တပ်ရင်းမှူးကျတဲ့ရွာအနီး ဒေသခံ လေးဦး အဖမ်းခံရ
2019.11.18
နိုဝင်ဘာ ၁၃ ရက်နေ့က ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ခမရ ၃၇၄ တပ်ရင်းမှူး ကျဆုံးသွားပြီး နောက်တစ်နေ့မှာ တပ်က ဒေသခံ အမျိုးသား လေးဦးကို ထိန်းသိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်တပင်ရွာက နှစ်ဦး၊ ရွာမပြင်ရွာက တစ်ဦး၊ စပါးစိုက်ရွာက တစ်ဦးတို့ ဖြစ်ပါတယ်။
ရွာမပြင်ကျေးရွာသား ကိုညီညီစိုး သရက်တပင် ဆေးသွားဝယ်ဖို့ အသွားလမ်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သူရဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
“သူ့အမေက နေမကောင်းလို့ သရက်တပင်မှာ ဆေးဝယ်ခိုင်းတာ သွားတဲ့အချိန်လမ်းမှာ တပ်နဲ့တွေ့ပြီး ဖမ်းခေါ်သွားတယ်လို့ပြောပါတယ်။ ကျွန်မတို့မသိဘူး ဘာ့ကြောင့်ဖမ်းခေါ်သွားတယ်ဆိုတာ သူ့မှာအမှု ဘာတစ်ခုမှမရှိဘူး အခုထိလဲ မသိရသေးဘူး”
ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရကြောင်းနဲ့ အခုလိုဖမ်းဆီးခံရတဲ့အကြောင်းကို ကျောက်တော်မြို့နယ် ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံ တိုင်ကြားစာပေးပို့ထားကြောင်း ပြောပါတယ်။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ရွာသားလေးဦး ဖမ်းဆီးခံရတဲ့အကြောင်း တိုင်ကြားလာတာ ရှိတယ်လို့ ပြောပါတယ်။
“အခုချိန်က ပြောလို့လည်း စကားကိုနားထောင်မှာမဟုတ်ဘူး အာဏာပိုင်အဖွဲ့အစည်းတွေကလေ။ ကျွန်တော်တို့ ပြောချင်တာက မဟုတ်တဲ့သူတွေကို ပြည်သူတွေကို အနှောင့်အယှက်မလုပ်ပါနဲ့လို့ပြောချင်တယ်။ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ မတော်မတရားချုပ်နှောင် ဖမ်းဆီးတာတွေ ရိုက်နှက်တာတွေ မေးတာစမ်းတာတွေ မလုပ်ပါနဲ့လို့ ကျွန်တော့်အနေနဲ့ အဲ့ဒီလောက်ပဲ ပြောချင်တယ်”
ရွာအတွင်း တပ်စွဲထားတာမရှိပေမယ့် ဒေသခံတချို့ကို လုံခြုံရေးအခြေအနေအရ ခေါ်ယူစစ်ဆေးနေတာတော့ ရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“အဲ့မှာတပ်လည်း မစွဲပါဘူး။ စစ်တာဆေးတာတော့ ဟုတ်တယ်။ တပ်မစွဲဘူး ဘာမှလည်းမလုပ်ဘူး”
သရက်တပင်ကျေးရွာအုပ်စုမှာ ကျေးရွာ ခုနှစ်ရွာရှိပြီး အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်ရင်းမှူး ကျဆုံးသွားပြီးနောက်ပိုင်း ရွာတွေထဲက နေအိမ်တွေကို တပ်မတော်က ဝင်ရောက်ရှာဖွေတာ၊ ကျေးရွာသားတွေကို ဖမ်းဆီးတာ ရွာအတွင်း တပ်စွဲတာတွေကြောင့် ရွာသားတွေမှာ မနေရဲဘဲ နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေမှာ လူမရှိသလောက်ဖြစ်နေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ကလေးတွေစာသင်လို့မရဘူး လူတွေသွားလို့ လာလို့မရဘူးဖြစ်နေတယ်
"ဈေးဆိုင်တို့ဘာတို့ ဈေးဝယ်သူလည်းမရှိဘူး ဈေးရောင်းသူလည်းမရှိတော့ဘူး တော်တော်လေးကို စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်။ ကလေးတွေစာသင်လို့မရဘူး လူတွေသွားလို့ လာလို့မရဘူးဖြစ်နေတယ် တော်တော်လေးကို အခက်အခဲဖြစ်နေတယ်"
ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း လေးကျောင်းရှိပြီး ထွက်ပြေးတိမ်းရှောင် နေကြတဲ့ထဲမှာ ကျောင်းဆရာတွေလည်း ပါဝင်တာကြောင့် ကျောင်းတွေကို နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက ပိတ်ထားရတယ်လို့ ပြောပါတယ်။
ကျေးရွာ ၁၀ ရွာလောက်က ကျောင်းသူ၊ ကျောင်းသား ၁၅၀၀ ကျော် တက်ရောက်နေတဲ့ ကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့က မြေပုံမြို့နယ် ရွာသာယာကျေးရွာသား ငါးဦး၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမ်းမြို့နယ် က ဒေသခံ ငါးဦးကို တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြေပုံ၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလထဲက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲ တွေဖြစ်ပွားနေရာမှာ AA အဖွဲ့နဲ့ ပတ်သက်ကြောင်း သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ ဒေသခံတွေ ရာနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ ရှစ်သောင်းကျော် အထိ ရှိလာနေပြီလို့ အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။