အာဏာသိမ်းကာလ အများဆုံးအဖမ်းခံရတဲ့ ပုဒ်မများ

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေနဲ့ပတ်သက်ပြီး FEM လို့ခေါ်တဲ့ Free Expression Myanmar လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရသော နေပြည်တော် အကျဉ်းထောင် ဝင်ပေါက်မျက်နှာစာ မြင်ကွင်း။ Photo: AFP

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေနဲ့ပတ်သက်ပြီး FEM လို့ခေါ်တဲ့ Free Expression Myanmar လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ FEM ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်အရေးမှာ နှံ့စပ်ပြီး၊ ဥပဒေပြုပြင်ပြောင်းလဲရေး၊ ဥပဒေချိုးဖောက်ခံနေရသူတွေကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာအလေ့အထကောင်းတွေကို အလေးဂရုပြုလာအောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ သူတို့ရဲ့လွတ်လပ်စွာဖော်ပြခွင့်ကို အသုံးပြုပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း ထုတ်ဖော် ပြသခဲ့ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကလည်း လိုသလို အသုံးပြုလို့ရတဲ့ ပုဒ်မ ၅၀၅ နဲ့ ၅၀၅ (က) လို ဥပဒေ ပုဒ်မတွေကို အသုံးပြုပြီး ဖမ်းဆီး၊တရားစွဲဆို၊ အကျဉ်းချနေခဲ့တာပါ။ အဲဒီပုဒ်မနှစ်ခုမှာ တစ်ခုက မူလအတိုင်းဖြစ်ပြီး၊ နောက်တစ်ခုက စစ်အာဏာသိမ်းပြီးတဲ့နောက် ပြင်ဆင်ချက် ဖြစ်ပါတယ်။

တစ်ခုက ဒီမိုကရေစီရေး သွေးထိုးလှုံ့ဆော်မှုဖြစ်ပြီး နောက်တစ်ခုက သတင်းမှားဖြန့်ဝေမှု ပုဒ်မတွေပါ။ အဲဒီပုဒ်မ ၅၀၅ ၊ ၅၀၅ (က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၃၃၉၅ ဦး ရှိကြောင်း FEM လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က တွေ့ရှိခဲ့ပေမဲ့ စစ်တပ်က လျှို့ဝှက်ထိန်းသိမ်းထားသူတွေနဲ့ပါဆိုရင် စုစုပေါင်း တစ်သောင်း နီးပါးရှိမယ်လို့ ဆိုပါတယ်။

အခု အစီရင်ခံစာထုတ်ပြန်ချိန်မှာ ပုဒ်မ ၅၀၅ ၊ ၅၀၅ (က) ရာဇဝတ်မှုတွေနဲ့ဖမ်းဆီးထိန်းသိမ်းခံနေရသူ တဝက်လောက်ဟာ မြေအောက် သို့မဟုတ် စစ်တပ် ထိန်းချုပ်တဲ့ နေရာတွေမှာ ရှိနေကြပါတယ်။ ၁၂၆၉ ဦးကတော့ ရုံးထုတ်စစ်ဆေးခံနေရဆဲ ၁၄၃ ဦးကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီးဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။ အဲဒီရာဇဝတ်သားတွေရဲ့ တဝက်လောက်က ရန်ကုန်နဲ့မန္တလေးက ဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့တည်းမှာတင် ပုဒ်မ ၅၀၅၊ ၅၀၅(က) နဲ့ ဖမ်းဆီးခံရသူ ၇၀၀ ကျော်ရှိပြီး၊ ဝရမ်းထုတ်ခံထားရသူ ၄၀၀ ဝန်းကျင် ရှိပါတယ်။

လူဦးရေအနေနဲ့ကတော့ ကယား၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ရာဇဝတ်မှုအဖြစ်များပြီး ကယား၊ ကရင်နဲ့ ချင်းမှာ နှစ်ရှည်အကျဉ်းကျသူ ပိုများကြောင်း တွေ့ရှိရပါတယ်။ ပုဒ်မ ၅၀၅၊ ၅၀၅ (က) နဲ့ အကျဉ်းကျ သူ တွေက၊ မတူကွဲပြားတဲ့ ဘဝနောက်ခံတွေကနေ လာခဲ့ကြသူတွေပါ။ အဲဒီထဲက တဝက်နီးပါးက အစိုးရ အမှုထမ်း၊ အရာထမ်းတွေဖြစ်ခဲ့ကြပြီး လေးပုံတစ်ပုံက ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ကျယ်ပြန့်တဲ့ သဘာဝပဲဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

အကျဉ်းကျသူ ၁၀ ရာခိုင်နှုန်းက ရာဇဝတ်မှုတွေနဲ့ဖြစ်ပြီး ရာထူးရာခံ အလုပ်အကိုင်ကောင်းတွေ ရရှိခဲ့ကြသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးသမား ၁၀၃ ဦး၊ စာနယ်ဇင်း နဲ့ မီဒီယာသမား ၉၉ ဦး၊ အရပ်ဘက်ဝန်ထမ်း ၄၈ ဦး ပါဝင်ပါတယ်။ ရာဇဝတ်မှုနဲ့ အကျဉ်းကျသူတွေထဲမှာ အသက် ၇၀ တန်းကနေ၊ ၁၄ နှစ် အရွယ်ထိ ပါဝင်ပါတယ်။

အာဏာမသိမ်းခင် စစ်တပ်က အတိုက်အခံအဖြစ် သတ်မှတ်ခံထားရတဲ့ သက်ကြီးရွယ်အိုတွေကိုတော့ ဖမ်းဝရမ်းထုတ်ထားပေမဲ့ ဖမ်းဆီးထိန်းသိမ်းတာမျိုး မလုပ်ဘဲ လူငယ်လူရွယ်တွေသာ ထိန်းသိမ်းခံရလေ့ရှိပါတယ်။ ရာဇဝတ်ကြောင်းနဲ့ ဖမ်းဆီးရာမှာလည်း အမျိုးသမီးတွေထက်၊ အမျိုးသားတွေက ပိုပြီး အဖမ်းဆီးခံရလေ့ရှိပေမဲ့၊ အသက်ငယ်ရွယ်သူ၊ သူနာပြု၊ ကျောင်းဆရာမ စတဲ့ ဝန်ထမ်းတွေဖြစ်နေရင်တော့ ဖမ်းဆီးခံရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ စစ်တပ်ရဲ့ အင်အားသုံး ဖိနှိပ်ဖြိုခွဲမှုကြောင့် လွတ်လပ်စွာဖော်ပြခွင့် အဆိုးရွားဆုံးဖြစ်ခဲ့ရပါတယ်။ ဖမ်းဝရမ်း အထုတ်ခံရ၊ ထိန်းသိမ်းခံရ၊ ပုဒ်မ ၅၀၅၊ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းအထုတ်ခံရသူ ၃၉၉၅ ဦး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ဟာ အစွန်းထွက်လောက်သာဖြစ်ပြီး၊ တကယ့် အရှိအရေအတွက်က တစ်သောင်းဝန်းကျင်အထိ ရှိကြောင်း လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) FEM အဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ပုဒ်မ ၅၀၅ နဲ့ မလုံလောက်သေးဘူးလို့ စစ်တပ်က ယူဆတဲ့အတွက်၊ ပိုပြီး ဆိုးရွားတဲ့ ပုဒ်မ ၅၀၅ (က) ကို ဆက်လက် ဖန်တီးခဲ့ပြန်တာဖြစ်ပါတယ်။ တစုံတစ်ယောက်ကို ဘာ့ကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာ မေ့လျော့သွားခဲ့ရင်၊ ဖမ်းဆီးခံရသူဟာ ပြစ်မှုကြီးတွေကျူးလွန်ခဲ့ကြောင်း ဖြောင့်ချက်ပေးဖို့ဆိုရင် အဲဒီပုဒ်မတွေကို အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒီအတွက် ရေရှည်ဖြေရှင်းချက်အနေနဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီအနာဂတ်သစ်တစ်ရပ်ကို ထူထောင်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အထမြောက်ဖို့အတွက် အတိတ်က အမှားဟောင်းတွေ ဆက်ပြီး မမှားဖို့၊ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ပေါ်ပေါက်မလာစေဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း၊ Free Expression Myanmar လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org