တိုင်းရင်းသားကော်မတီက ရွေးကောက်ပွဲအတွက် မဟုတ်ကြောင်း NLD ပြော

ဝေမာထွန်း
2020.01.03
ethnics-622.JPG နေပြည်တော်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တိုင်းရင်းသားတွေကို ၂ဝ၁၇ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်
Photo - Citizen Journalist

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံပါတီဝင်တွေပါဝင်တဲ့ ဗဟိုတိုင်းရင်းသား ရေးရာ ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားကိစ္စ အပါအဝင် တိုင်းရင်းသားတွေရဲ့ အခက်အခဲ ကိစ္စရပ်တွေကို ကူညီဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ပြောလာပါတယ်။

ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ပုဂ္ဂိုလ်တွေ ထည့်သွင်းဖွဲ့စည်း ထားတာဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားတာဖြစ်ပါတယ်။

ဦးအင်ထုံးခါးနော်ဆန်ဟာ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။

လွှတ်တော်ပြန်စတဲ့အခါ အဖွဲ့မှာ ပါဝင်တဲ့သူတွေ တွေ့ဆုံပြီး ကော်မတီက  ဆောင်ရွက်မယ့်ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

“လွှတ်တော်ပြန်စတဲ့အချိန်မှပဲ။ ကျနော်တို့ ကော်မတီဝင်တွေတောင် တစ်ယောက်နဲ့ တစ်ယောက် မဆုံဖြစ်သေးဘူး။ အစည်းအဝေးခေါ်ပြီး ကော်မတီအနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဆောင်ရွက်ကြမလဲဆိုတာ ဝိုင်းတိုင်ပင်ဆွေးနွေးပြီးမှ အားလုံးရဲ့ သဘောတူညီချက်ရပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ ဖြစ်နိုင်မယ်”

ကော်မတီအနေနဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်တိုက်ပွဲ ပြဿနာတွေမှာ ပါဝင်ဆောင်ရွက်တာထက် ကယားပြည်နယ်မှာ ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်လို ကိစ္စတွေကို ဦးဆောင် ဖြေရှင်းတာမျိုးတွေ လုပ်မယ်လို့လည်း ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

ဒီကော်မတီမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့က ဒုတိယဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ကြမှာပါ။

ဝန်ကြီးတွေထဲမှာ  တနင်္သာရီတိုင်းက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ရှမ်းပြည်နယ်က လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီး ဦးစိုင်းရှန်တစ်လုံတို့ ကော်မတီထဲ ပါဝင်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ထဲမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ဒေါက်တာခင်ဆောင်၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်က ဦးမန်းညွန့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်က ဦးထွန်းမြင့်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ကယားပြည်နယ်မဲဆန္ဒနယ် အမှတ်( ၆) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကလောမာ လွီးဇာနဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းသူတို့ကိုလည်း အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်း ထားပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို ကော်မတီက ဆောင်ရွက်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲ စည်းရုံးရေးသက်သက်အတွက် ဒီကော်မတီကိုဖွဲ့တာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေကို သီးခြားဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံပြီးလာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဟာ ဘယ်လိုပုံစံမျိုးဖြစ်သင့်တယ်ဆိုတာကို သဘောထားအမြင် ဖလှယ်တာတွေ လုပ်သင့်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့အခါ ကျနော်တို့က ရွေးကောက်ပွဲ တစ်ခုတည်းမကြည့်ပါဘူး။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ပုံစံကို ပုံစံဖော်ထုတ်ရဦးမှာပါ။ ဒါဟာ တိုင်းရင်းသား ပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားမှာ နီးနီးစပ်စပ် ညှိနှိုင်းတွေ့ဆုံဖို့လိုတယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်”

တိုင်းရင်းပါတီတွေကတော့ NLD ပါတီအနေနဲ့ အခုလို ဆောင်ရွက်တာဟာ  ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ယူဆနေကြပါတယ်။

ဗဟိုတိုင်းရင်းသားရေးရာကော်မတီဖွဲ့ပြီးနောက် ဒေသဆိုင်ရာကော်မတီတွေ အဆင့်ဆင့်ဖွဲ့ပြီး တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ စာပေတွေကို စုစည်းတာ၊ မှတ်တမ်းတင်တာတွေကနေ တဆင့် NLD ပါတီကို တိုင်းရင်းသားတွေ စိတ်ဝင်စားလာအောင် ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“သူတို့တကယ်အောက်ခြေမှာ တိုင်းရင်းသားတွေကို ဆွဲဆောင်နိုင်တဲ့အလုပ်တွေ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုတွေကို မှတ်တမ်းတင်မယ်၊ စုဆောင်းမယ် လေ့လာမယ်၊ ဖော်ထုတ်မယ် အဲလိုဟာမျိုးတွေ လုပ်နိုင်မယ်ဆိုရင်တော့ ဒေသခံတိုင်းရင်းသားတွေက သူတို့အပေါ်မှာ တိမ်းညွန့်တာပေါ့။ တိမ်းညွန့်ခြင်းအားဖြင့် ပါတီကို မဲပေးတာမျိုးတွေ ရှိလာနိုင်တာပေါ့”

ဒါကတော့ လွှတ်တော်လုပ်ငန်းစဉ်တွေကို စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်က ဦးအေးကျော် ပြောသွားတာပါ။

တိုင်းရင်းသားရေးရာကိစ္စတွေကို အတွင်းကျကျ ဖြေရှင်းဖို့ထက် စာပေယဉ်ကျေးမှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်သိမ့်တဲ့သဘော၊ တိုင်းရင်းသားဒေသတွေက လူမျိုးစုကော်မတီတွေကို NLD ပါတီဘက် စည်းရုံးလိုတဲ့ သဘောနဲ့ ဖွဲ့စည်းတာဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို မဖြစ်စလောက်ပေးပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတယ်လို့သာ မြင်တယ်လို့ ပြောပါတယ်။

“တကယ့် တကယ်က တိုင်းရင်းသားစာပေတွေ ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင်တော့ မိခင်ဘာသာစကား သင်ကြားရေးကိစ္စတွေမှာ ပညာရေးမူဝါဒကို ပြန်ဖျတ်ရမှာ၊ ဘာသာပေါင်းစုံ ပညာသင်ကြားခွင့်တွေ၊ အမျိုးသားကျောင်းတွေကို ခွင့်ပြုပေးရမယ့် မူဝါဒတွေကို စဉ်းစားပေးရမှာဖြစ်တယ်။ ဒါပေမဲ့ NLD က အဲလိုမဟုတ်ဘဲ တိုင်းရင်းသားစာပေ သင်ကြားရေးဌာနတွေကို ကျောင်းချိန်ပြင်ပမှာ သင်ခိုင်းပြီးတော့မှ မဖြစ်စလောက်လေး ရုံးခန်းလေးဖွင့်ပေးတယ်။ မဖြစ်စလောက် ထောက်ပံ့မှုတွေပေးပြီးတော့ ဖွဲ့ထားတဲ့ သဘောမျိုးဖြစ်တယ်ဆိုတော့ ခုဖွဲ့လိုက်တဲ့ ကော်မတီက ရွေးကောက်ပွဲအတွက်ပဲ သူတို့ပါတီ စည်းရုံးရေးအတွက်ပဲ ရည်ရွယ်ပြီးလုပ်ထားတဲ့ ကော်မတီလို့ပဲ မှတ်ချက်ပေးလိုတယ်”

NLD ပါတီဟာ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်လို့ အစိုးရဖြစ်လာပြီးနောက် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းတယ်လို့ ဝေဖန်ခံနေရပါတယ်။

ဒါကြောင့်လည်း ထိတွေ့ဆက်ဆံမှု ပိုများလာအောင် သီးခြားတာဝန်ပေးထားတဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်ပြီး ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။