မိုးကြိုးပြင်အလယ်ရွာ သူ ဒေါ်ခင်ဝင်းရဲ့ ဈာပနအကြောင်း တင်ပြချက်


2014.12.26

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေမှာ ဒီလ ၂၂ ရက်နေ့က သေဆုံး သွားခဲ့ရတဲ့ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို ဒီနေ့ကျင်းပရာမှာ ဘေးပတ်ဝန်းကျင်ရွာတွေက လိုက် ပါပို့ဆောင်ခဲ့ကြပါတယ်။

မနေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြစ်ပျက်ခဲ့တာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင် သွားမယ်လို့ ပြောခဲ့ပါတယ်။

ဘာကြောင့် ပဋိပက္ခတွေ နောက်တကြော့ ပြန်ဖြစ်ခဲ့သလဲဆိုတာကို ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို မေးမြန်းပြီး RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းဒေသ ကြေးနီစီမံကိန်းဧရိယာထဲမှာပါနေတဲ့ လိပ်ခွံတောင် အနီးမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တာကို တားမြစ်ခဲ့တဲ့ ကျေးရွာသားတွေကို ပစ်ခတ်လူစုခွဲရာ မှာ သေနတ်ကျည်ဆံထိမှန်ပြီး ဒေါ်ခင်ဝင်း သေဆုံးခဲ့တာပါ။

ဒီနေ့ မိုးကြိုုးပြင်အလယ်ရွာမှာ ဈာပနကိုကျင်းပခဲ့ပါတယ်။ ဒေသခံတွေက ဒေါ်ခင်ဝင်း သေဆုံးတာရယ၊် ဒဏ်ရာရသူတွေအတွက်ရယ် လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုးခတ်လိုက်တဲ့အတွက် မကျေနပ်ကြပါဘူူး။

ဒီနေ့ ဈာပနအခမ်းအနားကို ဒေသခံအတော်များများဟာ လှည်းတွေကိုယ်စီမောင်းလာကြသလို အလံနီတွေထောင် ပြီး မိုးကြိုးပြင်အလယ်ရွာကို ရောက်လာကြပါတယ်။

အလားတူအဖြစ်မျိုး ထပ်မံမဖြစ်ပွားဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ တုံအလယ်တောကျေးရွာသူ မယဉ်သွဲ့ ကပြောပါတယ်။

မယဉ်သွဲ့။                 ။ကျမတို့ဒေသခံတွေနဲ့အတူ မြန်မာပြည်သူပြည်သားတိုင်း အားလုံးကနေပြီးတော့ ဒီနေရာ ကနေအလေးပြု ဂုဏ်ပြုချီးမြှင့်ပါတယ်၊ ဒီလိုမျိုး ဒေါ်ခင်ဝင်း ကိုယ့်လယ်ယာမြေကို ကာကွယ်ရင်းသေနတ်နဲ့ အပစ်ခံ ရတာဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ကျမတို့ဒေသခံတွေနဲ့ မြန်မာပြည်သူပြည်သားအားလုံးက ယူဆပါတယ်၊ ဒါကြောင့်မို့ ဒေါ်ခင်ဝင်း ဖြစ်ခဲ့တာကိုနမူနာယူပြီးတော့ ရှေ့လျှောက်ဒီလိုမျိုး အဖြစ်အပျက်တွေ မကြုံတွေ့အောင် နိုင်ငံတော်အစိုးရကနေပြီးတော့ တာဝန်ယူသင့်တဲ့အရာ ဖြစ်ပါတယ်လို့ ကျမကဒီနေရာ ကနေပြောကြားချင်ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက်မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆရာတော် သံဃာၤတော်တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက သွားရောက် အကူအညီပေး ဆောင်ရွက်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ မနေ့က ပြောပါတယ်။ ဒါ့အပြင် တရုတ်အစိုးရနဲ့ ဝမ်ပေါင်ကုမ္ပဏီကလည်း သေဆုံးမှုအတွက် မိသားစုတွေနဲ့အတူ ဝမ်းနည်းကြောင်းနဲ့ ကူညီဖို့ကိုလည်း ပြောထားပါတယ်။

ဒီနေ့မှာ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မန္တလေး မဘသ ဆရာတော်တွေက ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ ထိခိုက်သေဆုံးခဲ့ရသူတွေကို အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခမှာ ထိခိုက်ခဲ့ရတဲ့ နှစ်ဖက် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို အလှူငွေပေးအပ်သွားမှာဖြစ်တယ်လို့ မဘသအဖွဲ့ တွဲဖက်အတွင်းရေးမှူး လမင်းလေးဆရာတော်က မိန့်ပါတယ်။

ဆရာတော်။              ။ထိခိုက်နစ်နာ ဒဏ်ရာရတဲ့သူတွေအတွက် ဦးဇင်းတို့အမျိုးသားရေး ရှုထောင့်ကကြည့် ပြီးတော့ တက်နိုင်တဲ့ဘက်ကလုပ်ပေးတာလို့ပဲ ဦးဇင်တို့ ယူဆပါတယ်၊ လှူဒါန်းမှုတွေကို ဦးဇင်းတို့တက်နိုင် သလောက်ပေါ့နော် သိန်း ၂ဝ ကျော်ဖိုး အဲ့ဒီမှာရှိတဲ့လူနာစာရင်းတွေကို စာရင်းစုပြီးတော့ အဲ့ဒါကိုဝေဖန်ပိုင်းခြား ပြီးတော့ ဥပမာ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ၂ သိန်းဆိုရင်၊ မျက်လုံးထွက်သွားတဲ့ ရဲတပ်သားလည်း ၂ သိန်းပေါ့၊ ကျန်တဲ့သူတွေက ၅ သောင်း ၁ သိန်းစသည်ဖြင့်ပေါ့၊ ကျန်တဲ့ရဲတွေလည်း ဒဏ်ရာရတာရှိရင် ဒဏ်ရာ အလိုက်ကြည့် ပြီးတော့ ဦးဇင်းတို့ကထောက်ပံ့ပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။

ကြေးနီစီမံကိန်းဧရိယာမှာဧက ရှစ်ထောင်နီးပါးကျော် ကျယ်ဝန်းပြီး နှစ်ပေါင်း ၆ဝ တရုတ်အစိုးရကို ငှားရမ်းထား တာ ဖြစ်ပါတယ်။ အကျိုးအမြတ်အားဖြင့် ဝမ်ပေါင်ကုမ္ပဏီက ၄၉% ပါဝင်ပြီး မြန်မာအစိုးရက ၅၁% ခွဲဝေရမှာဖြစ် ပါတယ်။ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတဲ့သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ နှိမ်နင်းခဲ့တဲ့အတွက် သံဃာအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်က အကြံပြုချက်တွေနဲ့ အစိုးရထံ ပေးပို့ခဲ့ပါတယ်။ အဲဒီအကြံပြုချက်တွေအတိုင်း စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက လိုက်နာဆောင်ရွက်ပေးရဖို့ ဖြစ်ပါတယ်။

အဲ့ဒီမှာ အကြံပြုချက် အတော်များများပါဝင်ပြီး အဲ့ဒီအထဲက မြေယာလျော်ကြေးကို ဈေးကွက် ပေါက်ဈေးအတိုင်းပေး ဖို့၊ စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ကျေနပ်အောင်ညှိနှိုှင်းဖို့ ၊ ပဋိပက္ခကို ကိုင်တွယ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာရဲ့အကူအညီနဲ့ သင်တန်းပေးဖို့ ၊ မြေဧရိယာ ၁၉ဝဝ ကို စိုက်နိုင်ပျိုးနိုင်သည်အထိ ပြင်ဆင်ပြီး မြေဆုံးရှုံး သူတွေကို အစားထိုးခွဲဝေပေးဖို့ အကြံပြုထားပါတယ်။ ကော်မရှင်မှာပါတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သက်ဆိုင်ရာက ကော်မရှင်အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်။                  ။အစီရင်ခံစာမှာပါတဲ့အချက်တွေကို ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင်တော့ ဒီစီမံကိန်ဟာ ဆက်လက်ပြီးဆောင်ရွက်သင့်တဲ့ စီမံကိန်းပါလို့ဒီအစီရင်ခံစာမှာ ပြောထားပြီးသား၊ ဒါပေမယ့် အခုအချိန်အထိတော့ ဒီအစီရင်ခံစာထဲမှာပါတဲ့အချက်တွေကို ဆောင်ရွက်တာမတွေ့ရဘူး၊ အထူးအားဖြင့်ပေါ့နော် ဒေသခံပြည်သူလူထု ရဲ့သဘောတူတဲ့ စီမံကိန်းတစ်ခုဖြစ်လာအောင် ဒေသခံပြည်သူလူထုရဲ့အကျိုးစီးပွားတွေနဲ့ သူတို့တတွေအတွက်ကို အခွင့်အရေးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူမှုဘဝတွေတိုးတက်မြင့်တင်အောင် ဆောင်ရွက်ဖို့ရာဆိုတဲ့ ကိစ္စတွေ ဒါတွေကတော့ အဓိကအနေနဲ့ အခုထိအောင်ဆောင်ရွက်ထားတာ မတွေ့ရဘူး၊ ဒီလိုမတေ့ွရတဲ့ အတွက်ကြောင့်လည်း ဒေသခံတွေအနေနဲ့ ဒီဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာရော၊ စီမံကိန်းကြီး အပေါ်မှာရော ယုံကြည်မှုမရှိတဲ့အတွက် မကြာခဏပဲ ဒီလိုပဋိပက္ခတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကတော့ ထင်ရှားနေတဲ့ကိစ္စဖြစ်တယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး မြေယာဆုံးရှုံးသူတွေကို လျော်ကြေးပေးတာ ကျောင်း၊ ဆေးပေးခန်း၊ လမ်း စသဖြင့် အစိုးရက ဆောက်လုပ်ပေးထားပါတယ်။ လျော်ကြေးကိုလည်း ကော်မရှင် အစီရင်ခံစာအတိုင်း ပြောင်းလဲ သတ်မှတ် လျော်ကြေးပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုကျန်နေတဲ့ မြေယာဧက အတိအကျကိုတော့ မသိရှိရသေးပါဘူး။ ကော်မရှင် အစီရင်ခံစာတင်စဉ်က ဧက တစ်ထောင်ကျော်လောက် လျော်ကြေးပေးဖို့ ကျန်နေသေးတာလို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ လယ်ယာမြေကိုသာ ဆက်လုပ်လိုသူ လယ်သမားတွေလည်း ပါဝင်သလို လျော်ကြေးကို ကာလပေါက်ဈေးအတိုင်းပေးဖို့ တောင်းဆိုသူတွေလည်း ရှိနေတာကို သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကိစ္စကိုအသေအချာ မဖြေရှင်းရင် ဒီလိုပဋိပက္ခတွေ ဆက်ဖြစ်နေလိမ့်မယ်လို့ သတိပေးပြောထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။