ပထမအကြိမ် ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ
2014.12.16
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ နော်လှလှစိုး၊ ဦးဝင်းချိုနဲ့ ဒေါက်တာအေးမင်းတို့ဟာ ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေကို ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။
အဲ့ဒီစည်ပင်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နော်လှလှစိုး၊ ဦးဝင်းချိုနဲ့ ဒေါက်တာအေးမင်းတို့ ၃ ဦးဟာ ရန်ကုန်မြို့ orchid hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေ ၈ သန်းနီးပါးထဲက အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုတစ်ခုမှာ လူတစ်ဦးနှုန်းနဲ့စုစုပေါင်း လူဦးရေ ၄ သိန်း မဲပေးနိုင်မယ်လို့သိရပါတယ်။
ဗဟိုအဆင့်လို့ပြောရမယ့် စည်ပင်သာယာရေးကော်မတီဝင် ၉ ဦးထဲမှာ ၅ ဦးကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရွေးချယ်မှာဖြစ်ပြီး ၄ ဦးကိုပဲ ရန်ကုန်မြို့သူမြို့သားတွေက ရွေးချယ်ရမှာဖြစ်ပါတယ်။
မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ နော်လှလှစိုးက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အချိန် နည်းတဲ့အခက်အခဲနဲ့ တချို့မြို့နယ်တွေက လမ်းဆုံတွေမှာ ကိုယ်စားလှယ်လောင်းတွေက ဗီနိုင်းပိုစတာတွေထောင်ပြီး မဲဆွယ်နိုင်ပေမယ့် တချို့မြို့နယ်က မရဘူးလို့ပြောပါတယ်။
ဒါ့အပြင် နော်လှလှစိုးက တချို့မြို့နယ်တွေမှာ မဲပေးနိုင်ခွင့်ရှိသူ ၊ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ခွင့်ရှိသူတွေ မဲပေးနိုင်ခွင့်ရှိတဲ့ စာရင်းထဲမပါတာမျိုးတွေ တွေ့ရတယ်လို့ပြောပါတယ်။
နော်လှလှစိုး။ ။ဒီအရည်အချင်းတွေ ပြည့်ဝပါလျှက်နဲ့၊ ဒီရပ်ကွက်မှာနေပါလျှက်နဲ့၊ အိမ်ထောင်စုဇယားလည်းရှိပါလျှက်နဲ့၊ မှတ်ပုံတင်လည်းရှိပါလျှက်နဲ့ မပါတဲ့လူတွေ တော်တော်များများတက်လာပါတယ်၊ အဲ့လိုမျိုး တက်လာတဲ့အခက်အခဲအများကြီး နောက်ပြီးတော့ ယာယီပေါ့နော် ယာယီသန်းခေါင်စာရင်းတွေလည်း အများကြီးပဲ၊ ကျမနယ်မြေဆိုရင် ပိုပြီးတော့ များတာပေါ့နော်၊ ဒီလှိုင်သာယာတို့ ရွှေပြည်သာတို့မှာဆို အများကြီးပဲ၊ ပြည်သူလူထုနဲ့ တွေ့လို့ရှိရင် အဲ့ဒီပြောဆိုမှုတွေတော့ အများကြီးတွေ့နေရတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ၉ ဦးထဲမှာ ၅ ဦးက မြို့တော်ဝင်တစ်ဦးနဲ့ အစိုးရက ရွေးထားတဲ့သူတွေဖြစ်တဲ့အတွက် ကျန်တဲ့သူ ၄ ဦးက မြို့တော်အတွက် ဘာတွေ ဆောင်ရွက်ပေးနိုင်မှာလဲ ဆိုတဲ့သံသယတွေလည်း ရန်ကုန်မြို့ခံတွေမှာရှိကြပါတယ်။
တောင်ပိုင်းခရိုင် ကိုယ်စားပြုပါဝင်ယှဉ်မယ့် ဒေါက်တာအေးမင်းက ပြည်သူကရွေးကောက်ထားတဲ့သူတွေ ကော်မတီဝင်တွေထဲမှာပါလာရင် ပြည်သူတွေရဲ့အသံကို ထုတ်ဖော်နိုင်မှာဖြစ်လို့ အကျိုးရှိပါတယ်လို့ပြောပါတယ်။.
ဒေါက်တာအေးမင်း။ ။တကယ်လို့ ပြည်သူတွေနဲ့လည်း ကျနော်တို့က အောက်ခြေအထိ ဆင်းပြီးတော့ မြေပြင်အရောက်ကို လေ့လာပြီးတော့ ကျနော်တို့က ပြည်သူ့အသံကိုနားထောင်ပြီး အပေါ်ကိုတင်ပြနိုင်တယ်ဆိုရင် ဒါဟာ ကျနော်တို့က စိတ်အားငယ်စရာမလိုပါဘူး၊ ကျနော်တို့ တိုက်ရိုက်တွေ့ဆုံပြီးတော့ ညှိနှိုင်းဆွေးနွေးမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လိုရာကို ကျနော်တို့ပြည်သူတွေအတွက် ကျနော်တို့က သတ္တိရှိရှိနဲ့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကျင်းပရေးအတွက် ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းလည်း ဒီနေ့ပွဲ ကိုတက်ရောက်ခဲ့ပါတယ်။
ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ မူလကတင်သွင်းတဲ့ ဥပဒေကြမ်းမှာ အိမ်ထောင်စုပေါင်း ၂ဝဝ မှာ တစ်ဦးသာ မဲပေးခွင့်ရှိတဲ့အချက်ကို ထည့်သွင်းခဲ့ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ တစ်အိမ်ထောင်မဲ တစ်မဲဖြစ်စေရေး လွှတ်တော်ကို တိုက်တွန်းနိုင်ခဲ့ကြောင်း ပြောပါတယ်။
ဒေါ်ညိုညိုသင်း။ ။စက်တင်ဘာ ၃ဝ ရက်နေ့မှာ အဲ့ဒီနည်းဥပဒေကြမ်းကို ပြင်လိုက်တယ်၊ ဘယ်လိုပြင်လိုက်လဲဆိုတော့ ခုနက ၁.၅ ရာခိုင်နှုန်းပဲ မဲပေးခွင့်ရှိရမယ်ဆိုတဲ့အပိုဒ်ကို ပြင်လိုက်တယ်၊ တစ်အိမ်ထောင်ကို မဲတစ်မဲနှုန်းပေးရမယ်ဆိုတဲ့ အပိုဒ်ကိုပြင်လိုက်တယ်၊ တစ်ခါပထမ မူလနည်းဥပဒေမှာ မဲပေးခွင့်ကိုပါ သက်မှတ်ထားတာ၊ ဥပမာအားဖြင့် ပုဒ်မ ၃၄ အရ တားမြစ်ထားသူများဆိုပြီးတော့ မဲပေးပိုင်ခွင့်မရှိသူများကိုပါ သူကသက်မှတ်ထားတယ် ဆိုပြီးတော့လူတွေရဲ့ မဲပေးပိုင်ခွင့်ကို အခြေခံကျတဲ့ မဲပေးပိုင်ခွင့်ကိုပါ ဒီဥပဒေက တားမြစ်ထားတဲ့အတွက်ကြောင့်မို့လို့ ကျမအနေနဲ့ ဒါကန့်ကွက်ခဲ့ပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက အရင်က ပြည်သူတွေဟာ၊ အစိုးရနဲ့ ပြည်သူဆိုတာသီးသန့်ဖြစ်တယ် ဆိုတဲ့အမြင်ရှိပြီး အစိုးရဘာလုပ်လုပ် မသိနိုင်ခဲ့ကြောင်း၊ ခုအခါမှာတော့ သူတို့သိတဲ့ ကျွမ်းဝင်တဲ့သူုတွေကို ရွေးကောက်နိုင်တော့မှာဖြစ်ကြောင်း ပြောပါတယ်။
ကိုကိုကြီး။ ။တလျှောက်လုံးမှာ အစိုးရကသက်သက်၊ ပြည်သူကသက်သက် အစိုးရဆိုတာ ကိုယ်နဲ့မဆိုင်သလို ဖြစ်နိုင်ရင်ခပ်ကင်းကင်းနေဖို့ မပတ်သက်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့တဲ့ နေသားကျနေတဲ့ ကျနော်တို့နိုင်ငံမှာ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေထဲကမှာ အထူးသဖြင့် တလျှောက်လုံးမှာ မတရားမှုတွေကို ဆန့်ကျင်ခဲ့တယ်၊ ဝေဖန်ခဲ့တယ် ကျနော်တို့ ရဲဖော်ရဲဘက်တွေ ကျနော်တို့ ညီအကိုမောင်နှမတွေ ကိုယ်တိုင်က ဒီတာဝန်ကိုယူဖို့ဆုံးဖြတ်ခြင်းကို ကျနော်လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၈ဝဝ ကျော်ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်ခင်ဗျာ။