မဲပေးစက်အကြောင်း ရွေးကောက်ပွဲအကြို လှုပ်ရှားမှုတွေ စစ်ကောင်စီ ပြုလုပ်နေ

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရန်ကုန်တိုင်းက ၄၅ မြို့နယ်မှာ မြန်မာ အီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုမှုကို အသိပညာပေးတဲ့ ရွေးကောက်ပွဲအကြို လှုပ်ရှားမှု လုပ်နေပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် မြန်မာ အီလက်ထရွန်နစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးလေ့လာခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ Myanmar Military

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ရန်ကုန်တိုင်းက ၄၅ မြို့နယ်မှာ မြန်မာ အီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုမှုကို အသိပညာပေးတဲ့ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုလုပ်နေပါတယ်။

မြန်မာ အီလက်ထရွန်နစ်မဲပေးစက် (MEVM) အသုံးပြုပုံကို စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လာရောက်လေ့လာကြတာလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

"စစ်ကောင်စီက ရွေးကောက်ပွဲလုပ်လည်း ကျွန်တော်တို့က ခုခံတော်လှန်သွားမှာ ဖြစ်တဲ့အတွက် အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး"

ပြည်သူတချို့ကတော့ ဒါကိုစိတ်ဝင်စားကြတယ်လို့ ရန်ကုန်တိုင်းအခြေစိုက် ပါတီတစ်ခု ဖြစ်တဲ့ ဒီမိုက်ကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။

“ရန်ကုန်တိုင်းမှာ သူ့နယ်မြေအလိုက် ကျွန်မတို့သွားပြီးတော့ အဲဒီစက်ကို လေ့လာကြ တယ်။ လာကြပါတယ်။ အကုန်လုံး အဲဒီမြို့နယ်တစ်ခုလုံးက လာတယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ နီးစပ်ရာ နီးစပ်ရာ လာပြီးတော့ တက်ကြပါတယ်။ တချို့ကျ တော့လည်း သိချင်တာပေါ့နော်။ စက်ဆိုတာ ဘာများ ပါလိမ့်ဆိုပြီး အဲဒီလိုလည်း သိချင်တာ ပါမှာပေါ့လေ။ ဒီမိုကရေစီလမ်းကြောင်းကို သွားနေရင် ရွေးကောက်ပွဲ ဆိုတာက မဖြစ်မနေ သွားရမှာပေါ့။ အဲဒီလိုဖြစ်အောင်လည်း ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီးမှ မဟုတ်ဘဲ အာလုံးက ကျွန်မတို့ တစ်တိုင်းပြည်လုံးက ဝိုင်းဝန်းပြီး ဆောင်ရွက် ပေးရမှာပေါ့”

ရွေးကောက်ပွဲ ဘယ်တော့ကျင်းပနိုင်မလဲဆိုတာကိုတော့ သူ့အနေနဲ့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်က ဒေသခံတစ်ယောက်ကတော့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အကြိုလှုပ်ရှားမှုတွေထက် နေ့စဉ်ရင်ဆိုင်နေရတဲ့ လူမှုဘဝပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ပဲ ကြိုးစားနေကြ ရတယ်လို့ RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူထုကပြောတာမျိုး မရှိဘူးရှင့်။ လူထုက ဘာပြောနေ လဲဆိုတော့ စားအုန်းဆီ တိုးတာ၊ ကားဆီမရတာတို့၊ စက်မှုဇုန်က အလုပ်သမားတွေ ဆိုလို့ရှိရင်လည်း တချို့စက်ရုံတွေ ဆီမရတော့လို့ ပိတ်မယ်ဆိုတာ စိုးရိမ်တာတို့၊ နောက် ညမထွက်ရအမိန့်တွေရှိတယ်။ ကျွန်မတို့ဆီမှာ ဆိုင်ကယ်ဖမ်းတာရှိ တယ်။ သူခိုး၊ ဂျပိုးတွေက အိမ်ထဲဝင်လုတာတွေရှိတယ်။ အဲဒါမျိုးတွေနဲ့ ပတ်သက်တာကိုပဲ လူထုက စိတ်ဝင်စားမှု ရှိကြတယ်။ ရွေးကောက်ပွဲလုပ်မယ်တို့ ဘာတို့ကတော့ ဆွေးနွေးတာတို့၊ ပြောဆိုသံတွေမရှိပါဘူး”

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ထက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းဖို့ အဓိကထားလုပ် ဆောင်သင့် တယ် လို့ သူကပြောပါတယ်။

စစ်ကောင်စီကို ဆန္ဒပြလှုပ်ရှားမှုတွေလုပ်နေတဲ့ ကိုကောင်း ကတော့ ရန်ကုန်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက် ပွဲ မအောင်မြင်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“အခုက တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရန်ကုန်လို မြို့ကြီးမှာလည်း အခုထိ သူတို့ (စစ်ကောင်စီ) လုံးဝ အုပ်ချုပ်လို့ မရသေးဘူး။ တော်လှန်ရေးအင်အားစုတွေက ခုခံတွန်းလှန်နေကြဆဲဖြစ်တယ်။ အဲတော့ ဒီအခြေအနေမှာ သူတို့ (စစ်ကောင်စီ) က ရွေးကောက်ပွဲလုပ်လည်း ကျွန်တော်တို့က ခုခံတော်လှန်သွားမှာ ဖြစ်တဲ့အတွက် အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့နဲ့ သူတို့ အပေါင်းအပါတစ်စုကတော့ ပါဝင်လိမ့် မယ်။ ကျွန်တော်တို့ တော်လှန်ပြည်သူတွေကတော့ ပါဝင်ခြင်းလည်း မရှိဘူး။ ဆက်လက်ခုခံ တွန်းလှန်သွားမယ်ဆိုတာတော့ ယုံကြည်ပြီးသားပဲ”

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စစ်တပ် အရာရှိဟောင်း ဒေါက်တာအောင်မျိုးကတော့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ဖြစ်ဖို့ ခန့်မှန်းထားတယ်လို့ RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲက ၂၀၂၄ နိုဝင်ဘာ၊ ဒီဇင်ဘာလောက် ကျွန်တော်တို့ မှန်းထားတယ် ပေါ့နော်။ အဲလောက်ကျရင်တော့ လုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ ခိုင်ခိုင်မာမာကို ယူဆပါတယ်။ ပြောရရင်တော့ ကုလသမဂ္ဂရဲ့ ရပ်တည်မှု၊ နိုင်ငံတကာရဲ့ အထောက်အပံ့၊ အသိအမှတ်ပြုမှု၊ နောက်ပြီးတော့ ပြည်သူလူထုရဲ့ အသိအမှတ်ပြုမှု အားလုံးက ဒီလုံးက ဒီလို (ရွေးကောက်ပွဲ) လုပ်လိုက်ခြင်းအားဖြင့် နိုင်ငံရေးအရ ဖြေရှင်း ပြီးသားဖြစ်သွားတာပေါ့နော်။ အဲဒီတော့ ဒီလမ်းကိုတော့ ကျိန်းသေပေါက်ရွေးကြလိမ့် မယ်”

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ နိုင်ငံတစ်ဝန်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောခဲ့သလို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် မြန်မာ အီလက်ထရွန်နစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးလေ့လာခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo: Myanmar Military)

ဒါ့ကြောင့် ဒုတိယနည်းလမ်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာပဲ ရွေးပြီး လုပ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင် သူ့ကိုထောက်ခံ သူတွေကိုယ်တိုင် လက်မခံနိုင်တဲ့အခြေအနေဖြစ်လာလိမ့်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် ၂၀၀၈ အတိုင်းပဲ ဆက်သွားမယ် ဆိုရင် ဒီ ၂၅ ရာခိုင်နှုန်းနဲ့ တချို့တစ်ဝက်သော လွှတ်တော်အမတ်တွေနဲ့ကျင်းပမယ့် လွှတ်တော်က နောက်ဆုံး နိုင်ငံတကာက ထားဦးတော့ ပြည်တွင်းမှာရှိတဲ့ သူတို့ (စစ်ကောင်စီ) ကို ထောက်ခံတဲ့သူတွေကတောင်မှပဲ အသိအမှတ်ပြုမယ့်အနေအထား မရှိဘူး။ နောက်တစ်ခုကတော့ ဒီလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် ရွေးကောက်ပွဲမလုပ်နိုင် ဘူးဆိုရင် သူတို့ကို ထောက်ခံတဲ့သူတွေကစ ပြည်သူအများစုရယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒါကိုအောင်မြင်တဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးပေါ့နော်”

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရန်ကုန်တိုင်းမြို့နယ် ၁၇ မြို့နယ်က ဒေသခံ တစ်သောင်းငါးထောင်ကျော် ဟာ မဲပေးစက်နဲ့ လက်တွေ့စမ်းသပ် မဲပေးတာကို လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၄၅ ပါတီအထိရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ထားရှိပြီးဖြစ်တာကြောင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲလုပ်နိုင်ရေးနဲ့ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာလ ၈ ရက်က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၆၅ သင်တန်းဆင်းပွဲမှာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org