တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်က လယ်သမားတွေ လယ်မထွန်နိုင်ကြသေး


2019.06.29
mrauku-field-622.jpg စစ်ပွဲတွေကြောင့် မထွန်ယက်နိုင်သေးတဲ့ မြောက်ဦးမြို့နယ်က လယ်ကွင်းပြင်တွေကို ၂၀၁၉၊ ဇွန် ၂၅ ရက်နေ့က မြင်တွေ့ရစဉ်
Photo: Min Thein Aung/ RFA
မြောက်ဦးမြို့နယ်ဟာ ရခိုင်ပြည်နယ်အတွင်း စပါးအများဆုံးထွက်ရှိတဲ့ မြို့နယ်တွေထဲက တစ်ခု အပါ အဝင်ဖြစ်ပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေက နေ့စဉ်လိုလိုရှိနေတာကြောင့် တောင်သူတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို လုံခြုံစိတ်ချစွာနဲ့ ထွန်ယက်နိုင်ခြင်းမရှိကြတော့ပါဘူး။

ပုံမှန်ဆိုရင် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး မေလနောက်ဆုံးပတ်လောက်ကနေစလို့ လယ်ယာ လုပ်ငန်းတွေ စတင်ကြရတာဖြစ်ပေမယ့် အခုဆိုရင် ပုံမှန်ထက် အချိန်တစ်လလောက်ကြာလာတဲ့အထိ ထွန်တုံးမချနိုင်ဖြစ်နေကြရတာပါ။

မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးစိုးနိုင်ကတော့ တစ်မြို့နယ်လုံးမှာရှိတဲ့ လယ်ဧက တစ်သိန်းနှစ်သောင်းကျော်ထဲက လေးသောင်းကျော်လောက်ဟာ ဒီနေ့အထိ မထွန်ယက်နိုင်ဖြစ်နေတယ်လို့ ပြောပါတယ်။
မလုံခြုံလို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ထွန်ယက်ဖို့မဖြစ်နိုင်တဲ့အခြေအနေတွေ ရှိပါတယ်

"လက်ရှိကတော့ ကျွန်တော်တို့ ပုံမှန်ထွန်ယက်တဲ့ လယ် ကတော့ တစ်သိန်းနှစ်သောင်းလောက်ရှိတယ်။ တစ်မြို့နယ်လုံး အတိုင်းအတာပေါ့။ အခု စစ်ပွဲကြောင့် မထွန်နိုင်တဲ့နေရာကတော့ ဒီဘက်က ကျောက်ကျပ်ကနေ ဟိုဘက်ကျောင်းတောင်အဆုံးဆိုရင် အကုန် လေးသောင်း လောက်ရှိတယ်။ အုပ်စုနဲ့ဆိုရင် ဆယ့်နှစ်အုပ်စု ရှိတာပေါ့။ လက်နက်ကြီးကျည်ကျတာတို့၊ ထွန်နေရင်းနဲ့ သေနတ်နဲ့လှမ်းပစ်ခံရတာတွေဟာ တချို့နေရာမှာ ရှိနေတယ်။ အဲဒါကြောင့် သူတို့က အကြောက်တရား ကြီးပြီးတော့ မလုံခြုံလို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ထွန်ယက်ဖို့မဖြစ်နိုင်တဲ့အခြေအနေတွေ ရှိပါတယ်"

တိမ်ညိုကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ အောက်သားကန်၊ လက္ကာ၊ ဘူးရွက်မညှိုးအစရှိတဲ့ ကျေးရွာပေါင်း ၁၃ ရွာက လူပေါင်း ၂၆၀၀ ကျော်ခိုလှုံနေတာပါ။

တိမ်ညိုတိုက်နယ်အတွင်းမှာ လယ်မထွန်နိုင်သေးတဲ့ ဧကပေါင်း တစ်သောင်းကျော်ရှိတယ်လို့ တိမ်ညို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။

"ကျွန်တော်တို့ဒီစခန်းမှာ ခိုလှုံနေတာပေါ့လေ ကျေးရွာကတော့ ၁၃ ရွာရှိတယ်။ သူတို့က လယ်သွားထွန်မယ် ဆိုတာလည်း သူတို့အတွက် သိပ်အဆင်မပြေဘူး။ လုံခြုံမှုလည်း မရှိဘူးပေါ့လေ။ ဧကက ကျွန်တော်တို့ တစ်သောင်းခွဲဝန်းကျင်လောက်ရှိမှာ တိမ်ညိုရွာဘက်မှာ။ လုံးဝကို ထွန်လို့မရတာလေ။ သူတို့ သွားပြီးတော့လည်း မထွန်ရဲဘူးပေါ့လေ။ အဲဒီတော့ လယ်ဧက တစ်သောင်းခွဲလောက်ကို မထွန်ရဲဘဲ ဒီအတိုင်းလွှင့်ပစ်ထားရတာ။ သူတို့က မျက်မြင်ကိုယ်တွေ့ကြုံတွေ့ထားရတဲ့လူတွေလေ။ ရွာထဲကိုဝင်ပြီး ပစ်တာခတ်တာတို့နဲ့ ကြုံထားရတဲ့လူတွေပေါ့။ ဒါတွေက သူတို့ကို တော်တော်လေးကို အကြောက်တရား စိုးမိုးစေတယ်။ ဒီအချိန်အထိကို ဒီအဖြစ်အပျက်တွေက သူတို့အတွက် မေ့လို့မရကြသေးဘူး"

အချို့ကျေးရွာသားတွေက ထွန်ယက်ကြတာရှိပေမယ့် တိမ်ညိုကျေးရွာအနီးတစ်ဝိုက်မှာ အများစုက မထွန်ယက်နိုင်ကြတာဖြစ်ပါတယ်။

ထွန်ယက်ကြတဲ့လူတွေအနေနဲ့လည်း တပ်မတော်စစ်ကြောင်း လာ၊ မလာကို တစ်ချိန်တည်းမှာ လူ နှစ်ယောက်လောက်နဲ့ စောင့်ကြည့်ပြီးမှ ထွန်ယက်နိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇံအောင်က ပြောပါတယ်။
လယ်ထွန်တဲ့အချိန်မှာ ကင်းတွေထားပြီးတော့ ထွန်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကိုကြောက်ရတယ်

"ကျွန်တော်တို့ကတော့ လယ်ထွန်တဲ့အချိန်မှာ ကင်းတွေ ထားပြီးတော့ ထွန်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကို ကြောက်ရတယ်။ ကင်းကို ဟိုဘက်တစ်ယောက် ဒီဘက် တစ်ယောက်စောင့်ပြီးတော့ လယ်ထွန်တဲ့အချိန်မှာ နေရတယ်။ စစ်ကြောင်းလာတယ်၊ ထိုးစစ်ဆင်လာတယ်ဆိုရင် ဟိုက တစ်ယောက် ဒီကတစ်ယောက် ဖမ်းဆီးတာတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ကြောက်ရတယ်"

ဒီကိစ္စတွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
"ကျွန်တော်တို့ ရိုးရိုးသားသား အေးအေးဆေးဆေး လုပ်ကိုင် စားသောက်နေတဲ့ ပြည်သူလူထုအတွက် တပ်မတော်က အနှောင့်အယှက်မဖြစ်စေရပါဘူး။ အနှောင့်အယှက်ဖြစ်စရာလည်း အကြောင်းမရှိပါဘူး။ ဒီဟာတွေက ယခင်တည်းကအတိုင်းပဲ ကျွန်တော်တို့ ခဏခဏပြောနေတာ။ ၂၀၁၅ မတိုင်ခင်တုန်းက ရခိုင်ပြည်နယ်မှာ ဒီအတိုင်း အေးအေးဆေးဆေး ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး တာ မရှိပါဘူး။ ကျွန်တော်တို့က အရပ်သားတွေနဲ့ ပတ်သက်လာလို့ ရှိရင် အရပ်သားဆိုပေမယ့် မသင်္ကာဖွယ် ဖမ်းဆီးရလို့ရှိရင် ချက်ချင်းသတင်းထုတ်ပြန်တယ်။ ဘာ့ကြောင့်ဘာဖြစ်တယ် ဘယ်လိုလုပ်ထားတယ်ဆိုတာကို ပြောလေ့ပြောထရှိပါတယ်"

ရခိုင်ပြည်နယ်ဟာ လယ်ယာစိုက်ပျိုးရေးအတွက် မိုးရာသီတစ်ခုတည်းကိုသာ အားထားနေရတာကြောင့် အခုလို မိုးရာသီမှာ ဒေသခံတွေ လယ်မထွန်နိုင်ဖြစ်ပြီး ဒုက္ခရောက်မှာကို တပ်မတော်အနေနဲ့လည်း စိုးရိမ်မိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေအကြားမှာတော့ တပ်မတော်ဟာ အရပ်သားတွေကို AA အဖွဲ့ဝင်တွေလို့ စွပ်စွဲ ဖမ်းဆီးတာ၊ လယ်ထွန်တဲ့တချို့ဒေသခံတွေ အခန့်မသင့်ရင် ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်က လယ်ယာမြေဧကပေါင်း တစ်သိန်းခန့်ဟာ အချိန်မီ ထွန်ယက် စိုက်ပျိုးလို့မရနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြီးခဲ့တဲ့လက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တောင်သူတွေ အချိန်မီစိုက်ပျိုးနိုင်ရေး အကူအညီပေးဖို့ တိုက်တွန်းတဲ့စာတစ်စောင်ကိုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက မေလ ၁၆ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့ခဲ့သလို ဇွန်လ ဒုတိယပတ်အတွင်းကလည်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့အချျိန်အထိ ဘယ်သူမှအရေးတယူလုပ်တာ မတွေ့ရသလို တောင်သူတွေအဖို့ တစ်စုံတရာ ထူးခြားလာတာလည်း မရှိဘူးလို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က စတင်ပြင်းထန်လာနေခဲ့တဲ့တိုက်ပွဲတွေဟာ အခုဆိုရင် အချိန် ခြောက်လကျော်ကြမြင့်လာခဲ့ပြီဖြစ်သလို စစ်ဘေးဒုက္ခသည်တွေဟာလည်း ၄၀၀၀၀ ကျော် အထိ ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အချို့က ပြောပါတယ်ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။