နိုင်ငံခြားစွမ်းအင် ကုမ္ပဏီတွေ ထွက်ခွာမှု စစ်ကောင်စီကို ထိခိုက်နိုင်

2022.03.01
နိုင်ငံခြားစွမ်းအင် ကုမ္ပဏီတွေ ထွက်ခွာမှု စစ်ကောင်စီကို ထိခိုက်နိုင် ရန်ကုန်မြို့တွင် တည်ရှိသော တိုတယ်ကုမ္ပဏီ-မြန်မာရုံးကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က တွေ့မြင်ရစဉ်။
Photo: AFP

စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ အမေရိကန် ချက်ဗရွန်၊ ပြင်သစ် တိုတယ်လ်၊ သြစတြေးလျ Woodside ၊ ဂျပန် မစ်ဆူဘီရှီ (Mitsubishi) နဲ့ မလေးရှား အခြေစိုက် Petronas စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာတော့မယ့် အကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ အသီးသီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ ဥရောပသမဂ္ဂ EU က မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းမှာ ထည့်သွင်း လိုက်ပါတယ်။

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ စစ်ကောင်စီကို အခွန်မဆောင်ကြဖို့နဲ့ စစ်ကောင်စီ အတွက် နိုင်ငံခြားဝင်ငွေ အဓိကရရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဌာနကို ပိတ်ဆို့ဒဏ်ခတ်ဖို့ကို အမျိုးသားညီညွတ်ရေး အစိုးရက ပြီးခဲ့တဲ့နှစ် မတ်လကတည်းက စပြီးကြိုးစားခဲ့တာလို့ NUG လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက RFA ကို ပြောပါတယ်။

“ NUG မဖွဲ့ခင် CRPH ကနေပြီးတော့ အစိုးရဝန်ကြီးတွေ စခန့်လိုက်တယ်။ မတ်လတုန်း ကတည်းက စပြီးတော့ ကျွန်တော်တို့က ဒီကုမ္ပဏီတွေကို အစိုးရကို ပေးနေတဲ့ငွေကို မပေးဖို့ ဖိအားပေးခဲ့တယ်။ အဲဒီ ကတည်းကစပြီးတော့ သံတမန်တွေနဲ့ အကြိမ်ကြိမ် တွေ့တယ်။ ဒီအကြောင်းကိုလည်းပြောတယ်။ အခုတော့ နည်းနည်း ရုပ်လုံး ပေါ်လာ တယ်ပေါ့။ ဒီစစ်အုပ်စုရဲ့ တရားဝင်မှုကို ချပစ်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် တို့ပြည်သူနဲ့ ပြည်သူတွေ ထောက်ခံတဲ့ အစိုးရတွေ လွှတ်တော်တွေရဲ့ တရားဝင်မှုက တက်လာတယ်။ အခု ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတဲ့ လှုပ်ရှားမှု ကို ဒါက အင်အားဖြစ်စေတာတော့ သေချာပါတယ်”

ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ခုနှစ်အတွင်း စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ကနေ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ (၁.၅) ဘီလီယံဝန်းကျင် အခွန်ငွေ ရရှိခဲ့ တယ်လို့ Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခွန်ငွေကို ဒီမိုကရေစီ တောင်းဆိုတဲ့ အရပ်သား တွေအပေါ် ဖိနှိပ်ဖို့ လက်နက် ဝယ်ယူ ရာမှာ စစ်ကောင်စီက အဓိက အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အီးယူက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဌာနအပေါ် အရေးယူ ပိတ်ဆို့လိုက်တာဟာ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ဆီ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး အခွန်ဝင်ငွေရပ်တန့်ဖို့ တောင်းဆိုလှုပ်ရှားနေကြတဲ့ မြန်မာနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေရဲ့ သမိုင်းဝင် အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့လည်း Justice for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။

ဒီလိုအရေးယူ ပိတ်ဆို့မှုတွေလုပ်ဖို့ နိုင်ငံတကာကိုတောင်းဆိုနေတဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲ ကတော့ MOGE အပေါ် EU ရဲ့ ပိတ်ဆို့မှုဟာ စစ်ကောင်စီကို စီးပွားရေးအရ သာမက နိုင်ငံရေးအရပါ အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ ပြောပါတယ်။

“ MOGE သည် နိုင်ငံခြား ပိုက်ဆံအများဆုံး ရှာပေးနိုင်တယ်ဆိုတာ လုံးဝမမှားဘူး။ အဲဒီပိုက်ဆံနဲ့ပဲ လက်နက် ဝယ်တာဆိုတော့ အခုက MOGE ကို ဘယ်သူမှ ပိုက်ဆံပေးလို့ မရတော့အောင် လုပ်တာ။ သူ နိုင်ငံခြား ဝင်ငွေမရှိဘဲ ဘာမှလုပ်လို့ မရဘူး။ စစ်ကောင်စီ ကို သူ့ဆီကိုဝင်တဲ့ အဓိက ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်တာသည် စစ်ကောင်စီကို နိုင်ငံရေးအရရော၊ ငွေရေးကြေးရေးအရရော ထိကိုထိတယ်ဗျ”

စွမ်းအင်ကဏ္ဍဟာ လက်ရှိ မြန်မာစစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်လို့ နိုင်ငံခြားကုမ္ပဏီကြီးတွေ ထွက်ခွာတာနဲ့ ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ်တာတွေ ဟာ စစ်ကောင်စီကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးကလည်း သုံးသပ်ပါတယ်။

total engergy company
(ပြင်သစ် Total ရေနံကုမ္ပဏီ အမှတ်တံဆိပ်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဓာတ်ဆီဆိုင်မှာ ၂၀၂၀၊ ဖေဖော်ဝါရ ၆ ရက်နေ့က တွေ့ရစဉ်) Photo: REUTERS

“အီးယူရဲ့ ပိတ်ဆို့မှုရယ် နောက်နိုင်ငံခြားကုမ္ပဏီတချို့ ထွက်သွားတာရယ်က လောလော ဆယ်အားဖြင့် အစိုးရရဲ့ ဝင်ငွေကို တော်တော်ထိခိုက်သွားမှာပဲ။ သူတို့ အစားထိုးဖို့တော့ ကြိုးတော့ ကြိုးစားလိမ့်မယ်။ အဲဒီလို ကြိုးစားတာက ချက်ချင်းတော့ အရာထင်မှာ မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ လုပ်ရကိုင်ရမယ့် လုပ်ငန်းစဉ်တွေ ရှိသေးတာကို။ ဒါကြောင့် လောလောဆယ်အားဖြင့်တော့ တော်တော်ကို ထိခိုက်မယ့် အလားအလာတော့ ရှိပါတယ်"

မြန်မာစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ထွက်သွားတဲ့ ကုမ္ပဏီတွေရဲ့ နေရာကို စိတ်ဝင်စားတဲ့ တခြားကုမ္ပဏီကြီးတွေနဲ့ ပြန်အစားထိုးဖို့ လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ထွက်ခွာပေမယ့် အဲဒီနေရာမှာ လုပ်ချင်နေတဲ့ ကုမ္ပဏီတွေက ရှိပြီးဖြစ်ပါတယ်။ ထိုင်းက ဆိုရင်လည်း Chevron တို့ Total တို့ ထွက်သွားတဲ့ နေရာမှာ လိုချင်တာ ရှိတယ်။ ဒီအပြင် ကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့စကားပြောနေတာ ရှိပါတယ်။ ပြောရမယ် ဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုတဲ့လုပ်ငန်းက နိုင်ငံတိုင်းအတွက် လိုအပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြောနိုင်တာက လက်တွဲ လုပ်ဆောင်ချင်နေတဲ့ လူတွေနဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကို ရွေးချယ်ပြီး ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ MOGE အနေနဲ့လည်း သီးသန့်ဆက်လက်လုပ်ဆောင် သွားမယ့် အစီအစဉ်တွေ ရှိပါတယ်”

လက်တွေ့မှာလည်း တနင်္သာရီတိုင်း ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ပြန်ထွက်ခွာ ဖို့ စီစဉ်နေတဲ့ Total နဲ့ Chevron နေရာမှာ ထိုင်းအစိုးရပါဝင်နေတဲ့ PTT Exploration and Production Public Co., Ltd. (PTTEP) ကုမ္ပဏီက ချက်ချင်း အစားထိုး ဝင်ရောက်ဖို့ စီစဉ်နေတဲ့အကြောင်း နိုင်ငံတကာသတင်း တွေက အဆက်မပြတ် ရေးသားဖော်ပြ ထားပါတယ်။

“ထွက်ခွာပေမယ့် အဲဒီနေရာမှာ လုပ်ချင်နေတဲ့ ကုမ္ပဏီတွေက ရှိပြီးဖြစ်ပါတယ်။"

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business -MCRB) ညွှန်ကြားရေးမှူး ဗစ်ကီဘိုးမန်း ကတော့ ဥရောပသမဂ္ဂ (EU) က မြန်မာ့ MOGE အပေါ် အရေးယူ ပိတ်ဆို့ လိုက်တာဟာ လက်တွေ့ ဘယ်လောက် ထိ သက်ရောက်မှု ရှိမလဲဆိုတာ အတိအကျ မသိနိုင်သေးပေမယ့် EU အဖွဲ့ဝင်မဟုတ်တဲ့ ထိုင်း PTTEP လို ကုမ္ပဏီမျိုးအတွက် ကတော့ သက်ရောက်မှု မရှိဘူးလို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကို လက်တွေ့ ထိခိုက်စေတာကတော့ နိုင်ငံခြားကုမ္ပဏီတွေ ပြန်ထွက်သွား တဲ့ ရခိုင်ကမ်းလွန်ပင်လယ်ပြင်က A 6 သဘာဝဓာတ်ငွေ့ လုပ်ကွက် နေရာမှာ လောလောဆယ်အထိ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်မှ မရှိသေးဘူးလို့ ဗစ်ကီဘိုးမန်း က RFA ကို ပြောပါတယ်။

“ MOGE အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မယ်ဆိုတာ မသိရပေမယ့် EU ရဲ့ ပိတ်ဆို့မှုတွေကတော့ သူ့ရဲ့ ဘောင်ကို မကျော်ဘူး။ EU ရဲ့ ကုမ္ပဏီတွေပေါ်မှာ သက်ရောက်မှုရှိပြီး PTTEP လို EU အဖွဲ့ဝင်မဟုတ်တဲ့ ကုမ္ပဏီတွေအပေါ် သက်ရောက်မှု မရှိဘူး။ ကျမထင်တာက တခြားသိသာထင်ရှားတဲ့ သက်ရောက်မှု ကတော့ A6 ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ကနေ နုတ်ထွက်သွားတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူ မရှိ သေးတဲ့ အချက်ပေါ်မူတည်ပြီး မြန်မာအစိုးရရဲ့ ဓာတ်ငွေ့က ဝင်ငွေရရှိမှုက ယခင် ကထက် နိမ့်ကျနိုင်တယ်။ အနာဂတ်မှာ သဘာဝဓာတ်ငွေ့က ဝင်ငွေ ရှိလာမှာ မဟုတ်လို့ပဲ”

ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ A 6 ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ ပြင်သစ် အခြေစိုက် Total နဲ့ သြစတြေးလျအခြေစိုက် Woodside ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံ ထားတာပါ။

စွမ်းအင်ကုမ္ပဏီကြီး ငါးခု မြန်မာနိုင်ငံကနေ ပြန်ထွက်ဖို့ စီစဉ်နေပေမယ့် ထိုင်းနိုင်ငံက PTTEP ၊ တောင်ကိုရီးယား POSCO ၊ အိန္ဒိယ ONGC ၊ ဂျပန် Nippon Oil ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီတွေ မြန်မာ့စွမ်းအင် ကဏ္ဍမှာ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။