ကမ္ဘာတစ်လွှား စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ် WFP သတိပေး
နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)

စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ ပြတ်လပ်မှု၊ လောင်စာဆီစရိတ် မြင့်တက်မှုတွေကို ဖြစ်စေခဲ့တဲ့ ရုရှားစစ်ပွဲ ကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့် လူဦးရေ ပိုများလာလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲ David Beasley က သတိပေးလိုက်ပါတယ်။
“အရင်နှစ်တွေတုန်းက အငတ်ဘေးဒဏ်ခံရတဲ့သူဟာ သန်း ၈ဝ လောက်ပဲ ရှိခဲ့တာကနေ ဒီကနေ့ သန်းပေါင်း ၃၅ဝ နီးပါးအထိ ခုန်တက်သွားခဲ့တယ်။ ဓာတ်မြေသြဇာအကျပ်အတည်း၊ လောင်စာဆီအကျပ်အတည်းတွေက လည်း ဆက်ဖြစ်နေတယ်။ ကမ္ဘာကြီးက အခုဆိုရင် တကယ့်ကို ဒုက္ခတွင်းထဲ ရောက်နေပြီ”
နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရအကြီးအကဲတွေ ၅ဝ ကျော်အပြင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆ဝဝ လောက် တက်ရောက်တဲ့ ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ကမ္ဘာ့စီးပွားရေးညီလာခံကြီးမှာ မစ္စတာ Beasley က ပြောခဲ့တာပါ။
ဒီပြဿနာကို ကြိုတင်မဖြေရှင်းနိုင်ရင် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှု၊ ကမ္ဘာတစ်ဝန်းနိုင်ငံတွေမှာ အကြီးအကျယ်ငတ်မွတ်မှုတွေ ဖြစ်သွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) စာရင်းအရ - ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ မနှစ်က သန်း ၁ဝဝ လောက်ရှိခဲ့တာပါ။

ဒီအထဲမှာ နည်းမျိုးစုံနဲ့ ဒေသတွင်းနိုင်ငံတွေကို သွားရောက်နေကြတဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက ကျနော်တို့ကို ပညာရေးအခွင့်အလမ်းတွေ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ ကျွန်တော်တို့ လာခဲ့တာပါ”
အန္တရာယ်များလှတဲ့ ပင်လယ်ရေလမ်းခရီးကို သစ်သားလှေလေးနဲ့ ကူးဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို မကြာသေးခင်က ရောက်ရှိသွားတဲ့ အသက် ၁၄ နှစ်အရွယ် Umar Faruq ပြောခဲ့တာပါ။

အာဏာသိမ်းပြီးကတည်းက စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာလည်း စီးပွားရေးနဲ့ မလုံခြုံမှုတွေကြောင့် လစဉ်ပြည်ပထွက်ခွာသူဦးရေ လေးသောင်းလောက်ရှိတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)ကလည်း အောက်တိုဘာ ၂ဝ၂၂ က ထုတ်ပြန်ထားပါတယ်။
စစ်ပွဲ၊ ပဋိပက္ခ၊ စီးပွားရေးဖိအားတွေနဲ့ စတင်ခဲ့တဲ့ ဒီ ၂ဝ၂၃ အတွင်း ကြုံလာရမယ့် ငတ်မွတ်ခေါင်းပါးမှုဘေးကို ကြိုတင်ဖြေရှင်းဖို့ကိုလည်း အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို WFP အကြီးအကဲ မစ္စတာ Beasley က သတိပေးသွားပါတယ်။
“ဒီအန္တရာယ်ကို ဂရုမစိုက်ရင် နှစ်ကုန်မှာ ရိက္ခာပြတ်လပ်မှု (ဒါမှမဟုတ်) ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု တွေဖြစ်မယ်၊ ဒါတွေကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်မယ်၊ အကျိုးဆက်အနေနဲ့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှုတွေ ဖြစ်လာမယ်။ အဲ့ဒီအခါကျရင် အခု ကျနော်တို့ပြောနေတာထက်ကို အဆပေါင်းများစွာ ပိုကုန်ကျသွားနိုင်တယ်”
အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ - မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်အတွင်း ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။