ငါးဖမ်းလုပ်ငန်းခွင် အနိုင်ကျင့်မှု ဆင်းရဲမွဲတေမှုနဲ့ဆက်စပ်နေ
2019.11.27
ကမ်းနီး ပုဇွန်၊ ငါးဖမ်းလုပ်ငန်းက အလုပ်သမားတွေ အနိုင်ကျင့်ခံနေရတာဟာ ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေပြီး အသေးစိတ်အခြေအနေတွေကို သိနိုင်ဖို့ ကျားဖောင် လုပ်ငန်းအများစုရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး သွားမယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောပါတယ်။
ကျားဖောင်လုပ်သားတွေ လူ့အခွင့်ရေးချိုးဖောက်ခံရမှုအခြေအနေတွေ သိနိုင်ဖို့ အစိုးရဌာနဆိုင်ရာတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှာဖြစ်သလို ကျားဖောင်လုပ်ငန်းလုပ်ကိုင်ရာ ကျေးရွာတွေကို သွားရောက် မေးမြန်းစစ်ဆေးမယ်လို့ လူ့အခွင့်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ဆင်းရဲမွဲတေမှုတွေကြောင့် ကျားဖောင်ငါးဖမ်းလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိလာတာလို့ ဦးယုလွင်အောင်က ပြောပါတယ်။
“ကာကွယ်တားဆီးရမယ့် အလုပ်ကတော့ ကာကွယ်တာဆီးရမယ့်အလုပ်ပေါ့။ ဒါတွေက ဖြစ်နေတယ်ဆိုတာ ကြားလည်းကြားတယ်။ ပြောရလို့ရှိရင် ဆင်းရဲမွဲတေမှုကနေ စတာပေါ့နော်။ လုပ်စရာ ကိုင်စရာမရှိ။ အလုပ်အကိုင်ကလို၊ ငွေကလည်းလို ဆိုတဲ့လူကို ဆွဲစိပြီး ကျားဖောင်ပေါ် တင်ပေးလိုက်တာပေါ့။ တင်ပေးလိုက်တဲ့အခါကျတော့ အလုပ်အကိုင်ကလည်း လူသူမမြင်ရတဲ့နေရာမှာဆိုတော့ ခိုင်းတဲ့သူကလည်း လူသူမမြင်ရတဲ့နေရာမှာ ခိုင်းမရတဲ့အခါမှာ ရက်ရက်စက်စက် လုပ်ရင်း လုပ်ရင်းကနေ လက်တွေ ယဉ်ပြီးတော့ ဖြစ်သွားတယ်လို့ ယူဆရတာပေါ့။”
စစ်ဆေးချက်နဲ့ လေ့လာတွေရှိချက်တွေပေါ် အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေအပေါ် ပညာပေးမှုတွေ ဆက်လက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။
ဖျာပုံမြို့နယ်ကို ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည် ဦးဆောင်တဲ့ အဖွဲ့က ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။
ကော်မရှင်ဥပဒေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး စနစ်တစ်ခုအဖြစ်ကို ဦးတည်နေမယ်ဆိုရင် ကွင်းဆင်းစစ်ဆေးရမယ်လို့ သတ်မှတ်ထားပါတယ်။
ကျားဖောင်လုပ်ငန်းထဲ ရောင်းစားခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်၊ စတုတ္ထနှစ် ကျောင်းသားတစ်ဦး နှိပ်စက် ညှဥ်းပန်းခံရမှု အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပြီးနောက် ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
စတုတ္ထနှစ် ဒဂုံတက္ကသိုလ်ကျောင်းသား ကျားဖောင်ပေါ်မှာ ရောင်းစားခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံ ခုနှစ်ဦးထဲက နှစ်ဦးကို ဖမ်းဆီးထားပြီး ရန်ကုန်၊ ကျောက်တံတားရဲ စခန်းမှာ အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံက သိရပါတယ်။
ကျန် ငါးဦးကို ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖောင်တွေပေါ်မှာ လူမိုက်ဆန်ဆန် အုပ်ချုပ်မှုတွေ မဖြစ်အောင် အလုပ်ရှင်တွေကလည်း ကြီးကြပ်ကွပ်ကဲဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ခင်မောင်ကြွယ်က ပြောပါတယ်။
“ပင်လယ်ထဲမှာ ဘေးပတ်ဝန်းကျင်လည်းမရှိ၊ တိုင်ရတောရမယ့် ရုံးတွေ ဌာနဆိုင်ရာတွေလည်း မရှိတဲ့ အခါကျတော့ အနိုင်ကျင့်ပြီး ခိုင်းစေတာတွေ ရှိနိုင်တာပေါ့။ ရေပေါ်မှာကျတော့ တရားဥပဒေစိုးမိုးမှု နည်းနည်း အလှမ်းဝေးတာလည်း ရှိနိုင်တယ်။ လူမိုက်ဆန်ဆန် အုပ်ချုပ်တာတွေလည်း ရှိနိုင်တယ်။ ခိုင်းလိုမရတဲ့ဟာတွေကျတော့ နည်းနည်း အနိုင်ကျင့်ပြီး ခိုင်းတာရှိမယ်။ ကာယကံရှင်ကလည်း မလုပ်နိုင်တာရှိမယ်။ ဖောင်ဆိုတာက သင်္ဘောလည်းမဟုတ်ဘူး။ ဝါးဖောင်ကြီးနဲ့ အဲပေါ်မှာပဲ အိပ်ရတယ်။ အဲပေါ်မှာပဲ ပိုက်ဆွဲတာလုပ်ရတယ်။ ဒီဟာတွေ ကြီးကြပ်ကွပ်ကဲဖို့ကတော့ ဒါ လုပ်ငန်းပိုင်ရှင်တွေမှာလည်း အထိုက်အလျှောက်တော့ တာဝန်ရှိမှာပေါ့။ အလုပ်ချိန်တွေဘာတွေ သတ်မှတ်မယ်။ ဒါတွေ ဥပဒေအရ ဖြစ်သွားပါလိမ့်မယ်။”
ကျားဖောင်လုပ်ငန်းဟာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်၊ ရေးနဲ့ သံဖြူဇရပ်မြို့နယ် ကျိက်ခမီမြို့တွေမှာ လုပ်ကိုင်မှု အများဆုံးဖြစ်ပါတယ်။
ကျားဖောင်လို့ခေါ်တဲ့ ဝါးတွေနဲ့ဖောင်လုပ်ပြီး ရိုးရာနည်းအရ ငါးဖမ်းမှုတွေကို အောက်တိုဘာလကနေ ဧပြီလအထိ ခုနှစ်လတာ လုပ်ကြတာဖြစ်ပါတယ်။
လုပ်ငန်းသဘောအရ ခက်ခဲကြမ်းတမ်းတာကြောင့် လုပ်သား ရှားပါးလာပြီး နောက်ဆက်တွဲအနေနဲ့ ပွဲစားတွေကတဆင့် လုပ်သားရှာဖွေလာရတာပါ။
ကျားဖောင်လုပ်ငန်းက ရလာတဲ့ ကုန်ကြမ်းကို ပုဇွန်ခြောက်၊ မျှင်ငပိ၊ ငံပြာရည်တို့ ထုတ်လုပ်ပြီး ပြည်တွင်း စားသုံးမှုအပြင် ပြည်ပကိုလည်း တင်ပို့ပါတယ်။
ပြည်ပတင်ပို့ခွင့်မှာ အထူးအခွင့်အရေးတွေ ရနေတဲ့ မြန်မာနိုင်ငံ ရေလုပ်ငန်းရှင်တွေဟာ ကျားဖောင်လုပ်ငန်းခွင် နာမည်ပျက်လာမှုကြောင့် အခွင့်အရေးတွေ ပြန်ရုပ်သိမ်းခံရမှာကို စိုးရိမ်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောပါတယ်။
“ကမ္ဘာမှာ မြန်မာပြည်ကို ကျားချောင်း ချောင်းနေတဲ့သူတွေ အများကြီးရှိတယ်။ ဘယ်လိုနည်းနဲ့ အရေးယူရမယ် ဘယ်လိုအကွက်ပေါ်ရမယ်ဆိုတာ အဲဒီလိုအချိတ်အဆက်တွေ မိသွားလို့ ရှိရင် ကျနော်တို့ တိုင်းပြည်ရဲ့ ရေထွက်ကုန်တွေ ပြည်ပကို တင်ပို့ဖို့အတွက် အခက်အခဲတွေ အများကြီး ပေါ်သွားလိမ့်မယ်။ ကျနော်တို့ ရေထွက်ကုန်နဲ့ ပတ်သက်ပြီးတော့ GSP လို့ခေါ်တဲ့ အထူးအခွင့်အရေးကို EU ကပေးတာ ၁၃.၇ ရာခိုင်နှုန်း၊ အမေရိကန်ဆို Tax ကို ဇီးရိုးချပေးထားတယ်။ ရေလုပ်ငန်းထွက်ကုန် မြန်မာပြည်ကပို့ခဲ့ရင် အခွန်မကောက်ဘူးဆိုပြီးတော့ အဲ့ဒီအကြောင်းကြောင့် ဒီဖန်တီးပေးထားတာတွေ ပြန်ရုပ်သိမ်းခံရရင် တိုင်းပြည်တစ်ခုလုံး နစ်နာကြမယ်။”
မြန်မာနိုင်ငံမှာ လူကုန်ကူးမှုအများဆုံးဖြစ်တဲ့ကိစ္စရပ်ဟာ တရုတ်နိုင်ငံကို လက်ထပ်ထိမ်းမြားဖို့ ရောင်းစားခံရမှု၊ ဒုတိယအများဆုံးက ပြည်တွင်းပြည့်တန်ဆာလုပ်ငန်းဖြစ်ပြီး၊ တတိယအများဆုံးက ရေလုပ်ငန်းတွေမှာ လုပ်သားအဖြစ် ရောင်းစားခံရမှုတွေဖြစ်တယ်လို့ လူကုန်ကူး ရဲတပ်ဖွဲ့ထံက သိရပါတယ်။