ထွေအုပ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာနအောက် ပြောင်းရွှေ့မယ့်အပေါ် အမြင်များ
ပြည်သူတွေနဲ့ နေစဉ်ထိတွေ့ လုပ်ဆောင်နေရတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲဝန်ကြီးဌာနလက်အောက်နေ အရပ်သားအစိုးရ ယန္တရားဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက်ကို ရွှေ့ပြောင်းတော့မယ့်အပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေအမြင်ကို RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထွေအုပ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာနအောက် ပြောင်းရွှေ့မယ့်အပေါ် အမြင်များ
(ကျော်လွင်ဦး)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်လောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်အောင် မကြာခင် ရွှေ့ပြောင်းတော့မယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီအပေါ်မှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ကြိုဆိုကြပေမယ့် အပြောင်းအလဲကို စောင့်ကြည်ဖို့ လိုအပ်ကြောင်း ပြောသူတွေလည်း ရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ဖို့ ကို ပြီးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက စတင်ကြိုးစားခဲ့တာဖြစ်ပြီး အခုလို ပြောင်းရွေလိုက်တာကို ကြိုဆိုတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ဒါပေမဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မကိုင်တွယ်တတ်ရင် ပြဿနာရှိနိုင်တယ်လို့ ဦးသိန်းထွန်းဦးက သူ့အမြင်ကို ပြောပါတယ်။
"အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့အနေအထားက ဘယ်လိုအနေအထားတွေလည်း ဒါတွေကို အပေါ်ကနေ ကိုင်တွယ်တဲ့အဖွဲ့အစည်းက ကျွမ်းကျင်ဖို့လည်း လိုတယ်။ လုပ်ထုံးလုပ်နည်းတွေ လည်လည်ပတ်ပတ် သိထားဖို့ အရေးကြီးပါတယ်။ ကိုင်တွယ်မှုတွေ မှားယွင်းသွားတယ်ဆိုရင်တော့ အောက်မှာ အကောင်ထည်ဖော်ရတဲ့ လူတွေအနေနဲ့ အကျပ်အတည်းတွေ ဖြစ်သွားနိုင်တဲ့ အခြေအနေတွေကို နားလည်ဖို့ ဆိုလိုခြင်းဖြစ်ပါတယ်"
ဒီလို ပြောင်းလဲမှုတွေအပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီကလည်း ကြိုဆိုကြောင်းနဲ့ ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်ရာမှာ အရပ်သားအုပ်ချုပ်ရေးကို တဖြည်းဖြည်း ပြောင်းလည်းရမယ်လို့ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
အရပ်သားအုပ်ချုပ်ရေးအောက်ကို ပြောင်းရွေ့လိုက်တဲ့အခါ မိုးကျရွှေကိုယ်တွေ ခန့်အပ်တာတွေမလုပ်ဘဲ အောာက်ခြေက တတ်တဲ့လူတွေကို ဦးစားပေးသင့်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
"လူဟောင်းတွေကိုပဲ ဆက်သုံးနေမယ်ဆိုရင်တော့ အပြောင်းအလဲအတွက်က ထိရောက်တဲ့ ပုံစံမျိုး ဖြစ်ကောင်းမှဖြစ်လိမ့်မယ် အရင်စနစ်အဟောင်းအရ ရှိခဲ့တဲ့ လူကြီးပိုင်းတွေ ညွှန်မှူးတွေ၊ ညွှန်ချုပ်တွေကို မိုးကျရွှေကိုတွေထဲကပဲ ပြန်ခန့်တယ် ဆိုတဲ့ဟာမျိုးကတော့ ရပ်တန့်လိုက်ဖို့ လိုအပ်တယ်။ တကယ်တမ်း ဒီဌာနမှာ အောက်ခြေကနေစပြီး လုပ်လာတဲ့ ဝန်ထမ်းကောင်းတွေ အများကြီးရှိတာပဲ။ အဲဒီကိုပြန်ပြီးတော့မှ သူရဲ့ လုပ်သက်အရ ရာထူးတိုးမြှင့်ပေးဖို့လည်း လိုအပ်ပါတယ်"
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ပြောင်းရွေလိုက်ရင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ထွေအုပ်တွေနဲ့ ရပ်ကျေးအဆင့်ထိဖြစ်ပြီး အဆင့်လိုက်ဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။
လက်ရှိအချိန်ထိတော့ ညွှန်ကြားချက်တွေမရှိဘဲ ဝန်ထမ်းဖြစ်တာကြောင့် အထက်လူကြီးတွေ ခိုင်းတဲ့အတိုင်းဘဲ ဆောင်ရွက်ရမှာပေါလို့ အမည်မဖော်လို့တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးက ပြောပါတယ်။
"ကျနော်တို့လည်း ဘာမှမသိသေးဘူးလေ။ မနေ့က သတင်းစာရှင်းလင်းပွဲမှ သိတာ။ အဲတာနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရသေးဘူးဗျ။ လူကြီးတွေလည်း ဘာမှမညွှန်ကြားသေးဘူး။ ကျနော်တို့ကတော့ နိုင်ငံတော်က လူကြီးတွေ အစီအမံတိုင်း ဆောင်ရွက်မှာပါ။ ကျနော်တို့က ဝန်ထမ်းတွေဆိုတော့ လူကြီးတွေက ဒီအစီအမံအတိုင်း အကောင်ထည်ဖော်ဆိုရင် အကောင်ထည်ဖော်ရမှာပေါ့"
အရင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာဟာ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း တာဝန်ခံရသလို့ နိုင်ငံတော် သမ္မတနဲ့ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေကိုလည်း တာဝန်ခံရပြီး အခုလို ပြောင်းလိုက်တာကြောင့် နိုင်ငံတော် သမ္မတ ကိုပဲ တာဝန်ခံရပြီး ပိုမိုကောင်းမွန်လာနိုင်တယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။
တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက အခုလိုပြောပါတယ်။
"ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေပြုသလိုမျိုး မြို့နယ်အုပ်ချုပ်ရေးမှူး ဥပဒေပြုမျိုး ပေါ်ထွက်လာရင် စည်းမျဉ်းစည်းကမ်းအတိုင်းဆို ထိရောက်လျင်မြန်မှုရှိမယ်။ သူရဲ့လုပ်ပိုင်ခွင့်ကဘာ ငါရဲ့လုပ်ပိုင်ကဘာလည်း ကန့်သတ်ထားသလို ဖြစ်တာကြောင့် လူထုအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ထင်တယ်"
ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာတော့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နဲ့ အကျဉ်းဦးစီးဌာနတို့ ကျန်ရှိဦးမယ်လို့ သိရပါတယ်ခင်ဗျာ။