တပ်မတော်ထုတ် စစ်လက်နက်တွေ ပြည်ပဈေးကွက်ရှာ
2019.11.18

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနဲ့ တဆက်တည်း ကျင်းပတဲ့ Defense and Security 2019 လက်နက်ပြပွဲမှာ တပ်မတော်ထုတ်၊ စစ်လက်နက်တွေကို မြန်မာ့တပ်မတော်က ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသတာက ကပစ လက်နက်တွေကို နိုင်ငံတကာဈေးကွက်ရှာလိုတဲ့သဘောဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ၁၈ ကနေ ၂၁ ရက်နေ့အထိ ၄ ရက်တာ ကျင်းပတဲ့ပွဲမှာ တပ်မတော်က မော်တာ စိန်ပြောင်းတွေ၊ စက်သေနတ်တွေ၊ အာပီဂျီနဲ့ MA ချေမှုန်းရေးရိုင်ဖယ်နဲ့ စနိုက်ဘာသေနတ်တွေကို ခင်းကျင်းပြသထားပါတယ်။
တပ်မတော်က ခင်းကျင်းပြသတဲ့အထဲ လူစိတ်ဝင်စားမှုများတာက MAS စနိုက်ဘာသေနတ် ပါဝင်နေပါတယ်။ တပ်မတော်သားဟောင်း၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးနိုင်ဆွေဦးက MAS စနိုက်ဘာ သေနတ်တွေဟာ လက်ရှိတပ်မတော်သားတွေ သုံးနေတဲ့ သေနတ်နဲ့ပုံစံကွဲနေတာမို့ နိုင်ငံတကာဈေးကွက်ထဲသို့ တင်ပို့မယ့်ရည်ရွယ်ချက်များရှိနေသလားလို့တောင် ထင်မိတယ်လို့ပြောပါတယ်။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဦးနိုင်ဆွေဦးက “ကျွန်တော်ထင်တာကတော့ နည်းနည်းတော့ ပုံစံကွဲနေတဲ့ အနေအထားမျိုးရှိတယ်။ အင်တာနေရှင်နယ်ဈေးကွက်အတွက်ပဲ ရည်ရွယ်ပြီး ထုတ်တာလားမသိဘူး။ ပုံစံကတော့ကွဲနေတဲ့အတွက် အင်တာနေရှင်နယ်ဈေးကွက်ကို ဦးတည်ပြီးတော့မှ ရည်ရွယ်ပုံရတယ်။ တော်တော်များများသွားကြည့်တဲ့ ဒီဘက်ကအဖွဲ့တွေကတော့ စိတ်ဝင်စားမှုများတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံက ပထမဆုံး စပြတာလည်း ဖြစ်တယ်။ လက်နက်တွေကလည်း တော်တော်လေးကို ခေတ်မှီတဲ့အနေအထားမျိုးမှာ မြင်ရတဲ့အခါကျတော့ လက်နက် လေ့လာနေတဲ့ကိုယ်တွေက ဒီပုံစံကိုမြင်ရတဲ့အခါ တော်တော်အံ့သြပါတယ်။”
တပ်မတော်မှာ MA ချေမှုန်းရေးသေနတ်ကို မျိုးဆက်အလိုက် MA-1, 2, 3, 4 လေးဆက်မြောက်ထုတ်ပြီးမှ MAS စနိုက်ဘာတွေကို ထုတ်လုပ်တာဖြစ်တယ်လို့ တပ်မတော်သားဟောင်း ဦးနိုင်ဆွေဦးက ပြောပါတယ်။ MAS စနိုက်ဘာဟာ ရုရှားစနိုက်ဘာသေနတ်ကို အခြေခံတာထက်၊ ကိုယ်ပိုင်နည်းစနစ်နဲ့ AK ချေမှုန်းရေးရိုင်ဖယ်ထဲက တချို့အစိတ်အပိုင်းကို အခြေခံပြီး ထုတ်လုပ်တာဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဈေးကွက်မှာ ခေတ်စားတဲ့ ပစ်မှတ်တိကျမှုနဲ့လျှင်မြန်မှုအပိုင်းအတွက် အထောက်အကူပြုတဲ့ Bolt Action စနစ်မျိုးတွေတော့ မပါရှိသေးဘူးလို့ သူကပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးကလည်း တပ်မတော်ဟာ လက်နက်စက်ရုံတွေ နိုင်ငံအနှံ့ တည်ဆောက်ထားပြီးဖြစ်ကြောင်းနဲ့ အခုလို နိုင်ငံတကာပြပွဲမှာ ခင်းကျင်းပြသတာဟာ ဈေးကွက်ရှာလိုတဲ့သဘောဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
“စစ်လက်နက်ပစ္စည်းစက်ရုံ တော်တော်များများ မြန်မာပြည်မှာ ဆောက်ထားတာ အတော်ကြာပြီကိုး။ အဲဒီတော့ တော်တော်များများ ထုတ်လုပ်နိုင်ပြီဆိုတဲ့အခါကျတော့ သူတို့ဈေးကွက်ရှာပြီနဲ့ တူပါတယ်။”
တပ်မတော်ဟာ လက်ရှိအချိန်မှာ လက်နက်ကြီးတွေဖြစ်တဲ့ ဟောင်ဝှစ်ဇာအမြောက်သီး ၁၀၅ မမနဲ့ ၁၂၀ မမ မော်တာသီးတွေ ကိုယ်ပိုင်ထုတ်လုပ်နိုင်ပြီလို့ သတင်းထွက်ပေါ်နေတာရှိကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။
တပ်မတော်ထုတ်လက်နက်ငယ်တွေ နိုင်ငံတကာဈေးကွက်ကို ကနဦးဝင်ရောက်မယ်ဆိုရင် ဈေးသက်သာတဲ့နှုန်းထားနဲ့ ရောင်းချရနိုင်ကြောင်း သုံးသပ်ကြပါတယ်။
“ အဲဒါကတော့ ဈေးကွက်နဲ့ သက်သာမှုနဲ့ ထုတ်လုပ်မှုနဲ့ယှဉ်ရင် တချို့နိုင်ငံတွေက ဝယ်နိုင်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဗမာပြည်လို နိုင်ငံတကာ ပိတ်ဆို့မှုခံထားရတဲ့နိုင်ငံဆီက ဝယ်မယ့်နိုင်ငံနည်းလိမ့်မယ်လို့ထင်ပါတယ်။” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
တပ်မတော်စစ်လက်နက်တွေ နိုင်ငံတကာဈေးကွက် ဝင်တိုးမယ်ဆိုရင်တောင် ၂၀၁၇ ရိုဟင်ဂျာ ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ထင်ကျန်ခဲ့တဲ့နိုင်ငံရေးပုံရိပ်ဟာ အဲဒီမှာ သက်ရောက်မှုရှိလိမ့်မယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပြသွားတာပါ။
ဒေသတွင်း အာဆီယံနိုင်ငံတချို့လည်း စီးပွားဖြစ်လက်နက်ထုတ်လုပ်ပြီး ရောင်းချတဲ့နိုင်ငံတွေရှိပါတယ်။ အဓိကအားဖြင့် ပြပွဲတွေမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံတို့ဖြစ်ကြောင်း ဦးနိုင်ဆွေဦးက ပြောပါတယ်။ ထိုင်း၊ ဗီယက်နက်တို့လိုနိုင်ငံတွေကလည်း လက်နက်ထုတ်နိုင်ပေမယ့် နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချတာမျိုး မတွေ့ရသေးကြောင်းသူက ဆိုပါတယ်။
ဘန်ကောက်ပြပွဲမှာ မော်တာစိန်ပြောင်း၊ အာပီဂျီကလွဲပြီး လက်နက်ကြီးတွေဖြစ်တဲ့ ပြည်တွင်းထုတ်တဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးစနစ်တွေ၊ ဝေဟင်ပစ် ပုခုံးထမ်းဒုံးတွေစတဲ့ခေတ်မီလက်နက်တွေ ခင်းကျင်းပြသတာမျိုးတော့ မတွေ့ရပါဘူး။ တချို့ နိုင်ငံတွေကတော့ တင့်ကားတွေ၊ ပုခုံးထမ်းဒုံးတွေ၊ ဟယ်လီကော်ပတာနဲ့ မြေပြင်ဝေဟင်ပစ်လက်နက်ကြီးနဲ့ စစ်သင်္ဘော တချို့ကိုပါ ပုံစံငယ်နမူနာလေးတွေ ခင်းကျင်းပြသထားတာတွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဒီညနေထိ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အဲဒီပွဲကို တက်ရောက်နေပြီးတော့၊ မနေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ မာစွန် Marsun Public Company သင်္ဘောကျင်းကို သွားရောက်လေ့လာခဲ့တာကို ဒီကနေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတက်ရောက်လျှက်ရှိပါတယ်။ ပြပွဲကို ထိုင်းတပ်မတော်က ဦးစီးကျင်းပတာဖြစ်ပြီးတော့ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံအပြင်၊ ကမ္ဘာ့အင်အားကြီး ထပ်သီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့လည်းပါဝင်ပါတယ်။