G20 နဲ့ APEC ထိပ်သီးညီလာခံတွေမှာ မြန်မာ့အရေး ထိပ်ဆုံးကဆွေးနွေးဖွယ်ရှိ
2022.11.07

G20 စက်မှုထိပ်သီးနိုင်ငံ (၂၀) နဲ့ အာရှပစိဖိတ် စက်မှုနိုင်ငံများ အဖွဲ့ APEC ဆွေးနွေးပွဲ အစီအစဉ်မှာ မြန်မာနိုင်ငံ အရေးက ထိပ်ဆုံးမှာရှိနေကြောင်း South China Morning post သတင်းက ဖော်ပြလိုက်ပါတယ်။
ဆွေးနွေးပွဲဟာ အကြမ်းဖက်မှုတွေ ပိုမိုကြီးထွားလာနေတဲ့ မြန်မာနိုင်ငံကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့၊ G20 နဲ့ APEC အဖွဲ့တွေအနေနဲ့ ဒေသတွင်းတင်းမာမှု ပြဿနာတွေကို လျော့ပါးသွားအောင် ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်းလည်း လေ့လာသူတွေက ဆိုပါတယ်။
အခုလတ်တလောမှာတော့ စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအတွင်းက ကြီးထွားလာနေတဲ့ အကြမ်းဖက်မှုတွေ၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း၊ တရုတ်နဲ့အရှေ့တောင်အာရှရေပိုင်နက်ပြဿနာ၊ တရုတ်နဲ့ အမေရိကန်ကြားက တင်းမာမှုတွေ စတဲ့အရေးကိစ္စတွေက ရှေ့တန်းရောက်နေတာဖြစ်ပါတယ်။
အဲဒီအတွင်းမှာ အာဆီယံ - အရှေ့တောင်အာရှနိုင်ငံများအသင်း ၁ဝ နိုင်ငံရဲ့ ထိပ်တန်းသံတမန်တွေက ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ မျှော်လင့်ရပါတယ်။
ဒါ့အပြင် G20 နဲ့ APEC အဖွဲ့တွေရဲ့ ဘာလီနဲ့ ဘန်ကောက်မှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေလည်းရှိနေပါတယ်။ အားလုံးရဲ့ အမြင်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ အင်ဒိုနီးရှားမှာ တွေ့ဆုံကြဖွယ်ရှိတယ်လို့ ယူဆမျှော်လင့်ကြကြောင်း South China Morning post သတင်းက ဆိုပါတယ်။
စစ်တပ်အာဏာအသိမ်းခံထားရပြီး မတည်မငြိမ်အကျပ်အတည်းနဲ့ကြုံနေရတဲ့ မြန်မာနိုင်ငံအရေးကိစ္စကတော့ နိုဝင်ဘာ ၁၀ ရက်နေ့ APEC ဆွေးနွေးပွဲရဲ့ ထိပ်ဆုံးမှာ ရှိနေတာပါ။ မြန်မာ့အရေးနဲ့ပတ်သက်ရင် စိတ်မရှည်သည်းမခံနိုင်အောင်ဖြစ်ရကြောင်း နန်ယန်းနည်းပညာတက္ကသိုလ်၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပါမောက္ခတစ်ဦးက ပြောဆိုပါတယ်။
နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျော့ပါးရေးအတွက် မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ အာဆီယံကြား ပြီးခဲ့တဲ့နှစ် ဧပြီလက အချက် ငါးချက်ပါ သဘောတူညီချက်ချမှတ်ခဲ့ပေမယ့် အကန့်အသတ်နဲ့သာ အောင်မြင်မှုရှိခဲ့ပါတယ်။ အဓိကလိုအပ်တဲ့ အခြေအနေတွေက အကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် ဆွေးနွေးကြဖို့ဖြစ်ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။
အာဆီယံနိုင်ငံအတော်များများကတော့ ငြိမ်းချမ်းရေးဆိုင်ရာအခြေအနေတိုးတက်မှု ကင်းမဲ့နေတဲ့အပေါ် စိတ်ပျက်နေကြပြီး မြန်မာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ခိုင်မာတဲ့ အချိန်ကန့်သတ်မှု ချမှတ်ဖို့ သဘောတူခဲ့ကြပါတယ်။
APEC ဆွေးနွေးပွဲမှာ အိမ်ရှင်နိုင်ငံကမ္ဘောဒီးယားက မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မနှစ်ကလိုပဲ ဆွေးနွေးပွဲ တက်ရောက်ဖို့ မဖိတ်ကြားခဲ့ပါဘူး။ ဒီအတွင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် အဖွဲ့အစည်းအများအပြားက အာဆီယံအနေနဲ့ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်က လုံးဝရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက မြန်မာစစ်ကောင်စီတပ်က အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ လူ ၅ဝ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။ ဒေသခံစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ စာရင်းအရ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၂၃ဝဝ ကျော်ရှိပြီလို့ သိရပါတယ်။
စင်္ကာပူအမျိုးသားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ချောင်အီယန်ကလည်း အာဆီယံစည်းဝေးပွဲတွေမှာ မြန်မာ စစ်ကောင်စီပါဝင်မှုကို ပိုမိုကန့်သတ်ဖို့သဘောတူညီကြောင်း ဒါပေမဲ့ စစ်ကောင်စီအပေါ် တင်းတင်းကျပ်ကျပ် ဖိအား ပေးဖို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းဖို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ အမြန်ဆုံးစတင်ဖို့ တိုက်တွန်း လိုက်ပါတယ်။