ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ကို အသစ်ပြန်ဖွဲ့ဖို့ လက်မှတ်ကောက်ခံ
2015.02.02
ဦးတင်အေး ခေါင်းဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒသဘောထားလက်မှတ်တွေကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ရန်ကုန်မြို့မှာ လှည့်လည်ကောက် ခံနေပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုမှုအပေါ် ဦးဆောင်လက်မှတ် ကောက် သူတွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေမာထွန်းက စုစည်း တင်ပြထားပါတယ်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပတော့ မှာ ဖြစ်ပါတယ်။
အဲ့ဒီရွေးကောက်ပွဲကို တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့ အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဥက္ကဌ ဦးတင်အေးနဲ့ တဖွဲ့လုံးဟာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီက ခေါင်းဆောင်တွေ ဖြစ်နေတဲ့အတွက် တရားမျှတမှု ရှိပါ့မလားဆိုပြီး သံသယရှိနေကြတာ ဖြစ်ပါတယ်။
ကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင်အဖွဲ့တစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို ဦးစီးကောက်ခံသူ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ကိုမြတ်ကျော်က ဦးတင်အေး နဲ့အဖွဲ့က ၂ဝ၁၅ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကိုမြတ်ကျော်။ ။အဓိကကတော့ ကော်မရှင်က ဥပဒေနဲ့မညီညွတ်ဘူး၊ အဓိကမညီညွတ်တဲ့ ဥပဒေတွေ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈ အပိုဒ်(ခ)၊ နောက်ပြီးတော့ ၂ဝ၁၂ ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅ အဲ့ဒါတွေနဲ့ လုံးဝမညီညွတ်ဘူးဖြစ်နေတယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂ဝ၁၁ မှာ သမ္မတ ကနေပြီးတော့ ကြေညာချက်ထုတ်ပြီးတော့ ခန့်အပ်လိုက်တယ်၊ ဒါပေမယ့် ၂ဝ၁၂ မှာမှ ရွေးကောက်ပွဲကော်မရှင် ဥပဒေ ဆိုတာထွက်လာတာ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာလည်း ဘာပါလဲဆိုတော့ အရင်ပေါ့ ၂ဝ၁၁ ကော် မရှင်ဥပဒေ နအဖ လက်ထက်မှာထုတ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေတွေကို ဒီဥပဒေသည်ဖျက်သိမ်း လိုက်ပြီ ဆိုပြီးပါတယ်၊ အဲ့ဒါကြောင့်လည်းပါတယ် ဥပဒေကတရားမဝင်ဘူး၊ နောက်ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုရေးပါတီက ထိပ်တန်းခေါင်းဆောင်၊ မန္တလေးတိုင်း တံတားဦးမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စား လှယ်၊ သူကနေပြီးတော့ ကြီးကြပ်မယ့်ရွေးကောက်ပွဲက ၂ဝ၁၅ မှာတရားမျှတမှုမရှိနိုင်ဘူးလို့ ကျနော်ကယုံကြည် တယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူတစ်ဦးအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ဒါကိုကန့်ကွက်တယ် ၊ နောက်ပြီးတော့ ဥပဒေနဲ့အညီ အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုတာပါ။
အဲ့ဒီလိုလက်မှတ်ကောက်ခံပွဲတွေမှာ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ရွေးကောက်ပွဲ နဲ့ ရွေးကောက်ပွဲကော်မရှင်တွေအကြောင်း ဟောပြောမှုတွေလည်း ပါဝင်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုမှုအပေါ် နိုင်ငံရေး ပါတီခေါင်းဆောင်တချို့က ထောက်ခံကြပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းသင့်တယ်လို့ ပြောပါတယ်။
ဦးစိုင်းလိတ်။ ။ကော်မရှင်ကို အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုတယ်ဆိုတာ တောင်းဆိုသင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကော်မရှင်မှာ တာဝန်ယူထားတဲ့ ဥက္ကဌကြီးကိုယ်တိုင်က အာဏာရပါတီဘက်က ကူးပြောင်းလာတယ်ပေါ့လေ၊ နောက်ပြီးတော့မှ ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲရောက်နေတဲ့အချိန်မှာ သူက တပ်ဘက်ကအငြိမ်းစားယူထားတဲ့ ပုဂ္ဂိုလ်လည်းဖြစ်နေတယ်ပေါ့နော်၊ တကယ်လို့များ အဆင်ပြေမယ်ဆိုလို့ ရှိရင်တော့ လူထုယုံကြည်မှု ပိုပြီးတော့မှရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ပေါ့နော်၊ ပါတီဝင်မဟုတ်တဲ့ ဘယ်ဘက်ကမှမပါတဲ့ ပုဂ္ဂိုလ်မျိုးကို ရွေးချက်နိုင်တယ်ဆိုရင် ပိုပြီးကောင်းပါတယ်ခင်ဗျ၊ တရားဥပဒေနဲ့ ညီညွတ်တယ်၊ မညီညွတ်ဘူးဆိုတာကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းမယ်ဆိုလို့ရှိရင် ညီညွတ်တယ်ပြောကြမှာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း သူတို့ကိုယ်တိုင်ရေးထားတာကိုး။
နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကတော့ ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်နေတာကြောင့် လက်ရှိကော်မရှင်အဖွဲ့ကို ဆက်လက်တာဝန်ပေးသင့်တယ်လို့လည်း ထောက်ပြမှုတွေ ရှိပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်ဖွဲ့စည်းဖို့တောင်းဆိုနေတာဟာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
ဒေါက်တာတူးဂျာ။ ။စိုးရိမ်တာတစ်ခုက ဘာလဲဆိုလို့ရှိရင်တော့ ရှုပ်ထွေးသွားနိုင်တယ်၊ ရှုပ်ထွေးသွား လို့ရှိရင် ဘယ်သူ့အတွက်မှမကောင်းဘူး၊ တိုင်းပြည်အတွက်လည်း မကောင်းဘူး၊ အခုက ရွေးကောက်ပွဲလည်း အင်မတန်နီးကပ်လာပြီ၊ လက်ရှိကော်မရှင်က သူတို့ လုပ်စရာရှိတာဆက်လုပ်ပြီ၊ သူတို့ အနေနဲ့လည်း ရွေးကောက် ပွဲလွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီးတော့လည်း ပြောထားတာတွေ အကြိမ်ကြိမ် အခါခါရှိပြီလေ၊ ပြည်သူတွေအနနဲ့လည်း သည်းခံဖို့တော့ လိုလိမ့်မယ်နော်၊ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပြီဆိုရင်တော့ လက်ခံသင့်တာပေါ့။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းဖို့ ဘာကြောင့်တောင်းဆိုရတယ်ဆိုတာကို အထောက်အထားခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ် လို့ ပြောပါတယ်။
ဦးဝင်းမြင့်။ ။ပါတီတွေစည်းရုံးရေးဆင်းတဲ့အခါမှာ ဥပဒေအရ ခွင့်ပြလား၊ မပြုဘူးလား၊ တချို့ကျတော့ ဘက်လိုက်မှုပေးပြီးတော့ ဇောင်းပေးပြီးတော့၊ တချို့ကျတော့ မျက်နှာသာမပေးဘူးလား၊ တချို့ ဥပဒေနဲ့ မညီတာကို အရေးယူမယ်၊ မယူဘူးရှိပေမဲ့ တချို့က မကင်းရာမကင်းကြောင်ဆို အရေးမယူဘူး၊ စသည်ဖြင့်ပေါ့ ဒါတွေက ရှိလာတော့မှ ကြည့်ပြီးတော့မှ တစ်ခုချင်းပေါ့နော် ပြောလို့ရမှာပေါ့၊ ဥပဒေကို ကျနော်တို့က ဘာမှကိုပြောထားတာ၊ လုပ်ထားတာ အထောက်အထားပေါ့ အချက်အလက်ပေါ့၊ ခိုင်ခိုင်လုံလုံ မပြနိုင်ပဲနဲ့ ဒီလိုသံသယနဲ့တော့ သွားပြီးတော့ပြောဖို့ဆိုတာက ဥပဒေမှာလုပ်လို့မရဘူလေဗျာ။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတကသာ ဖွဲ့စည်းခွင့်ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေထဲမှာ တပ်မတော်သား ၁ဝဝ နီးပါး ပါဝင်နေတာကိုလည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဝေဖန်နေကြတာပါ။
ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဒဂုံမြို့သစ်ဆိပ်ကမ်းနဲ့ တောင်ဥက္ကလာပမြို့နယ်မှာ လက်မှတ်ကောက် ခံထားပြီးဖြစ်ပြီး သာကေတ၊ ဒေါပုံမြို့နယ်တွေမှာလည်း ဆက်လက်ကောက်ခံမှာဖြစ်ပါတယ်။
ကောက်ခံရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြမှာဖြစ်တယ် လို့ ပြောပါတယ်ရှင်။