တိုင်းရင်းသားအဖွဲ့တွေကို မတရားအသင်းမှပယ်ဖျက်မှု ဖယ်ဒရယ်တပ်မတော်ရဲ့ အစလား
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့မှဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်လိုက်ကြောင်း မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် လမ်းစဖြစ်လာတယ်လို့ ရှုမြင်သူတွေရှိသလို တိုင်းရင်းသားတချို့ကတော့ CRPH အနေနဲ့ ဘယ်လောက်တာဝန်ခံမှုရှိမလဲလို့ သိချင်နေကြပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန် ဒီစီ)
2021-03-19 -
-
-
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့မှဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်လိုက်ကြောင်း မတ်လ ၁၇ ရက်နေ့က ကြေညာ ခဲ့ပါတယ်။ ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် လမ်းစဖြစ်လာတယ်လို့ ရှုမြင် သူတွေရှိသလို တိုင်းရင်းသားတချို့ကတော့ CRPH အနေနဲ့ ဘယ်လောက်တာဝန်ခံမှုရှိမလဲလို့ သိချင်နေကြ ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့တွေအဖြစ်က ဖျက်သိမ်းပေးလိုက်ပါပြီ။ အခု ဆောင်ရွက်ချက်ကြောင့် ပြည်သူတွေအကြား အာဏာရှင်စစ်အစိုးရတွေပုံဖေါ်ခဲ့တဲ့ တိုင်းရင်းသားတွေအပေါ် ရှုမြင်လက်ခံပုံကို ပြောင်းလဲသွားစေခဲ့တယ်လို့ ပင်လုံသုတေသနအဖွဲ့ ခေါင်းဆောင် စိုင်းထွန်းအေး က ကြိုဆိုလိုက်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ဦးနေဝင်းလက်ထက်ထဲကစပြီး အကြမ်းဖက် သောင်းကျန်းသူလို့ မှိုင်းတိုက်ခဲ့တာပေါ့၊ အဲဒီအတွေးအခေါ်တွေက ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ဒီဘက်တွေ နယ်စွန်နယ်ဖျားရောက်လာတဲ့ အထူးသဖြင့် ၈၈ မျိုးဆက်တွေက ဒီတိုင်းရင်းသားဒေသတွေမှာ လက်တွဲသွားရတဲ့အတွက်ကြောင့်မို့ အကြမ်းဖက်မဟုတ်ပါလား ပြည်ထောင်စုဖက်ဒရယ်ကြီးကို လုပ်နေ တဲ့သူတွေပါလားလို့ သိသွားကြတယ်။ ခု တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့ မတရားအသင်းကနေ ပယ်ဖျက်လိုက်တယ်ဆိုတဲ့အခါမှာ သံသယတွေ မရှိတော့ဘူး၊ ပွင့်လင်းမြင်သာသွားတဲ့ အစိတ်အပိုင်းကြီးဖြစ်သွားပါတယ်။ လူမျိုးစုတွေ အတွက်လည်းကောင်းတယ်၊ CRPH အနေနဲ့လည်း ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးအတွက် တကယ့်အခြေခံအုတ်မြစ်တစ်ခုကို ချလိုက်ခြင်းပဲလို့ သုံးသပ်ပါတယ်။ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်ကြီးကို သွားမယ် ဆိုရင် အဓိကအကျဆုံးက ဖက်ဒရယ်တပ်မတော်ပါဘဲ။ လူမျိုးပေါင်းစုံ အသီးသီးပါရမယ် ဗမာလည်း အချိုးအစားကျပါ၊ ရှမ်းလည်းအချိုးအစားကျပါ၊ ကရင်လည်း သူ့အချိုးအစားနဲ့သူ ပါလိုက်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံတော်ကြီးက ပြီးပြည့်စုံတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ရဲ့ခြေလှမ်းလို့ ပြောလို့ရတယ်၊ နောက်ဘယ်တော့မှ စစ်အာဏာသိမ်းမှု ပေါ်ပေါက်စရာအကြောင်းမရှိဘူးဆိုတာ ဖက်ဒရယ်တပ်မတော် ကပဲ အာမခံမှာဖြစ်ပါတယ်။”
တိုင်းရင်းသားတချို့ရဲ့ရင်ထဲမှာတော့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ နာကျင်မှု တွေက ရှိနေဆဲပါပဲ။ CRPH အနေနဲ့ ဘယ်လောက် တာဝန်ခံမှုနဲ့ တာဝန်ခံမှုရှိမလဲလို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ် က မေးခွန်းထုတ်ပါတယ်။
“သူတို့ပြောတဲ့ ကိစ္စမှန်သမျှအားလုံးကို ကျနော်တို့က ယုံကြည်လက်ခံတဲ့ အနေအထားမျိုးတော့ မရှိဘူး၊ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမယ်၊ လက်တွဲသင့်တာကို လက်တွဲလုပ်ရမယ်လို့ နားလည် ထားတယ်။ လက်ရှိ CRPH က အပြင်မှာရှိနေတဲ့လူတွေက လှုပ်ရှားဆောင်ရွက်တာဖြစ်တယ်၊ ဒေါ်အောင် ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ သဘောထားလုံးဝမပါဘဲ လုပ်နေကြတာ၊ တကယ်လို့များ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးဝင်းမြင့်တို့ ထွက်လာလို့ ဒါတွေက ကျနော်တို့မသိတဲ့ကိစ္စဖြစ်တယ်၊ ကျနော်တို့ သဘော ထားမပါတာ ဖြစ်တဲ့အတွက် ဒါကိုကျနော်တို့ လက်မခံနိုင်ဘူးဆိုတာမျိုး ဖြစ်လာမှာကိုလည်း တိုင်းရင်း သားတွေကြားမှာ စိုးရိမ်တာရှိတာပေါ့နော်။ CRPH အနေနဲ့ ဒီလို ဖယ်ဒရယ်အာမီပဲပြောပြော၊ တိုင်းရင်း သားတွေနဲ့ မဟာမိတ်လုပ်တယ်ပဲပြောပြော သူတို့အနေနဲ့ တိုင်းရင်းသားတွေကို ဘယ်လောက်အထိ ကတိပေးနိုင်သလဲ အာမခံချက်ပေးနိုင်သလဲဆိုတဲ့အပေါ် အများကြီးမူတည်တယ်လို့ ကျနော်ကတော့ မြင်တယ်။”
၇၄-၇၅-၇၆ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်အောင် ကတော့ CRPH ရဲ့ ကြေညာချက်ဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လမ်းစပဲလို့ ရှုမြင်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အများစုက ကိုယ့်တိုင်းရင်းသားအခွင့်အရေးတွေအတွက် ခုခံကာကွယ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဘဲ။ ဒါကို စစ်အာဏာရှင်တွေက စစ်ဗိုလ်ချုပ်တွေက အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ဖို့ ကြိုးစားခဲ့ကြတာပေါ့။ ပြည်သူ့အစိုးရကတော့ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရတယ်ဆိုတာ အခု သူတို့ခေါင်းဆောင်တွေ ဒေါက်တာဆာဆာတို့ CRPH တို့ကလည်း ပြောထားပြီးပြီ။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို နဂိုထဲက အကြမ်းဖက်အဖွဲ့အစည်းလို့ မသတ်မှတ်သင့်တဲ့ အဖွဲ့အစည်း။ စစ်အာဏာ ရှင်တွေက သတ်မှတ်ခဲ့တာကို ဒါ ချေဖျက်ပေးလိုက်တာဘဲ။ နောင်ပေါ်ပေါက်လာမယ့် ဖက်ဒရယ် ပြည်ထောင်စုအတွက်ကိုလဲ ဒါ ပထမဆုံး CRPH က သင့်မြတ်တဲ့ မှန်ကန်တဲ့ ခြေလှမ်းတစ်ခု စလိုက်တာပဲလို့ ယူဆတယ်။”
တိုင်းရင်းသား အဖွဲ့အစည်းအားလုံးက CRPH ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။