ဖေ့စ်ဘွတ် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်


2018.09.01

သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ဝေတဲ့ The New York Times သတင်းစာနဲ့ The Diplomat မဂ္ဂဇင်းတွေမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Facebook က ဖယ်ရှားပိတ်ပင်လိုက်တာနဲ့ စပ်လျဉ်းပြီး အကျိုးဆက်တွေကို ဖော်ပြထားပါတယ်။ ဦးခင်မောင်စိုးက ကောက်နှုတ်တင်ပြပါလိမ့်မယ်။

သြဂုတ်လ ၃၁ ရက်နေ့ မနေ့ကထုတ်ဝေတဲ့ The New York Times သတင်းစာမှာ “In Myanmar, a Facebook Blackout Brings More Anger Than a Genocide Charge” (လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်တင်တဲ့ သတင်းထက် ဖေ့စ်ဘွတ်က ထုတ်ပြစ်ခံရတဲ့ သတင်းက ပိုပြီး ခံရခက်) ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြည်အကြောင်း ဆောင်းပါးတစ်ပုဒ် ပါရှိပါတယ်။ အဲဒီဆောင်းပါးမှာ ပါဝင်တဲ့ အချက်တချို့ကတော့ ဒီအပတ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်း ၂ ပုဒ် ကမ္ဘာကျော်သွားခဲ့ပါတယ်။ ပထမ သတင်းက ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ က သတ်ဖြတ်မုဒိမ်းကျင့် မီးရှို့ခဲ့မှုတွေအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား တပ်မတော်ထိပ်တန်း ခေါင်းဆောင် ၅ ဦးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ စုံစမ်းရေးအဖွဲ့က လုံခြုံရေးကောင်စီကို ထောက်ခံတင်ပြလိုက်တဲ့ သတင်းဖြစ်ပြီး ဒုတိယ သတင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော်က လူနဲ့အဖွဲ့အစည်း ၂ဝ ခန့်ကို Facebook လူမှုမီဒီယာက ဖယ်ရှားလိုက်တဲ့ သတင်းဖြစ်ပါတယ်။

Facebook က ထုတ်ပယ်လိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး အစိုးရပြောခွင့်ရ ဦးဇော်ဌေးက ဒီကိစ္စကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ထိခိုက်မှာကို မိမိတို့ စိုးရိမ်ကြောင်းနဲ့ ဖေ့စ်ဘွတ်ကို ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ မေးထားတယ်လို့ ပြောဆိုခဲ့ကြောင်း၊ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက် အများအပြားဟာ ရုရှားတွေအသုံးပြုတဲ့ VKontakte ဗီကွန်တတ် အတိုကောက်အားဖြင့် VK လို့ခေါ်ကြတဲ့ ဖေ့စ်ဘွတ် အလားတူ လူမှုမီဒီယာကို ပြောင်းရွှေ့သုံးစွဲခဲ့ကြကြောင်း၊ မနေ့က သောကြာနေ့အထိ VK မှာဖွင့်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စာရင်းမှာ နောက်လိုက် ၁၆ ၅ဝဝ ရှိပြီဖြစ်ပြီး ဖေ့စ်ဘွတ်မှာ တုန်းကတော့ သူ့နောက်လိုက် ၂ သန်း ၈ သိန်းရှိခဲ့ကြောင်း၊ အဲဒီ VK လူမှုမီဒီယာကို ရုရှားဖက်ယိမ်းမှုအတွက် ကမ္ဘာ့နိုင်ငံအများအပြားမှာ သုံးစွဲခွင့်ပိတ်ပင်ထားကြောင်း၊ ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း နောက်ထပ် လူမှုမီဒီယာတစ်ခု လာချေပြီဆိုပြီး VK ကို ရည်ညွန်းကာ သူ့ဖေ့စ်ဘွတ်က ရေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆက်လက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေး ဦးနေဇင်လတ်က ခေတ်မီသူတိုင်း ဖေ့စ်ဘွတ်ကနေ VK ပြောင်းနေကြပြီ၊ ဗီကေဟာ အမျိုးသားရေးဝါဒီတွေ အတွက်ဖြစ်တယ်၊ ဖေ့စ်ဘွတ်ကတော့ အာဏာရှင်ဆန်တယ်ဆိုပြီး သူ့ဖေ့စ်ဘွတ်မှာရေးကြောင်း၊ VK မှာ ဗိုလ်ချုပ်မှူးကြီးနည်းတူ ဖေ့စ်ဘွတ်က အပိတ်ခံရတဲ့ အရှင် ဝီရသူလည်း စာရင်းဖွင့်ထားကြောင်း၊ အရှင်ဝီရသူက အမေရိကန်တွေ မတရားဘူး မိမိတို့ ရုရှားနဲ့ သွားပေါင်းမယ်ဆိုပြီး ရေးခဲ့ကြောင်းနဲ့ အခုတော့ ဦးနေဇင်လတ်နဲ့ အရှင် ဝီရသူတို့ကို VK ကလည်း ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း စသဖြင့် The New York Times  က ရေးပါတယ်။

မနေ့က တရက်တည်းမှာပဲ အာရှ ပစိဖိတ်ဒေသရေးရာ The Diplomat မဂ္ဂဇင်းမှာတော့ “Facebook May Have Doomed the Political Career of Myanmar’s Top General” (ဖေ့စ်ဘွတ်ကြောင့် မြန်မာပြည်က ထိပ်ဆုံး ဗိုလ်ချုပ်ကြီးရဲ့ နိုင်ငံရေးဘဝ ကံဆိုးနိုင်တယ်) ဆိုတဲ့ခေါင်စဉ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ဖေ့စ်ဘွတ်တို့ က ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းပါတွေကို ဒီလို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့တာတွေဟာ နိုင်ငံတကာအသိုင်း အဝန်းက မြန်မာ့တပ်မတော် ထိပ်ပိုင်းကို အခုအချိန်အထိ အရေးယူ အပြစ်တင်မှုတွေထဲမှာ အပြင်းထန်ဆုံး ထိုးနှက်ချက်ဖြစ်ကြောင်း၊ ဖေ့စ်ဘွတ်ရဲ့ အရေးယူမှုက အကျိုးဆက်တွေ အများကြီးပိုရှိကြောင်းနဲ့ ဒီကိစ္စကြောင့် ဗိုလ်ချုပ်မှူးကြီးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထိခိုက်နိုင်ကြောင်း ရေးသားထားပါတယ်။

ဖေ့စ်ဘွတ်ဟာ မြန်မာနိုင်ငံမှာ အလွန်အမင်း ခေတ်စားပြီး မြန်မာ့တပ်မတော်ဟာ သူတို့ရဲ့ အတွေးအခေါ်တွေ ရိုက်သွင်းဖို့၊ တိုင်းပြည်အတွက် အကျိုးမဲ့တဲ့ သတင်းတွေတင်ပြဖို့နဲ့ တနေ့တခြား နိုင်ငံရေးအရ စည်းရုံးတဲ့ သတင်းတွေကို တင်ပြဖို့ ဖေ့စ်ဘွတ်ကို အသုံးပြုနေကြောင်း၊ အခုလို အရေးယူခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်က မြန်မာနိုင်ငံဟာ သတင်းအချက်အလက်တွေ ရရှိရေးအတွက် ဖေ့စ်ဘွတ်အပေါ်မှာ တခြားနိုင်ငံတွေထက် အများကြီးပိုပြီး မှီခိုနေတာကြောင့် အင်မတန် တာဝန်ကြီးမားကြောင်း စသဖြင့် ပြောဆိုတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူတို့ တပ်မတော်က တိုင်းပြည်ကို ကာကွယ်နေတာ ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို ပျံ့နှံ့ဖို့အတွက် ဖေ့စ်ဘွတ်ကို မကြာခဏ သုံးစွဲနေကြောင်း၊ လူထုကို ဆက်သွယ်စည်းရုံးရေး အတွက်  ဖေ့စ်ဘွတ်ဟာ ကာချုပ်ရဲ့ အဓိက လက်နက်ဖြစ်ကြောင်းနဲ့ အခုလို ကုလအစီရင်ခံစာနဲ့ ဖေ့စ်ဘွတ်ရဲ့ ပြိုင်တူထိုးနှက်ချက်တွေဟာ ဗိုလ်ချုပ်မှူးကြီးအတွက် နိုင်ငံရေးကပ်ဆိုက်မှုဖြစ်တယ်လို့ လေ့လာအကဲခတ်သူတွေက သုံးသပ်ကြကြောင်း စသဖြင့် The Diplomat မဂ္ဂဇင်းမှာ မနေ့က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။