ငွေကြေးဆိုင်ရာအရှုပ်အရှင်းတွေအတွက် တည်ဆဲဥပဒေတွေကို အားကိုးလို့ မရတော့ဘူးလား


2018.11.14
thug-622.jpg အလုံမြို့နယ် ခြံအမှတ်၅၁(ခ)ကို ဝင်ရောက်စီးနင်းခဲ့တဲ့ လူမိုက်တွေကို ဖမ်းဆီးရမိစဉ်
Photo: Yangon Police

မြန်မာနိုင်ငံမှာ ငွေရေးကြေရေးကိစ္စအရှုပ်အရှင်းတွေကြောင့် ကြေးစားလူမိုက်ဆိုသူတွေကို ငှားရမ်းပြီး လူသတ်တာ၊ ခြိမ်းခြောက်တာ၊ ရိုက်နှက်တာနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏဖြစ်ပေါ်နေပါတယ်၊

တည်ဆဲဥပဒေတွေနဲ့အညီ ဖြေရှင်းလို့ မရနိုင်တဲ့အခြေအနေ ရှိနေပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေ ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

ငွေကြေးဆိုင်ရာအရှုပ်အရှင်းတွေအတွက် တည်ဆဲဥပဒေတွေကို အားကိုးလို့ မရတော့ဘူးလား

(သန့်ဇင်ဦး)

■  ငွေကြေးကိစ္စ ပြဿနာတွေဖြစ်လာတဲ့အခါမှာ တရားဥပဒေအတိုင်း အမှုဖွင့်ဆောင်ရွက်တာ မလုပ်ကြတော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာရှိသလို လူမိုက်ဆိုသူတွေငှားရမ်းပြီး အကြွေးတောင်းခိုင်းတာတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မနေ့ညဦးပိုင်းက ရန်ကုန်တိုင်း အလုံမြို့နယ် ရဲစခန်းနဲ့မဝေးတဲ့ အလုံမြို့နယ် ဗဟိုလမ်းမပေါ်၊ ဗဟိုအမျိုးသမီး ဆေးရုံရှေ့ မျက်နှာချင်းဆိုင်က ခြံအမှတ် ၅၁ (ခ)ကို မျက်နှာဖုံးစွပ်ထားတဲ့လူ ၁၀ ယောက်လောက်က ဝင်ရောက်အနုကြမ်းစီးကာ အိမ်မှာနေထိုင်သူတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူဟာ အဆိုပါခြံဝန်းထဲက မန်နေဂျာတစ်ဦးဖြစ်ပြီး အနုကြမ်းစီးသူတွေဟာ တစ်ယောက် ကို ၅ သိန်းကျပ်နဲ့ အကြွေးလာတောင်းဖို့ ငှားရမ်းလို့ လာရောက်တဲ့သူတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲ့တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလုံမြို့နယ်ရဲ့စခန်းကို မေးမြန်းတဲ့အခါ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး ၁၉၉ ကိုပဲမေးမြန်းဖို့ ဖြေကြားခဲ့လို့ ၁၉၉ ကို ဖုန်းခေါ်ဆိုမေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒါကိုကြည့်မယ်ဆိုရင် အကြွေးကိစ္စနဲ့ ငွေကြေးလိမ်လည်မှုကိစ္စတွေမှာ သက်ဆိုင်ရာဥပဒေတွေက အားနည်းချက်တွေ ရှိနေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

စီးပွားရေးဆိုင်ရာရှေ့နေ ဦးမင်းတေဇညွန့်တင် က လက်ရှိတရားဥပဒေတွေဟာ အခုထက် ပိုမိုရှင်းလင်းပြီး အမှုကိစ္စတွေမှာလည်း ဒီထက်မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အခုလိုနည်းနဲ့ ဖြေရှင်းတဲ့ အဖြစ်မျိုးတွေ နည်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"စီးပွားရေးအရောင်းအဝယ်လုပ်တဲ့နေရာမှာရော ငွေရေးကြေးရေးအရ နစ်နာမှုတွေပြန်ပြီးတော့ တောင်းခံတဲ့ အခါမှာလည်း တရားဥပဒေတွေကလည်း အခုထက်ပိုပြီးတော့ ပိုမြန်မယ်ဆိုရင်တော့ ဒါမျိုးတွေ လျော့ပါးသွား မှာပေါ့၊ စာချုပ်စာတမ်းတွေနဲ့ တိတိကျကျလုပ်ထားတယ်၊ ဥပဒေနဲ့ညီညွတ်တဲ့ အကြောင်းခြင်းအရာရှိတဲ့ ဘယ်ကိစ္စမျိုးမဆိုဆိုရင်တော့ သိပ်တော့ပြဿနာမရှိဘူးပေါ့ဗျာ၊ ဒီငွေရေးကြေးရေး အငြင်းပွားစရာကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေရှိနေလဲဆိုတာ ဘယ်သူမှမမြင်နိုင်ဘူးပေါ့၊ အဲလိုအကြောင်းခြင်းအရာတွေကလည်း ထည့်စဉ်းစားရမယ်၊ တစ်ခုတည်းတော့ စဉ်းစားလို့မရဘူး၊ နောက်တချို့ကိစ္စတွေကျပြန်တော့လည်း ဥပဒေရဲ့ပြင် ပပေါ့၊ ဥပဒေရဲ့အရိပ်အာဝါသအောက်ကနေ အကာအကွယ်ပေးလို့မရတဲ့ စီးပွားရေးမျိုးတွေဖြစ်လို့သာလျှင် ဒါမျိုးတွေဖြစ်လာတာ ကျနော်ကတော့ အဲလိုပဲမြင်တယ်ဗျ။"

အဲဒီလိုလူမိုက်ငှားရမ်းပြီး ရာဇဝတ်မှုကျုးလွန်စေတာမျိုးဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကစိန်ခေါ်နေသလို  ပြည်သူလူထုဘ၀ တည်ငြိမ်အေးချမ်းရေးကိုလည်း ခြိမ်းခြောက်ရာရောက်တယ်လို့လည်း ပြောကြပါတယ်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာမှာလည်း လူမိုက်ဝါးကြီး ဆိုသူနဲ့ သေနတ်အပါအဝင် လက်နက်တွေကိုင်ဆောင်ထားတဲ့ လူ ၄ ယောက်လောက်ဟာ အကြွေးကိစ္စနဲ့စကားများရင်း ပစ်ခတ်ရာက တစ်ယောက် သေဆုံးသွားသလို တစ်ဦးကို ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရပါတယ်။

ငွေကြေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာ ဥပဒေအတိုင်း မဖြေရှင်းကြတော့ဘဲ လူမိုက်ဆိုသူတွေငှားရမ်းပြီး ဖြေရှင်းနေကြတာဟာ ဘာကြောင့်ပါလဲ။

ငွေကြေးဆုံးရှုံးဖူးတဲ့ ဒေါ်မာမာထွန်းက တရားဥပဒေအတိုင်းသွားမယ်ဆိုရင် ကိုယ်ရမယ့်ပိုက်ဆံအပြင် ကုန်ကျစရိတ်ထပ်များပြီး ထိထိရောက်ရောက်ဖြေရှင်းပေးတာလည်း သိပ်မရှိတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

"တကယ်တော့ အားကိုမကိုးကြတော့တာာ လူတွေကလေ၊ တရားဥပဒေနဲ့ သွားရတော့မယ်ဆိုလို့ရှိရင် ကြောက်ကိုနေတာ ဘာလို့ဆိုရင် ငွေရဖို့ဆိုတာထက် ကိုယ်ကငွေထပ်ကုန်ဖို့ဟာပဲ ပိုများနေတာလေ၊ အဲတာမျိုးတွေဖြစ်နေတော့ လူတွေက တရားဥပဒေကို အားမကိုးတော့ဘူး၊ ထိထိရောက်ရောက်လည်း အရေးယူပေးတာမျိုးတွေလည်း သိပ်မရှိတော့လေ၊ အဲတာကြောင့်မို့ ဒီလိုကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လိုက်ပြီးတော့ ဖြေရှင်းနေတယ်လို့ ထင်ပါတယ်။"

ငွေရေးကြေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လိမ်လည်မှုတွေ ပြဿနာတွေဖြစ်ပေါ်လာတဲ့အခါ တိုင်ကြားမယ်ဆိုရင် ဥပဒေတွေအရ ငွေကြေးအလွဲသုံးစားလုပ်မှု၊ ငွေကြေးလိမ်လည်မှု စတဲ့ ပုဒ်မတွေရှိပေမယ့် တိုင်ကြားခံရသူဟာ အာမခံနဲ့ ဖြေရှင်းလို့ရတဲ့အတွက် လိမ်လည်သူတွေဟာ ဥပဒေကို မကြောက်ကြတော့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ဥပဒေပြုအမတ်တွေအနေနဲ့ ထိရောက်မှုမရှိတဲ့ ဥပဒေတွေကိုပြင်ဖို့ အဆိုတွေ တင်သွင်းတာ တိုက်တွန်းတာတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက တိုက်တွန်းပြောဆိုနေကြပါတယ်။

ဒီအပေါ်မှာ အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း က အခုလိုပြောပါတယ်။

"ကျမတို့လွှတ်တော်ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တော်တော် များများက အမြဲတမ်းမေးခွန်းမေးတယ်၊ အုပ်ချုပ်ရေးပိုင်းကို တိုက်တွန်းတယ်ပေါ့၊ ကျမတို့အနေနဲ့ကြတော့ ဥပဒေပြုရေးပဲ ဆောင်ရွက်တာဖြစ်လို့ သူတို့အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်တာတော့မရှိဘူး၊ အကြံပြု တာတွေပေါ့နော် သတိပေးတာတွေတော့ရှိပါတယ်၊ ဘာကြောင့်လို့ထင်လည်းဆိုတော့ သူတို့အားကိုးစရာမရှိလို့ ကျမမြင်ပါတယ်၊ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေးပိုင်းကိုသူတို့ အားကိုးပြီးတော့မှဖြေရှင်းလို့ သူတို့အတွက် သိပ်အဆင်မပြေတဲ့အခါကျတော့ သူတို့လူမှုရေးပိုင်းနဲ့ပေ့ါနော် ဒီလိုမျိုး လူမိုက်ငှားပြီး ဖြေရှင်းနေတယ်လို့ ကျမမြင်ပါတယ်၊ ဒီလိုပြဿနာတွေဖြစ်နေပြီဆိုလို့ရှိရင်တော့ ဒီတခါလွှတ်တော်ဖွင့်ရင်တော့ လွှတ်တော် ကိုယ်စားလှယ်တော်တေ်ာများများက ဒီကိစ္စကိုဆွေးနွေးလိမ့်မယ်လို့ ကျမမြင်တယ်။"

ငွေရေးကြေးရေးကိစ္စတွေမှာ ကိုယ်ရမယ့်ပိုက်ဆံကို ပြန်တောင်းတဲ့အခါ တရားဥပဒေကို အားမကိုးကြတော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလာတာဟာ နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုကင်းမဲ့ လာတာကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။