မြန်မာမှာ စားနပ်ရိက္ခာဖူလုံရေး အလားအလာမကောင်း
လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူ ၁၄ ဒသမ ၄ သန်းက လူသားချင်းစာနာမှု အကူအညီ လိုအပ်ပြီး ၁၃ ဒသမ ၂ သန်းက စားနပ်ရိက္ခာ မဖူလုံဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောထားပါတယ်။
-
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022-09-10 -
-
-
ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံတွေထဲ ပါဝင်မြဲပါဝင်နေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေးနဲ့ လူမှုစီးပွား ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ကြား ငွေဖောင်းပွတဲ့ဒဏ် မရှုမလှခံရပြီး အကျမရှိ တက်ပြီးရင်းတက်နေတဲ့ ကုန်ဈေးနှူန်းနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။
လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူ ၁၄ ဒသမ ၄ သန်းက လူသားချင်းစာနာမှု အကူအညီ လိုအပ်ပြီး ၁၃ ဒသမ ၂ သန်းက စားနပ်ရိက္ခာ မဖူလုံဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောထားပါတယ်။
မြန်မာနိုင်ငံက လူအများစုဟာ စိတ်ရော ကိုယ်ပါ ဆင်းရဲနေကြပြီး စီးပွားရေးကျပ်တည်းရုံမက ဘဝမလုံခြုံဘဲ အဟာရ ပြည့်ပြည့်ဝဝ စားသောက်ဖို့ခက်ခဲလာပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးတွေ၊ သက်ကြီးတွေ၊ မသန်စွမ်းသူတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေ အများဆုံး ထိခိုက်ရတယ်လို့ WFP က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကျပ်အတည်း ပေါင်းစုံတွေကြောင့် WFP က ရည်ညွှန်းတဲ့ သူတွေသာမက အလွှာပေါင်းစုံက လူတွေ ကျပ်တည်းလာပါတယ်။
ဒါကို တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်က ဦးဇော်ရမ်းက “လူတွေက အရင်က တနေ့ ၅၀၀၀ ရတာ ခုလည်း ၅၀၀၀၊ ဆန်က တအိတ် ခြောက်သောင်းကနေ၊ ကိုးသောင်းကျော်၊ ခု တသိန်းကျော်သွားပြီ၊ ဆန်ကြမ်းဆို ငါးသောင်းထိ၊ လွန်ခဲ့တဲ့ ခြောက်လက ဆန်တပြည် နှစ်ထောင့်ငါးရာကနေ လွန်ခဲ့တဲ့ လေးလက သုံးထောင်ဖြစ်သွားပြီး ခု လေးထောင်ဖြစ်သွားတယ်။ "
စစ်အာဏာ သိမ်းပြီးတဲ့နောက် မြန်မာတွေအဓိက အားထားတဲ့ ဆန်ဈေးနဲ့ အထွေထွေ စားကုန်ဈေးနှူန်းတွေ တက်ချိန်မှာ လွတ်လွပ်လပ်လပ်ရှာဖွေစားသောက်ဖို့ကလည်း အကန့်အသတ်ရှိနေတာကို မွန်ပြည်နယ်က ဈေးသည်တယောက်က “အာဏာမသိမ်းခင်တုန်းက လွတ်လွတ်လပ်လပ်ရှိတယ်။ အခုက မလွတ်လပ်ဘူး၊ ရောင်းရချရတာလည်း အချိန်အကန့်သတ်နဲ့ ရောင်းနေရတယ်။ ညနေစောင်းမှထွက်ရတော့ သုံးနာရီလောက်ပဲ ရောင်းရတာလေ။ အလုအယက် ရောင်းရတာလေ။ အာဏာမသိမ်းခင်တုန်းက ညလုံးပေါက် သူ့ဟာသူရောင်းရတော့ အဆင်ပြေတယ်၊ စားတဲ့လူလည်း လွတ်လွတ်လပ်လပ်စား။ အဲဒီလို နေလို့ရတာပေါ့”
သာမန်လက်လုပ်လက်စား တယောက် လုပ်ကိုင်စားသောက်ရှာဖွေရတာ အကန့်အသတ်ရှိနေချိန်မှာ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်က လယ်သူမ ဒေါ်လှလို လယ်သမားတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။
“မိုးကျလို့ထွန်ယက်ချိန်မှာ ဆီဈေးက တဂါလံ သောင်းနှစ်ထောင်။ တသောင်းခွဲဆိုတော့ တချို့လယ်သမားတွေ လယ်ထွန်စက် မသုံးနိုင်ဘဲ အစေ့ခြောက်တွေ ဒီတိုင်းကြဲထားကြတယ်။ တချိုကလည်း မစိုက်နိုင်တော့ဘူး၊ မိုလယ်ရောက်တော့ ဓာတ်မြေသြဇာထည့်ရချိန်မှာ ဈေးကြီးတော့ မထည့်နိုင်တဲ့လူတွေက မထည့်နိုင်တော့ဘူး။ ရာသီဥတုကလည်း ဖောက်ပြန်တော့ ခု တော်သလင်းလရောက်နေပြီ။ မိုးကုန်တော့မယ်။ မိုးကလည်း မုန်တိုင်းရှိမှ ရွာတာ၊ မုန်တိုင်းမရှိလို့ မိုးမရွာတော့ မြေတွေ ပက်ကြားအက်နေပြီ။ ”
ဒီအတွက် ခါတိုင်းလို စပါးအထွက်နှူန်း အလားအလာက မကောင်းနိုင်တော့ပါဘူး။ ဒေါ်လှတို့လို လယ်ကွင်းပြင်ထီးထီးကြီးရှိတဲ့ ဒေသတွေမှာ စစ်အာဏာသိမ်းလို့ ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မလှုပ်ရှားနိုင်ဘဲ ဆီနဲ့ ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလို စစ်အာဏာရှင်ကို ခုခံတွန်းလှန်အားကောင်းတဲ့နေရာတွေမှာ စစ်ကောင်စီက အင်အားသုံးဖြိုခွင်းနေတာမို့ တောင်သူတွေ အခြေအနေက ဘယ်လိုရှိပါသလဲ။
စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ မပြတ်ထိတွေ့နေတဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းက “စစ်ကိုင်းတိုင်းမှာတင် အိမ်ခြေသောင်းနဲ့ချီ မီးရှို့ခံရတော့ လူတွေ အတည်တကျနေလို့ မရတော့ဘဲ စိုက်ပျိုးတဲ့ လုပ်ငန်းခွင် ပျက်သွားတယ်။ အခြေအနေက အဆိုးဆုံးအချိန်ရောက်သွားနိုင်တယ်။ စစ်ပြေးတွေက စားရမဲ့သောက်ရမဲ့ ဖြစ်နေပြီ။ သူတို့ကို ကူညီချင်တာတောင် လုံခြုံရေး အခြေအနေအရ မကူညီနိုင်ဘူး၊ ”
ပဋိပက္ခ ဖြစ်ပွားနေတဲ့ ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း အပြင် နိုင်ငံအရှေ့တောင်ပိုင်း တခြားဒေသတွေမှာ အထူးသဖြင့် စားနပ်ရိက္ခာ ပြဿနာရှိတယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောထားပါတယ်။