လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်နေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးအချို့ဟာ မြန်မာနိုင်ငံဈေးကွက်ကနေ ထွက်ခွာ တော့မယ့်အကြောင်း ကြေညာထားပြီး အချို့ကလည်း မကြာခင် ထွက်ခွာမယ့်အကြောင်း ပြောထား ကြပါတယ်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းကို ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က တွေ့ရစဥ်။ Photo: RFA

ပြီးခဲ့တဲ့ မတ်လက ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့က တိုတယ်ရေနံကုမ္ပဏီ ရုံးချုပ်ရဲ့ရှေ့မှာ မြန်မာ့အရေးလှုပ်ရှားဆန္ဒပြသူတွေက ဆန္ဒပြနေကြပါတယ်။ မြန်မာနိုင်ငံမှာ တိုတယ် ရေနံကုမ္ပဏီရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေ ဟာ စစ်တပ်အတွက် အရေးကြီးတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အထောက်အပံ့ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းက တိုတယ်ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေကြတာပါ။

အခုအချိန်မှာ တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံကနေ အမှန်တကယ်ထွက်ခွာဖို့ အလားအလာရှိ၊ မရှိ မသိရသေးပေမယ့် မြန်မာပြည်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းနဲ့ နည်းပညာအတွေ့အကြုံတွေ ပေးနိုင်တဲ့ နိုင်ငံတကာကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေ တော်တော်များများကတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာနေကြပါပြီ။

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့ မက်ထရိုဟာ လက်ကားဖြန့်ချီရေး လုပ်ငန်းဟာ မကြာခင် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်နားတော့မှာ ဖြစ်တဲ့အကြောင်း စက်တင်ဘာလ ၁ရက်နေ့က ကြေညာခဲ့ပါတယ်။

ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မက်ထရိုဟာ Yoma Strategic Holding ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်ကမှ မြန်မာနိုင်ငံ ဈေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့တာပါ။

မြန်မာနိုင်ငံ အရပ်ရပ်မှာ ကုန်ပစ္စည်းသိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ ဝန်ဆောင်မှု ပေးတဲ့ မက်ထရို ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်းမှာ supply chain လို့ခေါ်တဲ့ ကုန်စည် ဖြန့်ဖြူးရေးစနစ် အဆင့်မီဖန်တီးနိုင်ဖို့ မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ ဒေသခံတောင်သူ လယ်သမားတွေရဲ့ဝင်ငွေ တိုးတက်စေဖို့ အကူအညီပေးနိုင်တဲ့ အလားအလာရှိတဲ့အတွက် ကမ္ဘာ့ဘဏ်အဖွဲ့က ပေးတဲ့ ချေးငွေတွေလည်း ရရှိခဲ့တာပါ။

မက်ထရိုကုမ္ပဏီနဲ့ ပူးတွဲအလုပ်လုပ်နေတဲ့ Yoma Strategic Holdings ကုမ္ပဏီရဲ့စီအီးအိုဖြစ်သူ မယ်လ်ဗင်ပန်း ကတော့ ကိုရိုနာကပ်ရောဂါ ဖြစ်ပွားတဲ့ နောက်ပိုင်း သက်ဆိုင်ရာ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်လို ကုန်ပစ္စည်းအဓိက ဖြန့်ဖြူးပေးရတဲ့ ဖောက်သည်တွေဆီက အမှာစာရရှိမှု ကျဆင်းလာတဲ့အတွက် ကုမ္ပဏီကို ပိတ်သိမ်းရတာလို့ Nikkie Asia သတင်းဌာနကို ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံမှာ တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ပမာဏအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတဲ့ တယ်လီနောကုမ္ပဏီဟာ ဆိုရင်လည်း မြန်မာနိုင်ငံက ပိုင်ဆိုင်မှုတွေကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာပါ။ တယ်လီနော ကုမ္ပဏီဟာ သုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ တယ်လီဖုန်းပြောဆိုမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်မယ့် စပိုင်ဆော့ဝဲတွေကို အသုံးပြုဖို့ အာဏာပိုင်တွေက ဖိအားပေးတာ ခံခဲ့ရကြောင်းနဲ့ အခု မြန်မာနိုင်ငံက ထွက်ခွာမယ့်အစီအစဉ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီက ခွင့်ပြုချက်မပေးသေးတဲ့အတွက် မရေရာမှုတွေ ရင်ဆိုင်နေရတယ်လို့ Nikkie Asia ရဲ့ ဆောင်းပါးမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံခဲ့တဲ့ British American Tobacco ဆေးရွက်ကြီး ကုမ္ပဏီကလည်း အခုနှစ်ကုန်မှာ မြန်မာနိုင်ငံက ထွက်ခွာတော့ မယ့် အကြောင်း အောက်တိုဘာလ ၁၂ရက်နေ့က ကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းပြီး ကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းလောက်အထိ ထိုးကျသွားတဲ့နောက် လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ အခြေအနေမကောင်းတဲ့အတွက် အခုလိုထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ British American Tobacco ကုမ္ပဏီက ကြေညာထားပါတယ်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာနေတာ စစ်ကောင်စီရဲ့နိုင်ငံ့စီးပွားရေးကို စီမံခန့်ခွဲမှုမှားယွင်းတာကို ပြသနေတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် အရှေ့တောင်အာရှရေးရာ လေ့လာစောင့်ကြည့်သူ Sam Baron က ပြောပါတယ်။

“အခုလို နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံထဲက ထွက်ခွာနေကြတာဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကနေ နိုင်ငံရဲ့ စီပွားရေးကို စီမံခန့်ခွဲမှု မလုပ်နိုင်တာနဲ့ အာဏာသိမ်းပြီး ကိုးလအတွင်း နိုင်ငံရေး စီးပွားရေး အခြေအနေတွေကို ပုံမှန်ပြန်ဖြစ်အောင် မလုပ်နိုင်တာကို ပြနေပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေ ပြိုလဲလုနီးပါးဖြစ်နေသလို ငွေကြေးဖောင်းပွမှုကလည်း ထိန်းမရအောင် ဖြစ်နေပါတယ်။ နိုင်ငံခြားလုပ်ငန်းတွေအနေနဲ့ ဆက်လက်လုပ်ကိုင်မယ်ဆိုရင် နစ်နာဆုံးရှုံးစရာ ဖြစ်နိုင်ခြေတွေများလာတဲ့အတွက် လုပ်ငန်းရှင်တွေဟာ အရှုံးခံပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ လုပ်လာကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ အခုနှစ် စက်တင်ဘာလမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၁၈၇၃ ခုရှိနေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေအတွက်တွေကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ရတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စတင်တဲ့ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေအတွက်သိသိသာသာ ထိုးကျသွားတာ ရှိမရှိ မသိနိုင်သေးပါဘူး။

ဒါပေမယ့် ဒီဘဏ္ဍာနှစ်အတွင်း အသစ်ခွင့်ပြုပေးနိုင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ် အရေအတွက်ကတော့ ထိုးကျသွားပြီး ၄၈ခုပဲရှိခဲ့ပါတယ်။ ဒါက အရင်နှစ်ကရတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ငါးပုံတစ်ပုံပဲ ရှိပြီး အားလုံး လိုလိုက အာဏာမသိမ်းခင်ကတည်းက ခွင့်ပြုပေးပြီးသား စီမံကိန်းတွေ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က လာမယ့်နှစ်မှာ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးဟာ ၆.၅ ရာခိုင်နှုန်းအထိ တိုးတက်လိမ့်မယ်လို့ အာဏာမသိမ်းခင်က ခန့်မှန်းထားပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ မသေချာ မရေရာမှုတွေကြောင့် တိုးတက်မှု ဝ.၁ ရာခိုင်နှုန်းပဲ ရှိတော့မယ်လို့ ပြင်ဆင်ခန့်မှန်းလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ စတင်ထွက်ခွာနေပြီး အချို့ကလည်း မကြာခင်ထွက်ခွာဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ ဂျပန်ကုမ္ပဏီတွေကတော့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေထဲမှာ ပိတ်မိနေကြတယ်လို့ Nikkie Asia သတင်းစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့ပြီးနောက်ပိုင်း ရခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ဂျပန်ကုမ္ပဏီတွေက အရေအတွက်အများဆုံးဖြစ်ပြီး၊ ဂျပန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေထဲမှာ ပမာဏတော်တော်များများ မြှုပ်နှံထားပြီးဖြစ်တဲ့အတွက် ပြန်ထွက်ဖို့ မလွယ်ဘဲ ဖြစ်နေတယ်လို့ ဂျပန်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဂျပန်လုပ်ငန်းရှင်တစ်ဦးကတော့ သူတို့ကုမ္ပဏီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီက ကတိပေးထားတဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအထိ အခြေအနေ ဘယ်လို ရှိမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ဦးမယ်လို့ Nikkie Asia ကို ပြောပါတယ်။

အခြား ဂျပန်ကုမ္ပဏီတစ်ခုက အရာရှိတစ်ဦးကလည်း သူတို့အနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာဖို့မရှိသေးပေမယ့် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်လုပ်ဖို့တော့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေဟာ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ထိခိုက်လာနိုင်စရာရှိတယ်လို့ အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူ Sam Baron က ပြောပါတယ်။

“အခုအချိန်မှာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးအမြတ်ရဖို့ ဖြစ်နိုင်ခြေရှိသေးပေမယ့် သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အရင်ကထက် ပိုများလာနေပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ကုမ္ပဏီတွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း ထိခိုက်လာစရာ ရှိနေပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းမကျွံသေးတဲ့ လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာပြီး၊ ပြန်လာမယ်ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ အခြေအနေ တည်ငြိမ်တဲ့အနေအထားအရောက်မှာ ပြန်လာဖို့ စောင့်ဆိုင်းကြပါလိမ့်မယ်”

အခုဆိုရင် ဂျပန်နိုင်ငံက ငွေပင်ငွေရင်းနဲ့ စတင်တည်ဆောက်ထားပြီး ဂျပန်လုပ်ငန်းတွေ အများဆုံးလည်ပတ်လုပ်ကိုင်နေတဲ့ သီလဝါစက်မှုဇုန်မှာတော့ ကိုရိုနာ ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းမှုဖြစ်အပြီး ပိတ်ထားတဲ့အထဲက စက်ရုံအချို့ ပြန်လည်လည်ပတ်နေကြပြီလို့ ဆိုပါတယ်။

အခုအချိန်မှာ လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိက ပြန်လည်လည်ပတ်နေကြပြီလို့ စက်မှုဇုန် တာဝန်ရှိတွေက ပြောပါတယ်။ စက်မှုဇုန်ထဲက စားသောက်ဆိုင်ပိုင်ရှင်တွေကတော့ အရင်က ရောင်းအားရဲ့ ငါးပုံတစ်ပုံလောက်ပဲ ရှိတော့တယ်လို့ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org