မြန်မာပြည်ရဲ့ အကြီးဆုံးရေကန် အင်းတော်ကြီးအိုင်မှာ ရေနည်းပါးလာ

အဲလိဇဘက်ဂျန်မာ
2020.05.31

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က အာဆီယံ အမွေအနှစ်စာရင်းဝင် UNESCO အသိအမှတ်ပြု အင်းတော်ကြီး အိုင်မှာ ရေလျော့နည်းလာပြီး ဒါဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရကတော့ ရေအိုင်ကြီးဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်ရေးမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ် လို့  ပြောပါတယ်။

အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ ကချင်ပြည်နယ်က အင်းတော်ကြီးကန် ရေလျော့နည်းလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါဟာ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊  ရွှေတရားမဝင် တူးဖော်မှုတွေရဲ့ နောက်ဆက်တွဲ ပြဿနာ တွေကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် လွှတ်တော်၊ မိုးညှင်းမဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးတင်အေးက ပြောပါတယ်။

သစ်တော၊  သတ္တုတူးဖော်ရေးတို့နဲ့ ပတ်သက်ပြီး ကြပ်မတ်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တိုက်တွန်းထား တယ်လို့ ဦးတင်အေးက ပြောပါတယ်။

တန်ဖိုးးထားရမယ့် အင်းတော်ကြီးအိုင်ကို ဂရုတစိုက် ထိန်းသိမ်းဖို့ အစိုးရက စီစဉ်ဆောင်ရွက်သင့်တယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးသောင်းညွှန့်က ပြောပါတယ်။

ပြည်နယ် သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက အစိုးရအနေနဲ့လည်း တရားမဝင် ရွှေတူးဖော်မှုတွေကို ပိတ်ပင်တားမြစ်နေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းတဲ့အတွက် တားမြစ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့လည်း ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

အင်းတော်ကြီးအိုင် ရေခန်းခြောက်မှုဟာ ၂၀၁၀ ပြည့်နှစ်လောက်က စတင်ဖြစ်လာခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ရေခန်းခြောက်မှု အဆိုးဆုံးကြုံတွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အလျား ၁၄ မိုင် အနံ ခုနှစ်မိုင်ခန့်ရှိတဲ့ အင်းတော်ကြီးကန်ဟာ အာဆီယံ အမွေအနှစ်စာရင်းဝင် ဒေသဖြစ်တဲ့အပြင် အင်းတော်ကြီးဘေးမဲ့တောကိုလည်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ဇီဝအဝန်းနယ် မြေအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။

အင်းတော်ကြီးကန်ကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလကနေ မတ်လအတွင်း ဆောင်းခိုငှက် ကောင်ရေ ၂၀၀၀၀ ကျော်လောက် လာရောက်ခိုလှုံ ကျက်စားလေ့ရှိတယ်လို့ အင်းတော်ကြီးဒေသမှာ သစ်တော ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသူတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ လာရောက်တဲ့ ငှက်တွေဟာ မျိုးစိတ် ၄၅ မျိုးရှိပြီး အဲဒီထဲမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ၁၀ မျိုးကျော်လည်း ပါဝင်ကြောင်း သိရပါတယ်။

အခုနောက်ပိုင်းမှာတော့ လာရောက်တဲ့ ဆောင်းခိုငှက် အရေအတွက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အင်းတော်ကြီးဒေသကို ဒီဇင်ဘာလကနေ ဧပြီလအတွင်း ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိပြီး တစ်ရက်ကို လာရောက်သူ တစ်ရာကနေ သုံးရာအထိ ရှိနေပါတယ်။

ရေအရင်းအမြစ် ထိခိုက်စေတဲ့ အကြောင်းအရာတွေထဲမှာ သစ်တောပြုန်းတီးမှုလည်း ပါဝင်ပါတယ်။

ဒီကနေ့ မေလ ၃၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာတော့ ကချင်ပြည်နယ်အတွင်း မြို့နယ် လေးခုမှာ ဒီနှစ် မိုးရာသီအတွင်း သစ်ပင် ခြောက်သိန်းကျော် စိုက်ပျိုးသွားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမြို့တွေကတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနဲ့ အင်းတော်ကြီးအိုင်တည်ရှိရာ မိုးညှင်းမြို့တွေဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အင်းလေးကန်မှာလည်း ရေလျော့နည်းလာတဲ့ ပြသနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရလို့  နည်းလမ်းအသစ်နဲ့ နည်းဗျူဟာအသစ်နဲ့ ရေရှည် ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ အင်းလေးကန် ရေဝေရေလဲ ဧရိယာ တောင်ကတုံးတွေမှာ မေ ၁၈ ရက်နေ့က သစ်စေ့မြေလုံး သောင်းနဲ့ချီ  ဆူးထိုးစိုက်ပျိုးခဲ့တယ်လို့ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။