူးဖော်နေကြပါတယ်”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ကြီးနား ဒေသခံတစ်ဦးကလည်း မြစ်ဆုံနဲ့ ဧရာဝတီ မြစ်ဘေးတစ်လျှောက်မှာလည်း အထိန်းအကွပ်မဲ့ ရွှေတူးဖော်နေကြတယ်လို့ ပြောပါတယ်။

“မြစ်ဆုံမှာလည်း ဒီလိုပါပဲ။ အရင်ကတော့ မြစ်ချောင်းဘေးတွေမှာ တူးတယ်။ အခုကတော့ တစ်စပြီးတစ်စ ကုန်းပေါ်မှာဆိုတော့ ရွာမြေဘက်ကို ရောက်လာတယ်။ အများကြီးပဲ အခုက ထိန်းချုပ်လို့တောင် မနိုင်တော့ဘူး။ ထိန်းချုပ်မယ်ဆိုလည်း ဘယ်သူ့ကို ပြောရမလဲပေါ့နော်။ ဘယ်သူမှလည်း ဒါကို အရေးယူတဲ့သူလည်း မရှိတော့ဘူး။ ကြားကာလဆိုတော့နော်”

ကုမ္ပဏီတွေအနေနဲ့ တရားဝင် တူးဖော်တာမဟုတ်ဘဲ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်တွေက တူးဖော်နေကြတာပါ။ တချို့ စိုက်ခင်းတွေကို ရွှေတူးတဲ့လုပ်ငန်းရှင်တွေက စျေးကြီးပေးကာ ဝယ်ယူကြပြီး တချို့ကတော့ နစ်နာကြေးတွေမပေးဘဲ ဒီတိုင်းတူးဖော်တာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရွှေးတူးဖော်တာတွေကို ၂၀၂၃ နှစ်ကုန်ပိုင်းကစတင်ပြီး ပိုဆိုးရွာလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသတွင် ရွှေတူးဖော်နေမှုအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

လယ်မြေတွေအထိ ရွှေတူးဖော်လာတာကြောင့် လယ်မြေတွေပျက်စီးသလို ချောင်းတွေလည်း ပျက်စီးပြီး ဒေသခံတွေ မှီခိုလုပ်ကိုင်စားသောက်နေတဲ့ စိုက်ခင်းတွေ လုပ်ကိုင်စားသောက် မရတာတွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ ပြတ်လတ်နေတဲ့ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်မှာလည်း စိုက်ခင်းတွေအနီးအထိ ရွှေတူးဖော်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စက်ယန္တရားတွေနဲ့ ပြန်တူးလာတယ်။ အဲဒီဘေးပတ်ဝန်းကျင်မှာက စိုက်ခင်းတွေပဲ လယ်မြေတွေတွေပဲ ဘေးပတ်ပတ်လည် ဟုတ်တယ်။ အဲဒါကြောင့် ရွှေတူးလာတော့ စိုက်ခင်းပိုင်ရှင်တွေ၊ လယ်ပိုင်ရှင်တွေ၊ တောင်သူတွေဘက်ကတော့ တော်တော်စိုးရိမ်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ မနှစ်ကတည်းက အဲဒီလိုမျိုး အကြီးအကျယ် တူးလာတဲ့အခါကျတော့ ချောင်း၊ မြောင်းတွေလည်း အဲဒီလိုမျိုး ရေကြောင်းပြောင်းလဲမှုလည်း အများကြီးဖြစ်သွားပြီ။ ရေတိုက်စားတာတို့ ဘာတို့ ဆည်တွေ ပျက်တာလည်းရှိတယ်”

အလားတူ KIO ထိန်းချုပ်ထားတဲ့ အင်ဂျန်းယန်မြို့နယ်မှာဆိုရင်လည်း လမ်းဘေးတွေအထိ ရွှေတူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကချင်ပြည်နယ်တစ်ခုလုံးမှာ တရားမဝင် ရွှေတူးဖော်နေကြတဲ့လုပ်ကွက်တွေ အနည်းဆုံး သုံးထောင်ဝန်းကျင်ရှိနိုင်ပါတယ်”

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒေသခံတွေနဲ့ညှိနှိုင်းပြီးမှ ရွှေတူးဖော်ခွင့် ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ မူ ပေါ်လစီ ချမှတ်ထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဥပမာဆိုရင် ဒီရွှေတူးဖော်မယ်၊ ရွှေမှော် လုပ်မယ်ဆိုရင် အဓိက ကတော့ ပြည်သူလူထုနဲ့ ညှိနှိုင်းရမှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နေအိမ်တွေ၊ ခြံတွေ မထိအောင်ပေါ့နော်။ နောက် ကျွန်တော်တို့ အရေးကြီးတဲ့နေရာတွေကို မထိဖို့ အရေးကြီးတာပေါ့။ အဲဒါကြောင့် ဒေသခံတွေနဲ့ ညှိနှိုင်းပြီးတော့မှ လွတ်တဲ့နေရာမှာပဲ ကျွန်တော်တို့ ရွှေမှော်တွေဖွင့်တာ ရွှေတူးတာတွေ လုပ်တာပေါ့”

မြေပြင်မှာ တစ်ပိုင်တစ်နိုင်သမားတွေ လုပ်ကိုင်မှုများပြားတာကြောင့် သူ့အနေနဲ့ မြေပြင်အခြေအနေ အသေးစိတ်မသိရဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင် ရွှေတူးဖော်တာတွေတင်မကဘဲ ကျောက်စိမ်း၊ မြေရှားနဲ့ သစ်ထုတ်လုပ်တာတွေလည်း သိသိသာသာ များလာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။

ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက အခုဆိုရင် ရွှေထွက်တဲ့ဒေသတိုင်းမှာ ရွှေတူးနေကြတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တာ ပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“တကယ်လို့ ရွှေတူးတော့မယ်ဆိုရင် သူက စည်းမျဥ်းစည်းကမ်း လိုက်နာရမဲ့ဥပဒေတွေ ရှိတာပေါ့နော်။ ဆိုတော့ ဒီအတိုင်းသာ တကယ်လို့ လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ ပြန်ကုစားရမဲ့ အနေအထားတွေ ပါဝင်တဲ့အခါကျတော့ ပြီးလို့ရှိရင် မြစ်ချောင်းက ဘယ်လောက်မှာပဲ တူးရမယ်ဆိုတဲ့ ဥပဒေတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အခုအခြေအနေက အဲဒီဥပဒေတွေ ဘောင်မဝင်သလို ဖြစ်နေတယ်ပေါ့။ ဒီအတိုင်းသာ ဆက်ရှိနေမယ်ဆိုရင် ပျက်စီးမှုက တစ်နှစ်ထက်တစ်နှစ် ပိုပြီးများလာတဲ့အပိုင်း ရှိတာပေါ့နော်”

မြစ်ကြီးနား မြစ်ဆုံနဲ့ မြစ်ဆုံအထက်ပိုင်း၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော့၊ မိုးညှင်း၊ တနိုင်း၊ ရှင်ဗွေယန်၊ ဝိုင်းမော်၊ အင်ဂျန်ယန်၊ ရွှေကူ စတဲ့ ဒေသတွေကို ရွှေတူးဖော်နေတဲ့ နေရာတွေ တော်တော်များများမှာ ပြည်သူတွေရဲ့ လယ်မြေတွေထိ တူးဖော်လာနေကြတာ ဖြစ်တယ်လို့ပြောပါတယ်။

တနိုင်းမြို့နယ်မှာလည်း အရင်က စက်ယန္တရားအသေးတွေနဲ့ပဲ တူးဖော်နေတဲ့ လပူခ၊ ဝိုင်လော်၊ မောင်တန်၊ ဂျာငိုင် စတဲ့ ရွှေမှော်တွေနဲ့ ရှင်ဗွေယန်မြို့နယ်ခွဲတွေမှာ လက်ရှိ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေပြီး မြေဧက ထောင်နဲ့ချီ ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ကချင်ပြည်နယ်မှာ တရားမဝင်ရွှေတူးဖော်မှု နှစ်ဆခန့်တိုးလာ

တရားမ၀င်ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးကန် ထိခိုက်

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စည်းကမ်းမဲ့ ရွှေတူးသူတွေ ပိုများလာ


ကချင်ပြည်နယ်မှာ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု နောက်ဆက်တွဲအနေနဲ့ စံချိန်တင် ရေကြီးတာတွေ၊ မြေပြိုတာတွေလည်း မကြာခဏ ကြုံနေရပါတယ်။

ဇူလိုင် လဆန်းပိုင်းက ကချင်ပြည်နယ်မှာ စံချိန်တင် ရေကြီးလာတာဟာ သဘာဝသယံဇာတတွေကို စည်းကမ်းမဲ့ တူးဖော်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ် ဒေသခံတွေက ဝေဖန်ကြပါတယ်။

မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကတော့ သယံဇာတ တူးဖော်မှုနဲ့လည်း သက်ဆိုင်တယ်လို့ ပြောပါတယ်။

“လုံးဝမဆိုင်ဘူးတော့ မဟုတ်ဘူး။ သူ့တစ်ပိုင်းချင်စီတော့ ရှိတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးမှု အကြောင်းရင်းတွေမှာတော့ ဒါက မြေဆီလွှာပျက်စီးတာ၊ သစ်တောပြုန်းတီတာတွေတော့ တစ်ပိုင်းတစ်စတော့ ပါတယ်ပေါ့”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ကချင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ အသေးစားရွှေလုပ်ကွက် ၂၂၃ ကွက်နဲ့ တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက် ၂၆၂ ကွက်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အဲဒီနောက်ပိုင်း လုပ်ကွက်သစ်တွေ ခွင့်ပြုတာမရှိခဲ့ပါဘူး။

အခုတော့ တရားဝင်လုပ်ကွက် ပြန်လည်ခွင့်ပြုတာမရှိပေမဲ့ ကချင်ပြည်နယ်တစ်ခုလုံးမှာ တရားမဝင် ရွှေတူးဖော်နေကြတဲ့လုပ်ကွက်တွေ အနည်းဆုံး သုံးထောင်ဝန်းကျင်ရှိနိုင်တယ်လို့ ရွှေတူးဖော်မှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org