ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ NUG က ဒေါ်လာ ၁ သန်း စတင်ကောက်ခံ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.08.29
ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ NUG က ဒေါ်လာ ၁ သန်း စတင်ကောက်ခံ တိုင်းရင်းသားတပ်ဖွဲ့၊ PDF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့ကို ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: Federal Wings

စစ်ကောင်စီတပ်ဖွဲ့တွေကို ထောက်လှမ်းဖို့နဲ့တုံ့ပြန်တိုက်ခိုက်ဖို့အတွက် ဒရုန်းခေါ် မောင်းသူမဲ့လေယာဉ်တွေကို ပိုမိုအဆင့်မြင့်စွာ သုံးစွဲနိုင်ဖို့ ဒီကနေ့သြဂုတ်လ ၃ဝ ရက်နေ့ စတင်မယ့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်းရှာဖွေရေး စီမံချက်ကို NUG အမျိုးသားညီညွတ်ရေးအစိုးရက Skywalk လို့ အမည်ပေးထားပါတယ်။ ဒီစီမံချက်မှာ တက်ကြွစွာ ပါဝင်မယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ကပြောပါတယ်။

“စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် မဟာဗျူဟာ စီမံကိန်းတစ်ခုကို ဆွေးနွေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ နိုင်ငံတကာမှာ ရှိကြတဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တက်တက်ကြွကြွနဲ့ ဝိုင်းရံ ထောက်ပံ့အကူအညီပေးကြဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ကျနော်တို့ အင်အားစုတွေကလည်း ဒီဒရုန်းကိစ္စကို အစွမ်းကုန် ဝန်းရံပံ့ပိုးကူညီသွားမယ်”

လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားစစ်ကို အလူးအလဲ ခုခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့အပြားမှာ လေကြောင်းအကူအညီကို တစ်နေ့တခြား ပိုမိုအသုံးပြုလာနေပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတိုက်ပွဲမှာ စစ်ကောင်စီရဲ့လေကြောင်းက တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့ရတယ်လို့ ဆားလင်းကြီးမြို့နယ် PDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘိုးတော်နီ က ပြောပါတယ်။

“ရွာထဲမှာ ကျနော်တို့ ရဲဘော်တွေ ထမင်းစားနားတဲ့ အချိန် ဒလန်ရဲ့ သတင်းပေးပို့မှုကြောင့် သိသွားတော့ လေယာဉ်နဲ့ ဝင်ပစ်တာပေါ့ ။ ဒေသခံ ရွာသား ၈ ဦးသေဆုံးပြီး PDF ရဲဘော် ၁၃ ဦးကျပါတယ်။ အဲဒီ ရင်ပေါင်တိုင်စစ်ပွဲက ဩဂုတ်လ ၁၃ ရက်နေ့။ အဲဒီနေ့ကနေတောက်လျှောက် မနေ့က အထိကို တိုက်ပွဲဖြစ်တုန်းပဲဗျ။ နေ့တိုင်းဖြစ်တာ ပွဲက”

ယင်းမာပင်မြို့နယ်ကနေ အခု ချင်းတွင်းမြစ်အနီးကို ရောက်ရှိသွားပြီဖြစ်တဲ့ အဲဒီ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းဟာ သူတို့ PDF အဖွဲ့ ၂ဝ ခန့်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် နှစ်ပတ်အတွင်း အထိနာခဲ့တယ်။ မူလစစ်ကြောင်းထိုးစဉ်က အင်အား ၂၅ဝ ရှိပေမယ့် အခု ၈ဝ ကျော်ပဲ ကျန်တော့တယ်လို့လည်း သူက ပြောပါတယ်။

“ယင်းမာပင်မြို့နယ်ကနေ ပုလဲမြို့နယ်၊ ကနီမြို့နယ်ကနေပြီး အခုချင်းတွင်းမြစ်ကမ်းနံဘေးကိုရောက်သွားပြီ သူတို့။ တောတောင်တွေ လျှိုတွေမြောင်းတွေထဲကနေ ကနီဘက်ကို သူတို့ဖြတ်တက်တဲ့ အချိန်မှာ တော်တော်ထိတယ်။ KIA ပူးပေါင်းအဖွဲ့တွေကလည်း လက်နက်ကြီးတွေနဲ့ ကူပြီးတိုက်ပေးတယ်။ ကျနော်တို့ဘက်က PDF ရဲဘော် အယောက် ၃၀ လောက်ကျတယ်ဗျ။ ရန်သူ့ဘက်ကလည်း ပုလဲမြို့နယ်က စထွက်လာတော့ အင်အား ၂၅၀ ကျော်ရှိပေမယ့် အခုကနီမြို့နယ်ထဲကို ရောက်တော့ ၈၂ ယောက် ကျန်တော့တာကိုပဲ တွေ့ရတော့တယ်။ ၁၇၀ လောက် ရန်သူ့ဘက် ကျတယ်။ ကျနော်တို့ ကျည်ဆန်မရှိတော့တဲ့အတွက် ဆက်တိုက်ဖို့ ခက်ခဲသွားတဲ့အတွက်ကြောင့် နောက်တန်းပြန်ဆုတ်လာရတဲ့ သဘောပါ။ စစ်ဗျုဟာ ကောင်းကောင်းမခင်းနိုင်ဘူး၊ ကျနော်တို့မှာ လက်နက်မပြည့်စုံဘူး။ စစ်ဗျူဟာ ကောင်းကောင်းနဲ့တိုက်မယ်ဟေ့ဆိုရင် စစ်ကိုင်းတိုင်းက ရဲဘော်တွေရဲ့ အင်အားက တစ်နိုင်ငံလုံးတောင် တက်သိမ်းနိုင်တဲ့ အင်အား ကျနော်တို့မှာရှိပါတယ်။ အဓိကက ကျနော်တို့မှာ သေနတ်အစစ်တစ်လက်ရှိရင် လက်လုပ် က ၁၀ လက်က ရံပြီး လိုက်တိုက်နေရတယ် ရန်သူကို။ အဲ့အတွက်ကြောင့် ကျနော်တို့ ရွာတွေ မီးရှို့ခံရတယ်။ စစ်ကိုင်းတိုင်းကို အာရုံစိုက်ပြီးကူညီပေးစေချင်တယ်”

အခုလို တပ်မ ၃၃ စစ်ကြောင်းက စစ်သား ၁၇ဝ ခန့်ကျဆုံးတယ်ဆိုတဲ့ PDF ခေါင်းဆောင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။ လက်ရှိမှာ စစ်ကောင်စီဟာ သူတို့တပ်ဖွဲ့ဝင်တွေ အကျအဆုံးများနေပေမယ့် လေကြောင်းအကူအညီကို သုံးပြီး စစ်ကိုင်းတိုင်းရှိ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို အပြင်းအထန်ဆက်လက်တိုက်ခိုက်နေပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းက တော်လှန်အင်အားစုတွေရဲ့ တိုက်ခိုက်စွမ်းအားကို လျှော့တွက်ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ စစ်ကိုင်းတိုင်းကိုကြည့်ရင် PDF အားကောင်းတဲ့ဒေသ ခုခံတွန်းလှန်မှုလည်း ပြင်းထန် ဒေသဆိုတာ တွေ့ရပါလိမ့်မယ်။ ပထဝီဝင်အရ လွင်ပြင်များတဲ့အတွက် PDF ကိုသူတို့ လွယ်လွယ်ချေမှုန်းနိုင်ခဲ့မယ်လို့ စစ်ကောင်စီ တွက်ခဲ့ပုံပဲ။ ဒါပေမဲ့ ပြည်သူ့ ပြောက်ကျားစစ်မှာ စစ်ကောင်စီ စစ်ကြောင်းတွေပဲ တစ်ခုပြီးတစ်ခု ချေမှုန်းခံခဲ့ရတယ်။ ဗိုလ်သန်းလှိုင်တို့ ဗိုလ်ဖြိုးသန့်တို့ ဖယ်ရှားခံရတာကိုကြည့်ရင် သူတို့စစ်ဆင်ရေး အရေးနိမ့်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ PDF ကို တိုက်မရလို့ ကြံရာမရဖြစ်ပြီး ပြည်သူကို ပစ်မှတ်ထားတိုက်လာတဲ့ သဘောပါပဲ”

ဝန်ကြီးဦးရည်မွန် က တော်လှန်ရေးအင်အားစုတွေကို လက်နက်တိုးချဲ့တပ်ဆင်ရေးအတွက် သူတို့ အစဉ်တစိုက် ကြိုးစားနေပေမယ့် ရန်ပုံငွေလိုအပ်ချက်က များပြားနေဆဲဖြစ်တယ်။ နိုင်ငံတကာရဲ့ အကူအညီတွေရဖို့ ဆက်သွယ်ပြောဆိုနေတာတွေ ရှိပါတယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။