ရွေးကောက်ပွဲပဋိပက္ခများ လူသေမှုအထိ ဖြစ်လာ
2020.10.26
၂၀၂၀ အထွေထွေရွေးကောက်ပွဲ စတင်ဖို့ ၁၄ ရက်လောက်အလိုမှာ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေတဲ့ လက်ရှိအာဏာရ NLD ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေကြား ဆိုးရွားတဲ့ အပြုအမူတွေ၊ ရန်ပွဲတွေ တွေ့လာရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ ပဋိပက္ခမှာတော့ အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။
လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အရင်အာဏာရခဲ့တဲ့ လက်ရှိ အဓိက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တို့ဟာ မြန်မာနိုင်ငံမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပါတီ နှစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ NLD ပါတီ ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ NLD ဝန်းရံသူ ကိုမျိုးဝင်းစိုး ရိုက်နှက်ခံရပြီး သေဆုံးသွားပါတယ်။
ကာဘိုးကျေးရွာမှာ အောက်တိုဘာ ၂၂ ရက်နေ့ မတိုင်ခင် မဲဆွယ်စည်းရုံးလာတဲ့ ပါတီတွေ ရှိခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာလည်း အဲဒီနေ့မှာလာတဲ့ မဲဆွယ်စည်းရုံးလူအင်အားက နှစ်ထောင်ကျော်လောက်ရှိပြီး အရင်ထက် ပိုများတာဟာ ရည်ရွယ်ချက် ရှိရှိလုပ်တာ ဖြစ်တယ်လို့ ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက ပြောပါတယ်။
ကာဘိုးကျေးရွာမှာ အိမ်ခြေ ၇၀၀ နဲ့ ၈၀၀ ကြားရှိပြီး ဒေသခံတွေဟာလည်း အေးဆေးစွာ နေထိုင်တတ်တဲ့ တောင်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး လှည့်လည်လာတဲ့ ကားတွေမှာ တုတ်တွေ၊ ဓားတွေ တင်ဆောင်လာတာတွေဟာ ကြိုတင်ကြံစည်မှု ဖြစ်တယ်လို့ ပြောပါတယ်။
ကာဘိုးကျေးရွာ ဒေသခံတစ်ဦးကတော့ ကာဘိုးဒေသခံတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ကားတန်းကို ပိတ်ဆို့ တားဆီးတာ မရှိပဲ ရိုက်နှက်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ကာဘိုးကျေးရွာ ဒေသခံတစ်ဦးကတော့ ကာဘိုးကျေးရွာမှာ နေထိုင်လာတဲ့ သက်တမ်းမှာ ဒီလိုမျိုး အုပ်စုဖွဲ့ ရိုက်နှက်တာတွေကို ပထမဆုံးမြင်ဖူးတာ ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုမျိုးဝင်းစိုးကို မနေ့က သင်္ဂြိုလ်လိုက်ပြီဖြစ်ပါတယ်။ ကာဘိုးကျေးရွာမှာ ဆိုင်ကယ် ခုနှစ်စီး၊ နေအိမ်တစ်လုံးနဲ့ ကိုဗစ်ကာကွယ်ရေးအတွက် ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ပါတီကြီးနှစ်ခုကို ထောက်ခံသူတွေကြား အမြင်မကြည်လင်မှုတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ရွေးကောက်ပွဲနီးကပ်ချိန်မှာ မဲဆွယ်စည်းရုံးရေးတွေ လုပ်တဲ့အချိန်မှာ ဝန်းရံသူတွေကြား ပဋိပက္ခတွေဟာလည်း အွန်လိုင်း လူမှုကွန်ရက်မှာ တွေ့နေရပါတယ်။
တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများပြီး ၂၀၁၂ ခုနှစ်က ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မိထ္တီလာမြို့မှာ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ NLD ထောက်ခံသူတွေအကြား ခိုက်ရန်ဖြစ်ပွားပြီး လူတစ်ဦး ဓားထိုးခံရပေမယ့် အသက်သေဆုံးတာ မရှိဘူးလို့ မိတ္ထီလာမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးတာဝန်ခံ ဦးအောင်သင်းနိုင်က ပြောပါတယ်။
မိထ္တီလာမြို့နယ် NLD စည်းရုံးရေးဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးဝင်းဦးက မနေ့ကဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး ထိခိုက်ဒဏ်ရတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
မန္တလေးတိုင်း နွားထိုးကြီး မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူတွေမဲဆွယ်စည်းရုံး ထွက်ချိန်တွေမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားထားတဲ့ သီချင်းစာသားပါတဲ့ သီချင်းဖွင့်တဲ့အတွက် အရေးယူနိုင်အောင် ဆောင်ရွက်နေတယ်လို့ နွားထိုးကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ကျော်မိုးက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အလားတူသီချင်းတွေဖွင့်ပြီး မနေ့ညက မဲဆွယ် စည်းရုံးမှုခဲ့တဲ့အတွက် အရေးယူဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ရွာမှာလည်း ဒီပါတီနှစ်ခုကို ထောက်ခံသူတွေကြား အောက်တိုဘာလ ၁၅ ရက်နေ့က ခိုက်ရန်ဖြစ်ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလမှာ အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်ဆောင်ကြဖို့ ပါတီဝင်တွေနဲ့ ဝန်းရံသူတွေကို ပြောထားပြီး ဖြစ်တယ်လို့ NLD ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
မဲဆွယ်စည်းရုံးရေး လုပ်တဲ့အချိန်မှာ အခုလို ဘာသာရေးလူမျိုးရေးနဲ့ အခြားပါတီတွေကို ပုတ်ခတ်စော်ကား လုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ ကနေ ၆၅ အရ လူမျိုးရေး၊ ဘာသာရေးဖြစ်စေ ဟောပြော မဲဆွယ် စည်းရုံးခဲ့မယ်ဆိုရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်နဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က အခုလို မဲဆွယ်စည်းရုံးတွေမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ပါတီတာဝန်ရှိသူတွေ အနေနဲ့ ဂရုတစိုက်နဲ့ စီစစ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူတစ်ဦး သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး USDP ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်ကို မေးမြန်းရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စစ်ကိုင်းတိုင်း အမှုဆောင်အဖွဲ့က မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီမှာသာ မေးမြန်းဖို့ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ၊ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ထပ်မံမေးမြန်းဖို့ ဒီကနေ့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိအချိန်မှာ ကာဘိုးကျေးရွာမှာ ဖြစ်ပွားတဲ့ ရိုက်နှက်တိုက်ခိုက်မှုတွေမှာ ပါဝင်တယ်လို့ ယူဆရသူတွေကို ရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။
တိုင်းအစိုးရအဖွဲ့က ဒီကာဘိုးကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ဦးဆောင်ပြီး စုံစမ်းတဲ့အဖွဲ့ ဖွဲ့စည်းထားတယ်၊ စစ်ဆေးဆဲကာလဖြစ်တယ်၊ ထိန်းသိမ်းစစ်ဆေးခံရသူ အရေအတွက်ကိုတော့ မသိဘူးလို့ ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။
လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စုံစမ်းစစ်ဆေးတာ ဘာမှမလုပ်နိုင်သေးကြောင်း၊ ခရီးထွက်နေရတဲ့အတွက် စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ပေးအပ်တဲ့စာ လက်ထဲ မရောက်သေးကြောင်း RFA ကို ပြောပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်မယ့် NLD အမတ်လောင်းကတော့ စစ်ဆေးခံနေရတာ ကိုးယောက်ရှိတယ်လို့ ပြောပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)