အနာဂတ်အတွက် လမ်းပြမြေပုံရေးဆွဲ အကောင်အထည်ဖော်နေကြောင်း NUG ပြော

2022.11.18
အနာဂတ်အတွက် လမ်းပြမြေပုံရေးဆွဲ အကောင်အထည်ဖော်နေကြောင်း NUG ပြော ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖနွမ်းပင်၌ ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီးအစည်းအဝေးအား တွေ့ရစဉ်။
Photo: AFP

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာပါဝင်တဲ့ ခေါင်းဆောင်တွေထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပါတယ်။

အဲဒီသဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားသော သက်ဆိုင်သူတွေက တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံသားတွေအတွက် အခွင့်အရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ကတိကဝတ်တွေပေါ် အခြေခံပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လေးနက်တဲ့ လမ်းပြမြေပုံရှိနေပြီလို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူအားလုံးကို ပံ့ပိုးကူညီမှုနဲ့ အကာအကွယ်တွေကို NUG က တိုးချဲ့ဆောင်ရွက်နေကြောင်းနဲ့ ဒေသတစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် အဲဒီလမ်းပြ မြေပုံကို ပံ့ပိုးပေးဖို့လည်း အာဆီယံကို တောင်းဆိုတယ်လို့ ဒူဝါလရှီးလက တောင်းဆိုထား ပါတယ်။

“အခုလောလောဆယ်မှာတော့ နှစ်ဖက်လုံးရဲ့ လမ်းပြမြေပုံတွေက မေးခွန်းထုတ်စရာ အများကြီးရှိတယ်"

ဒီလမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့ အာဆီယံက ကူညီသင့်ကြောင်း (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တိုက်တွန်းပါတယ်။

“ကျနော်တို့ရဲ့ လမ်းပြမြေပုံဟာ အားလုံးပါဝင်တဲ့ မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့ ကိုက်ညီ တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ဖြစ်မြောက်အောင် ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ဟာပေါ့နော်၊ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ EU တို့ကလည်း ကျနော်တို့ လုပ်ဆောင်နေတဲ့ ဒီလမ်းကြောင်းကို သူတို့တွေက ထောက်ခံအားပေးတဲ့ အနေအထားရှိပါတယ်။ ထောက်ခံအားပေးမယ်၊ တတ်နိုင်တဲ့ဘက်က အကူအညီပေးမယ် ဆိုတဲ့ဟာတွေ သဘာထားတွေရှိတာလည်း တွေ့ရပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့လည်း အခုကျနော်တို့ရဲ့ လမ်းပြမြေပုံကို သူတို့တွေ လေ့လာပြီးတော့ အာဆီယံအဖွဲ့ကြီးက အကောင်အထည်ဖို့အတွက်ကို ကူညီဆောင်ရွက်ပေးကြမယ်လို့လည်း မျှော်လင့်တယ် ဆိုတာ ပြောချင်ပါတယ်”

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ရေးဆွဲပြီး ပြည်သူ့ညီလာခံက အတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အနာဂတ် နိုင်ငံရေး လမ်းပြမြေပုံဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဘာသာမရွေး၊ လူမျိုးမရွေး အားလုံးတန်းတူညီမျှ အခွင့်အရေးရရှိဖို့နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ အာမခံပေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ထားတာလို့ ဦးကျော်ဇော်က ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း အာဏာသိမ်းချိန်ကစလို့ အချက် ငါးချက်ပါတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

အဲဒီအထဲမှာ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့တာ၊ ကိုဗစ်ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်ရေး လုပ်ဆောင်တာ၊ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်တာနဲ့ အရေးပေါ် ကာလပြီးရင် ရွေးကောက်ပွဲအသစ် ပြန်ကျင်းပမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီ အဆိုပြုထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်နဲ့ တရားဝင် မဟုတ်တာ ကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုကြီးမားလာစေပြီး အဲဒီရွေးကောက်ပွဲ ကို အာဆီယံက လက်မခံဘဲ ပယ်ချဖို့ အလေးအနက် မျှော်လင့်ကြောင်း ဒူဝါလရှီးလရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အာဏာသုံးရပ်လုံးကို ချုပ်ကိုင်ထားသူက စစ်ကောင်စီပဲဖြစ်တာကြောင့် စစ်ကောင်စီသွားမယ့် လမ်းကြောင်းကသာ အနာဂတ်မှာ အကောင်အထည်ပေါ်လာ လိမ့်မယ် သုံးသပ်ပါတယ်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအာဏာပေါ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး ဒါတွေအကုန်လုံးကို ကိုင်ထားတဲ့ နစကသွားတဲ့ လမ်းကြောင်းအတိုင်းပဲ သွားရမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သီအိုရီအရပဲ တွေးမယ်။ ဟုတ်ပြီ NUG သူတို့ ရေးထားတယ်။ ရေးထားတဲ့ဟာကို သူတို့ ဘယ်လိုအကောင်အထည်ဖော်မှာလဲ၊ အကောင်အထည်ဖော်ပေးမယ့် ဘော်ဒီတွေက ဘယ်မှာလဲ။ အဲဒီဟာတွေမပြည့်စုံဘဲနဲ့ စာရွက်ပေါ်က စကားလုံးတွေထက်ဘာမှ မပိုနိုင်ဘူး။ အဲဒါ အဓိကအချက်ပဲ။ ကွာခြားချက်က သူဟာသူ ဘယ်လိုနာမည်တွေပဲတပ်တပ်၊ ဘယ်လိုစီမံကိန်းတွေ ဘယ်လိုပဲ ရေးရေး လက်တွေ့မြေပြင်မှာ သူတို့အကောင်အထည်ဖော်ဖို့ အကန့်အသတ် အရမ်းကြီး နေတဲ့အချိန်မျိုးမှာ ဘယ်လို့မှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကတော့ သီအိုရီအရ လုံးဝရှင်းရှင်းလင်းလင်း ပြောလို့ရတဲ့ကိစ္စရပ်တစ်ခုပါ”

အာဆီယံရဲ့ မူဝါဒအရလည်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘဲ နိုင်ငံရေးအရ ဖိအားပေးတာမျိုးသာ လုပ်နိုင်တယ်၊ အဲဒီလို ဖိအားပေးလာရင်လည်း မြန်မာနိုင်ငံက ပယ်ချခွင့်ရှိတယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အချိန်သတ်မှတ် ချက်ထားဖို့နဲ့ အချိန်မီ မဆောင်ရွက်ရင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ဖို့ မကြာသေးခင်က ပြီးဆုံးသွားတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ ဆုံးဖြတ်ထားပါတယ်။

NUG နဲ့ စစ်ကောင်စီ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိရင်တော့ ညှိုနှိုင်းဆွေးနွေးအဖြေရှာ လို့ ရပေမယ့် နှစ်ဖက်စလုံးက သွားချင်တဲ့ လမ်ကြောင်းတွေ မတူရင်တော့ မြန်မာ့နိုင်ငံရေး ဟာ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“နစကရဲ့ အခြေခံဥပဒေထဲမှာ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ သူတို့က လက်ခံထားပြီးသားလေ၊ အဲဒီအထဲမှာ နိုင်ငံသားအခွင့်အရေးတွေ၊ ဘာသာရေးလွပ်လပ်ခွင့်တွေ၊ ကျားမတန်းတူရေးတွေ အကုန်လုံးပါပြီးသား၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အငြင်းပွားစရာ မရှိဘူး။ နှစ်ဖက်က ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးကြမယ်၊ အဖြေရှာကြမယ်ဆိုရင် ဒါက မခက်ဘူး။ မခက်ဘူးဆိုတာက ဒီလမ်းပြမြေပုံနှစ်ခုက ထပ်သွားပြီးတဲ့ အခါကျတော့ အတူတူသွားကြမယ်၊ ဆွေးနွေး ညှိုနှိုင်းပြီးသွားကြမယ်ဆိုတဲ့ လမ်းကြောင်းကို ရောက်ဖို့က သိပ်မခက်ဘူး။ ဘယ်ပုံ ဘယ်နည်း သွားမှာလဲ ဆိုတဲ့ဟာမှာတော့ အငြင်းပွားစရာတွေ သူတို့ ဒီသဘော တူညီချက်ရဖို့ ခက်တာပေါ့ဗျာ”

NUG ရဲ့ချမှတ်ထားတဲ့ အနာဂတ် နိုင်ငံရေးလမ်းပြမြေပုံဟာ အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်နဲ့ နီးနီးစပ်စပ် တူညီတယ်ဆိုရင်တော့ အဲဒီအချက်တွေကို အာဆီယံက ထည့်သွင်းစဉ်းစားနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

nug-support.jpg
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ် ဆန္ဒပြခဲ့စဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ နှစ်ဖက်လုံးက လမ်းပြ မြေပုံတွေ ရေးဆွဲထားပြီး ဘယ်လောက်ထိထိရောက်ရောက် အ‌ကောင်အထည် ဖော်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ နှစ်ဖက်လုံးရဲ့ လမ်းပြမြေပုံတွေက မေးခွန်းထုတ်စရာ အများကြီးရှိတယ်။ စစ်တပ်ဘက်က သူတို့ ထုတ်ပြန်ထားတဲ့ လမ်းပြမြေပုံဆိုတာတော့ ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ ပေါ်ပေါက်လာတဲ့ လမ်းပြမြေပုံတော့ မဟုတ်သေးဘူး။ နောက်တစ်ဘက်မှာလည်း ပြည်သူတွေက လိုလားတဲ့ ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ ဖက်ဒရယ်ရေးရာဆိုင်ရာ ကိစ္စတွေ အဲဒီစံနှုန်းတွေအပေါ်မှာ မူတည်ပြီးတော့ ဖော်ဆောင်မယ်လို့ပြောတဲ့ လမ်းပြမြေပုံ၊ အဲဒီမြေပုံတွေအပေါ်မှာလည်း ဘယ်လောက် ထိ ယုံယုံကြည်ကြည်နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မလဲ ဆိုတဲ့ ဟာတွေ မေးခွန်းအများကြီးရှိတယ်။ အထူးသဖြင့်တော့ ပြည်တွင်းမှာ အစုအဖွဲ့တွေ အရမ်းများနေတဲ့အချိန်မှာ အားလုံးဘုံသဘောတူပြီးတော့ လက်ခံနိုင်တဲ့ နိုင်ငံရေး လမ်းကြောင်း နိုင်ငံရေးသဘောတူညီချက်ဆိုတဲ့ဟာ အခုချိန်ထိ ရှိမနေသေးဘူး။ အဲဒီအတွက်ကြောင့် နှစ်ဖက်စလုံးကတော့ သူမသာ ကိုယ်မသာလိုပဲ မြင်ရလိမ့်မယ်”

စစ်ကောင်စီဘက်ကတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းကို မဖြစ်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သလို NUG ဘက်ကလည်း ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်ဖို့ အခွင့်သာမလဲ၊ ဘယ်လောက်ထိ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အကောင်အထည်ဖော်ပိုင်ခွင့်တွေ ရမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရကတော့ စစ်ကောင်စီကို ဖြုတ်ချပြီး NUCC က ရေးဆွဲတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသွင်းကူးပြောင်းရေးကာလ အစိုးရဖွဲ့မယ်၊ အဲဒါပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြီး ပြည်သူ့ဆန္ဒနဲ့အညီ အတည်ပြုမယ်လို့ ပြောထားပါတယ်။ အဲဒီနောက်မှာတော့ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အဆင့်ဆင့် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။