စက်ရုံအလုပ်သမားတွေ ဥပဒေချိုးဖောက်ခံရမှုများနေ
2024.03.16

မြန်မာနိုင်ငံက အလုပ်ရှင်အများစုဟာ အလုပ်သမားဥပဒေ ချိုးဖောက်နေကြတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း စက်ရုံပေါင်း ခြောက်ဆယ်ကျော်ကအလုပ်သမား သုံးသောင်းကျော်ကိစ္စမှာ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ၉၀ ရာခိုင်နှုန်းလောက် ကူညီပေးခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးက RFA ကို ပြောပါတယ်။
"အလုပ်သမား နှစ်သောင်းခုနစ်ထောင်ကျော်လောက် ပြီးဆုံးအောင် ကူညီပေးနိုင်ခဲ့တယ်၊ ကျန်နေသေးတဲ့ အလုပ်သမားကိစ္စတွေလည်း ရှိပါသေးတယ်၊ အတင်းအဓမ္မပေါ့နော်၊ OT (အချိန်ပို) မဆင်းလို့ အလုပ်ဖြုတ်တာ၊ OT မဆင်းလို့ အလုပ်ရွှေ့တာ၊ ညလုံးပေါက်အလုပ်မဆင်းနိုင်လို့ အလုပ်ဖြုတ်ခံရတာ၊ အလုပ်ပြန်မခန့်တာမျိုးက ပိုများတယ်"
သူတို့အဖွဲ့ဆီအကူအညီတောင်းဖို့မရောက်နိုင်တဲ့ တခြားစက်ရုံတွေလည်း တော်တော်များများ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
"အလုပ်ထုတ်ခံရတာ အဓိက ဥပဒေပါအခွင့်အရေးတွေမရဘဲနဲ့ အထုတ်ခံနေရတာ"
အချိန်ပိုမဆင်းရင် အလုပ်ထုတ်ခံရမယ်ဆိုတဲ့ဥပဒေမျိုး မရှိဘူးလို့ အမည်မဖော်လိုတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
"စာချုပ်နဲ့ ဥပဒေမှာ OT ကို မဖြစ်မနေဆင်းရမယ်လို့ ပြဋ္ဌာန်းထားတာမရှိဘူး၊ ကလေးအမေလည်း အောလင်း အောက်နိုက်ဆင်းရတယ်၊ ဗိုက်ကြီးသည်လည်း ညလုံးပေါက်ဆင်းရတယ်၊ ငြင်းဆိုခွင့်မရှိဘူး၊ ငြင်းတဲ့သူ အလုပ်ထုတ်ခံရတယ်၊ အလုပ်ရှင်တွေ ဖိအားပေးလွန်းလို့၊ လူလည်ကျလွန်းလို့ ကျွန်တော်တို့ စက်ရုံတွေ ပြောင်းပြီးအလုပ်လုပ်ခဲ့တာ စက်ရုံပေါင်း ခုနစ်ခုလောက်ရှိတယ်၊ စက်ရုံသာ ပြောင်းသွားတယ်၊ အလုပ်ရှင် မူဝါဒတွေက အတူတူပဲ"
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနတွေဆီ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ခုံသမာဓိကောင်စီဗဟိုအဖွဲ့ကို နောက်ဆုံးရောက်လာတဲ့အမှုတွေထဲမှာ အလုပ်ထုတ်ခံရတဲ့အမှုတွေက အများဆုံးလို့ ခုံကောင်စီအဖွဲ့ဝင်၊ အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်အေးက ပြောပါတယ်။
"၂၀၂၁ က အမှု ၂၀ လောက်၊ ၂၀၂၂ မှာတော့ ၄၅ မှု၊ ၂၀၂၃ မှာ ၁၆ မှု၊ အခု ၂၀၂၄ မှာ လေးမှု၊ အားလုံး စုစုပေါင်း က ၈၅ မှုလောက်ရှိပါတယ်၊ ဒီအမှုအားလုံးကိုကြည့်လိုက်လို့ရှိရင် အလုပ်ထုတ်တာ အများဆုံးပဲဗျာ၊ အလုပ်သမားတွေ အလုပ်ထုတ်ခံရတာ အဲဒီကိစ္စက ခုံသမာဓိကောင်စီဝင်၊ အလုပ်သမား ကိုယ်စားလှယ်အနေနဲ့ တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်၊ အလုပ်ထုတ်ခံရတာ အဓိက ဥပဒေပါအခွင့်အရေးတွေမရဘဲနဲ့ အထုတ်ခံနေရတာ"
စစ်အာဏာသိမ်းသုံးနှစ်အတွင်းမှာ အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရတာများနေတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေကထောက်ပြတဲ့ အစီရင်ခံစာတွေ ထွက်လာပြီးတဲ့နောက်မှာ ရှစ်နိုင်ငံက ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် ၁၂ ခု ထွက်ခွာသွားပါတယ်။
"ထွက်သွားတဲ့တံဆိပ်တွေကတော့ ဂျာမဏီအခြေစိုက် C&A , Lidl , Jako ၊ ဗြိတိန်နိုင်ငံကဆိုရင် Tesco, Marks & Spencer ၊ ဩစတြီးယားကဆို Aldi South, စပိန်ကဆို Zara, Inditex, Mango၊ အီတလီက Benetton Group၊ အိုင်ယာလန်ကဆိုရင် Primark ၊ ဆွီဒင်ကဆိုရင် H&M နဲ့ ဂျပန်ကဆို Uniqlo တို့ စတဲ့အမှတ်တံဆိပ် ၁၂ ခု ထွက်သွားပါတယ်"
ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်က စက်ရုံပေါင်း ၃၀ ကျော် ပိတ်သွားပြီး၊ လူနှစ်သောင်းခွဲကျော် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့လည်း မစန်းစန်းက ပြောပါတယ်။
လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကို RFA ကနေ အီးမေးလ်ကနေ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ ဒါပေမဲ့ ILO အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းရှိလာတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်ထုတ်ခံရတဲ့သူတွေထဲက ၂၉ ဒသမ ၅ ရာခိုင်နှုန်းပဲ နစ်နာကြေးရကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြားလူငယ်တွေက၊ အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေထက် နစ်နာကြေးရတာ ပိုနည်းတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင်စက်ရုံ ၈၁၇ ရုံရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပေမယ့် ၂၇၁ ရုံက ရပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ လည်ပတ်နေသေးတဲ့ စက်ရုံတွေထဲက ၃၁၁ ရုံဟာ တရုတ်နိုင်ငံသားတွေရဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။
ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ (IndustriALL Global Union - IGU) ကလည်း စစ်ကောင်စီကို ဖြေလျှော့ပေးထားတဲ့ ဥရောပက ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးနဲ့ အထည်ချုပ်ကဏ္ဍကူညီရေးတို့ကို ရုပ်သိမ်းဖို့ စစ်အာဏာသိမ်းသုံးနှစ်ပြည့်တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁ နေ့က တောင်းဆိုထားပါတယ်။